နိုင်ငံစီးပွားရေးကြောင့် ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ ရှုံးလိမ့်မည်ဟု Oxford Economics ၏ ရွေးကောက်ပွဲ စံပုံစံသစ် အစီရင်ခံစာတွင် ခန့်မှန်း

နိုင်ငံစီးပွားရေးကြောင့် ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ ရှုံးလိမ့်မည်ဟု Oxford Economics ၏ ရွေးကောက်ပွဲ စံပုံစံသစ် အစီရင်ခံစာတွင် ခန့်မှန်း

မေ ၂၁

အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် သမ္မတဒေါ်နယ်ထရမ့်၏ အကြီးကျယ်ဆုံး နိုင်ငံရေး ဂုဏ်အင်္ဂါရပ်တစ်ခု အဖြစ်ရှိခဲ့ရာကနေ ယခုအခါ ယင်းသည် ၎င်း၏ အကြီးမားဆုံး အားနည်းချက်တစ်ခုအဖြစ် ရောက်ရှိသွားပြီဟု ယူဆရမည်ဖြစ်သည်။

ယင်းနိုင်ငံတွင် အလုပ်လက်မဲ့မှုနှုန်းသည် မကြုံစဖူးသည့် နှုန်းထားတစ်ရပ်ဖြင့် မြင့်တက်နေသည်။ စားသုံးသူ ငွေသုံးစွဲမှုသည်လည်း ပျောက်ကွယ်လာနေသည်။ ဂျီဒီပီ သည်လည်း ပြိုလဲကျနေသည်။ သမိုင်းကြောင်းအရ ထိုကဲ့သို့သော အလွန်ဆိုးရွားလှသည့် စီးပွားရေး ဦးတည်ရာ အလားအလာများက နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းနေသည့် အမေရိကန်သမ္မတများအတွက် ကြမ္မာဆိုးများအဖြစ် ပုံဖော်ခဲ့ကြသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုဖြစ်ပေါ်ခြင်းက သမ္မတ ထရမ့်ကို လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် “သမိုင်းဝင် အရေးနိမ့်မှု” နှင့် ရင်ဆိုင်ရစေရန် အကြောင်းဖန်စေလိမ့်မည်ဖြစ်ကြောင်း Oxford Economics က မေလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသားရွေးကောက်ပွဲ စံပုံစံ ခန့်မှန်းချက်အစီရင်ခံစာတစ်ရပ်တွင် ခန့်မှန်းထားသည်။

ရွေးကောက်ပွဲရလဒ်များကို ခန့်မှန်းတွက်ဆရန် အလုပ်လက်မဲ့ဖြစ်မှု၊ အသားတင် ဝင်ငွေနှင့် ငွေကြေးဖောင်းပွမှု တို့ကို အသုံးပြုထားသည့် အဆိုပါ စံပုံစံက လာမည့်ရွေးကောက်ပွဲ၌ ထရမ့် အနေဖြင့် popular vote (ရွေးကောက်ပွဲနေ့တွင် တနိုင်ငံလုံးမှာ ရှိသည့် မဲဆန္ဒရှင်များ ထည့်လိုက်သည့်မဲ) မဲရာခိုင်နှုန်း ၃၅ ရာခိုင်နှုန်းခန့်သာ ရရှိပြီး ရှုံးသွားလိမ့်မည်ဟု ခန့်မှန်းထားသည်။ ကပ်ရောဂါ အကျပ်အတည်းမတိုင်ခင်က အလားတူအတိုင်း ခန့်မှန်းခဲ့သည့် စံပုံစံ ခန့်မှန်းချက်တွင် ထရမ့်သည် မဲရာခိုင်နှုန်း ၅၅ ရာခိုင်နှုန်းဖြင့် အနိုင်ရလိမ့်မည်ဟု ခန့်မှန်းထားခဲ့ခြင်း ဖြစ်ရာ ယခုအခါ ယင်းရလဒ်၏ ပြောင်းပြန်ရလဒ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ယင်းသည် ရာစုနှစ်တစ်စုအတွင်း တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးအတွက် အဆိုးရွားဆုံး စွမ်းဆောင်မှု ဖြစ်လာရန် ရှိနေသည်။

“ထရမ့်ဘက် အလေးသာသွားစေမယ့် အချက်တွေ ပေါ်လာခဲ့တယ်ဆိုရင်တော့ အဲဒါက မျက်လှည့်ဆန်တဲ့ စီးပွားရေးဆိုင်ရာ အံ့သြဖွယ်ရာ အခြေအနေတစ်ခုပဲ ဖြစ်ပါလိမ့်မယ်” ဟု Oxford Economics က အစီရင်ခံစာတွင် ရေးထားသည်။ စီးပွားရေးသည် ထရမ့်အတွက်တော့ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲတွင် ဖြတ်ကျော်ရန် မလွယ်လောက်သည့် အတားအဆီးတစ်ခုဖြစ်လာလိမ့်မည်ဟု ယင်း အစီရင်ခံစာတွင် ထပ်လောင်း ရေးသားထားသည်။

ယင်း စံပုံစံသည် ၁၉၆၈ ခုနှစ် ၁၉၇၆ ခုနှစ်တို့ကလွဲ၍ ၁၉၄၈ ခုနှစ်နောက်ပိုင်း ရွေးကောက်ပွဲတိုင်းတွင် popular vote ကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။ (သို့သော် ၂၀၀၀ ပြည့်နှစ်က ဂျော့ဂျ် ဒဗလျူဘုရှ် နှင့် ၂၀၁၆ ခုနှစ်က ဒေါ်နယ်ထရမ့်တို့အပါအဝင် ကိုယ်စားလှယ်လောင်းနှစ်ဦးသည် popular vote တွင် ရှုံးခဲ့သော်လည်း သမ္မတရာထူးကို အနိုင်ရခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်)

အိုဟိုင်းယိုး၊ မစ်ဆိုရီ ပြည်နယ်များတွင်  ဒီမိုကရက်တစ်ဘက်က အသာရသွားနိုင်

အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ယခု ဆောင်းဦးရာသီတွင်လည်း ဆိုးရွားသည့် ပုံစံတွင် ဆက်ရှိနေဆဲဖြစ်ပြီး အလုပ်လက်မဲ့မှုနှုန်းသည် ၁၃ ရာခိုင်နှုန်းအထက် ရှိနေကာ နိုင်ငံသားတစ်ဦးချင်း ဝင်ငွေသည်လည်း ၆ ရာခိုင်နှုန်းနီးပါး ကျဆင်းမည်ဖြစ်ကာ ဈေးနှုန်းကျဆင်းခြင်း သို့မဟုတ် အသုံးစရိတ်လျှော့ချခြင်း စသည့် တိုတောင်းသည့် ကာလတစ်ခုတို့ ဖြစ်ပေါ်မည်ဟု အမျိုးသား ရွေးကောက်ပွဲ စံပုံစံက ယူဆသည်။

“စီးပွားရေးကတော့ မဟာ စီးပွား ပျက်ကပ်ရဲ့ အတိုင်းအတာထက် ပိုဆိုးတဲ့ အခြေအနေတစ်ရပ်မှာ ရှိနေမှာဖြစ်ပါတယ်” ဟု Oxford Economics ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ပြည်တွင်း စီးပွားရေး အလားအလာများနှင့် ဓာတ်ဆီ ဈေးနှုန်းများကို ပေါင်းစပ်ပြီး Oxford Economics က ထုတ်ပြန်သည့် သီးခြား ပြည်နယ်အခြေခံ ရွေးကောက်ပွဲ စံပုံစံအရ ထရမ့်သည် Electoral college (သမ္မတရွေးချယ်ပိုင်ခွင့်ရှိသည့် ကိုယ်စားလှယ်များ) က ထည့်လိုက်သည့်မဲရလဒ်ပိုင်းတွင် ၃၂၈-၂၁၀ အားဖြင့် ဆိုးဆိုးရွားရွား ရှုံးသွားလိမ့်မည်ဟု ခန့်မှန်းထားသည်။ ယင်း စံပုံစံ၏ ခန့်မှန်းချက်အရ အိုင်အိုဝါ၊ ဝစ်ကွန်ဆင်၊ မီချီဂန်၊ ပင်နီဆယ်လ်ဗေးနီးယား၊ အိုဟိုင်းယိုး၊ မစ်ဆိုရီ နှင့် မြောက် ကယ်ရိုလိုင်းနား ပြည်နယ်တို့သည် ဒီမိုကရက်တစ်များဘက်သို့ အလေးသာ ရောက်ရှိသွားမည်ဟု ခန့်မှန်းထားသည်။

ရွေးကောက်ပွဲကို ခန့်မှန်းရန် စောလွန်းနေသေးသလား

လက်ရှိအချိန်အထိ စီးပွားရေး အလားအလာများအပေါ် အခြေခံသည့် စံပုံစံများသည် နိုင်ငံရေးဆိုင်ရာ ကသိုဏ်းဖန်လုံးများတော့ မဟုတ်သေးပေ။ ထို့ပြင် ယင်းတို့တွင် ကပ်ရောဂါကာလများအတွင်း ရွေးကောက်ပွဲ ကြိုတင်ခန့်မှန်းထားခဲ့ဖူးသည့် မှတ်တမ်းများလည်း မရှိပေ။

“ အစဉ်အလာ စံပုံစံတွေကတော့ သာမန်အချိန်ကာလတွေမှာ အလုပ်ဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ဟာ ခုချိန်မှာ သာမန်အချိန်ကာလတစ်ခုထဲမှာ ရှိနေတာမဟုတ်ပါဘူး” ဟု AGF Investments မှ အမေရိကန်မူဝါဒရေးရာ မဟာဗျူဟာအရာရှိချုပ် Greg Valliere က ပြောသည်။

ရွေးကောက်ပွဲကျင်းပရန် ခြောက်လ လိုသေးသည်။ ပြီးခဲ့သည့် ခြောက်လတွင်လည်း ကမ္ဘာကြီးတွင် ယင်းအချိန်ကာလအတိုင်းအတာအတွင်း မည်မျှအထိ ပြောင်းလဲသွားခဲ့သည် ဆိုသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ခြောက်လအတွင်း အလုပ်လက်မဲ့မှုနှုန်း ၂၀ ရာခိုင်နှုန်း ရှိမည် သို့မဟုတ် ဂျီဒီပီ ၄၀ ရာခိုင်နှုန်း ပြိုလဲမည် ဆိုသည်ကို မည်သူကမှ ခန့်မှန်းနိုင်ခဲ့ခြင်း မရှိပေ။

အကယ်၍သာ ရွေးကောက်ပွဲကို ယနေ့မှာပင် ကျင်းပမည်ဆိုပါက ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင် အနိုင်ရကောင်း ရသွားနိုင်သည်။ သို့သော် နောက် ခြောက်လတွင် ထရမ့်အနေဖြင့် ဘိုင်ဒင်နှင့်ပတ်သက်၍ စကားစစ်ထိုးပွဲကို ပြန်လည် ဘောင်သွင်းရန် နှင့် ကပ်ရောဂါနှင့်ပတ်သက်၍ တရုတ်အပေါ် အပြစ်ဖို့ရန် အချိန်ရမည်ဖြစ်သည်။

အလောင်းအစား လုပ်ငန်းများက ထရမ့်ဘက်ကို အလေးပေးထား

အရေးကြီးသည့်အချက်က စံပုံစံများသည် ကပ်ရောဂါကာလအတွင်း ဖြစ်နိုင်ဖွယ် အပြောင်းအလဲများ၏ အကြောင်းရင်းများ မဟုတ်သည်ပင်ဖြစ်သည်။ ယင်း ရွေးကောက်ပွဲသည် ကပ်ရောဂါအပေါ် ထရမ့်၏ ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်သည့် လူထူဆန္ဒခံယူပွဲတစ်ခုလည်း ဖြစ်ချင်ဖြစ်နိုင်သည်။

“ကူးစက်မှုအသစ်များ မြင့်တက်လာမယ်ဆိုရင် ထရမ့်အနေနဲ့ နိုင်ငံကို ပြန်လည်ဖွင့်လှစ်မှုတွေ လုပ်တာ စောလွန်းတယ်လို့ ပြည်သူတွေ ကောက်ချက်ချပါလိမ့်မယ်၊ ဒါပေမယ့် ကူးစက်မှုအသစ်တွေ ကျသွားတယ်ဆိုရင်တော့ ထရမ့်ဟာ ချီးကျူးမှုတစ်ချို့ ရပါလိမ့်မယ်” ဟု Valliere က ပြောသည်။

နောက်ထပ် လိုရာသုံးနိုင်သော ဖဲချပ်တစ်ခုက ကပ်ရောဂါက ရွေးကောက်ပွဲ မဲလာပေးသူအရေအတွက်အပေါ် မည်သို့မည်ပုံသက်ရောက်မည်လဲ ဆိုသည်ပင် ဖြစ်သည်။ ဒီမိုကရက်တစ်များအတွက် မဲပေးသူအရေအတွက် များပြားမည်ဆိုပါက ဖလော်ရီဒါ၊ တက္ကဆက်၊ အရီဇိုးနား၊ တန်နက်ဆီ ၊ ဂျော်ဂျီယာပြည်နယ်တို့တွင် ထရမ့် ရှုံးသွားနိုင်သည်ဟု Oxford Economics က ပြောသည်။

သို့သော် ဒီမိုကရက်တစ် မဲပေးသူအရေအတွက် လျော့နည်းပါက ထရမ့်အနေဖြင့် electoral college တွင် အောင်ပွဲရသွားနိုင်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

ကြိုတင်ခန့်မှန်းမှုဆိုင်ရာ ပလက်ဖောင်းတစ်ခုဖြစ်သည့် Predictlt ကို အသုံးပြုသူများက ထရမ့်ကို ရွေးကောက်ပွဲ နိုင်မည့် အလားအလာ ၅၀ ရာခိုင်နှုန်း ပေးထားသည်။ ယင်းသည် မတ်လက ၄၅ ရာခိုင်နှုန်းကနေ တက်လာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လောင်းကစားလုပ်ငန်း အလေးပေးမှုများကလည်း ထရမ့်ကို အလေးပေးထားကြောင်း RealClearPolitics က ပြုစုထားသည့် ပျမ်းမျှခန့်မှန်းချက်အရ သိရသည်။

Recessions (စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု) များကြောင့် တာဝန်ထမ်းဆောင်ဆဲသမ္မတများ အထိနာနိုင်

ရွေးကောက်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပြည်နယ်တချို့တွင် လက်ရှိအချိန်တွင် ဆိုးဆိုးရွားရွား ထိခိုက်နေသည်မှာ ရှင်းလင်းနေသည်။

ဥပမာအားဖြင့် မီချီဂန်၊ ပင်နီဆယ်လ်ဗေးနီးယားနှင့် နီးဗားဒါး ပြည်နယ်တို့ရှိ အလုပ်သမားထု၏ လေးပုံပုံ တစ်ပုံသည် မတ်လ ၁၄ ရက်နှင့် မေလ ၉ ရက်အတွင်း ကနဦး အလုပ်လက်မဲ့ ခံစားခွင့်များအတွက် လျှောက်ထားခဲ့ကြသည်။ အိုဟိုင်းယိုးပြည်နယ်တွင်လည်း အလုပ်သမားထု၏ ၂၀ ရာခိုင်နှုန်းသည် ယင်းကာလအတိုင်းအတာအတွင်း အလုပ်လက်မဲ့ခံစားခွင့်များ အတွက် လျှောက်ထားခဲ့သည်။

“ရွေးကောက်ပွဲအကြိုကာလမှာ ရီဆက်ရှင်တစ်ခုနဲ့ ရင်ဆိုင်ရတဲ့ တာဝန်ထမ်းဆဲ သမ္မတတိုင်း ရှုံးနိမ့်ထားခဲ့ပါတယ်” ဟု Raymond James မှ ဝါရှင်တန် မူဝါဒရေးရာ အကဲဖြတ်ပညာရှင် Ed Mills က ပြောသွားသည်။

သို့သော် နိုင်ငံစီးပွားရေးသည် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီ၊ အလုပ်လက်မဲ့မှုနှုန်းသည်လည်း သိသိသာသာ ကျဆင်းသွားပြီ၊ ဂျီဒီပီသည်လည်း လျင်လျင်မြန်မြန် ပြန်နာလန်ထူလာပြီဆိုပြီး မဲဆန္ဒရှင်များ ယူဆခံစားနိုင်ခြင်း ရှိခြင်း မရှိခြင်းကပဲ  အဓိက အချက်ဖြစ်လာမည်ဖြစ်သည်။

“တကယ့် ဆွေးနွေးငြင်းခုံရမယ့် အကြောင်းအရာကတော့ ရွေးကောက်ပွဲနေ့မှာ စီးပွားရေးဟာ ဘယ်လိုပုံစံ ရှိနေမလဲ ဆိုတာပဲဖြစ်ပါတယ်၊ နိုင်ငံဟာ ကိုဗစ်-၁၉ ရဲ့အဆိုးဆုံးအခြေအနေနဲ့ အဆိုးရွားဆုံး စီးပွားရေး ရိုက်ခတ်မှုကို ကျော်လွှားသွားနိုင်မှာလား ဆိုတာပဲဖြစ်ပါတယ်” ဟု Mills က ပြောသည်။

လက်ရှိအချိန်တွင် ယင်းမေးခွန်းများကို မည်သူကမှ ဖြေဆိုနိုင်မည် မဟုတ်ပေ။

 

အခွန်တိုးမြှင့်မည့် အလားအလာ ရှိနေသလား

ရွေးကောက်ပွဲဆိုင်ရာ မသေချာမရေရာမှုက စတော့ဈေးကွက်အတွက် ဆိုးကျိုးအန္တရာယ်တစ်ခု ဖြစ်သွားနိုင်သည်။

တချိန်တည်းမှာပင် ထရမ့်၏ စီးပွားရေးအခြေခံသဘောတရားကို ထောက်ခံလိုလားသော အစီအစဉ် ပျောက်ကွယ်သွားမည်ကို Wall Street အနေဖြင့်လည်း မြင်ချင်မည်မဟုတ်ပေ။ ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲများကို ရင်းနှီးမြုှပ်နှံသူများ မနှစ်သက်သော်ငြား ၎င်း၏ ကော်ပိုရိတ် အခွန် လျှော့ချဖြတ်တောက်မှုက S&P 500 ၏ ဝင်ငွေများကို တိုးတက်စေခဲ့ပြီး ရှယ်ယာပြန်ဝယ်မှုဆိုင်ရာ ရတနာပုံဆိုက်ခြင်းကိုပါ ဖြစ်စေခဲ့သည်။ ထရမ့်၏ စည်းမျဉ်းဆိုင်ရာ မူဝါဒ ပြန်လည်ပြောင်းလဲမှုများနှင့် အသုံးစရိတ် တိုးမြှင့်မှုများကလည်း စတော့တန်ဖိုးများကို မြင့်တက်စေရန် ထောက်ကူပေးခဲ့သည်။

ကပ်ရောဂါဖြစ်သော်ငြား S&P 500 သည် ထရမ့် ရွေးကောက်ပွဲမတိုင်မီကာလကထက် ၄၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ပြီး ရပ်တည်နေဆဲဖြစ်သည်။

အကယ်၍ ဘိုင်ဒင် အနိုင်ရမည်ဆိုလျင်၊ ဆိနိတ်ကို ဒီမိုကရက်တစ်တို့ ထိန်းချုပ်နိုင်မည် ဆိုပါက ကုမ္ပဏီများနှင့်လူချမ်းသာများအပေါ် အခွန်တိုးကောက်မည့် အရေး ရင်းနှီးမြုှပ်နှံသူများအနေဖြင့် စိုးရိမ်ပူပန်ကြရတော့မည်ဖြစ်သည်။ ထို့ပြင် ရေနံနှင့် ဓာတ်ငွေ့ ထုတ်လုပ်ခြင်းအပေါ် ကန့်သတ်ချက်အသစ်များ ချမှတ်နိုင်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ တိုးမြင့်ချမှတ်နိုင်ခြင်းတို့နှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြရတော့မည်ဖြစ်သည်။

“ ဧရိယာအားလုံးတိုင်းနီးပါးမှာ ထရမ့်ဟာ အရင်သမ္မတဟောင်း အိုဘားမားထားခဲ့တဲ့ အမွေအနှစ်ကို ပျက်ပြယ်ထားစေခဲ့ပါတယ်” ဟု Eurasia Group မှ အကဲဖြတ်များက မေလ ၁၉ ရက် အစီရင်ခံစာတစ်ရပ်တွင် သတိပေးသွားခဲ့သည်။ “ဘိုင်ဒင် သမ္မတ ဖြစ်လာမယ်ဆိုရင်တော့ အိုဘားမားအစိုးရရဲ့ မူဝါဒ ရပ်တည်ချက်တွေကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားပါလိမ့်မယ်၊ ကိစ္စအများစုမှာဆိုရင် အဲဒီထက် ကျော်လွန်သွားနိုင်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly