အမေရိကန်စတော့အိတ်စ်ချိန်း စာရင်းဝင်အဖြစ်မှ တရုတ်ကုမ္ပဏီများကို ပယ်ဖျက်နိုင်မည့် ဥပဒေမူကြမ်း ဆိနိတ် အတည်ပြု

အမေရိကန်စတော့အိတ်စ်ချိန်း စာရင်းဝင်အဖြစ်မှ တရုတ်ကုမ္ပဏီများကို ပယ်ဖျက်နိုင်မည့် ဥပဒေမူကြမ်း ဆိနိတ် အတည်ပြု

မေ ၂၁

Alibaba Group Holding Ltd. နှင့် Baidu Inc. တို့ကဲ့သို့ နာမည်ကျော် တရုတ်ကုမ္ပဏီကြီးများကို အမေရိကန်စတော့အိတ်စ်ချိန်းများတွင် စာရင်းဝင်မှုအပေါ် တားဆီးပိတ်ပင်သွားနိုင်မည့် ဥပဒေမူကြမ်းတစ်ရပ်ကို ဆိနိတ်အထက်လွှတ်တော်က မေလ ၂၀ ရက်တွင် တစ်ခဲနက် အတည်ပြုလိုက်ကြောင်း သိရသည်။

လက်ရှိ ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာမှု ပိုမိုမြင့်တက်လာနေစဉ် ယခုကဲ့သို့ ဆိနိတ်၏ မူကြမ်းအတည်ပြုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

လူဝီစီးယားနားပြည်နယ်မှ ရီပတ်ဘလစ်ကန်အမတ် ဆိနိတ်တာ John Kennedy နှင့် မေရီလန်းပြည်နယ်မှ ဒီမိုကရက်တစ်အမတ် Chris Van Hollen တို့ တင်သွင်းခဲ့သော အဆိုပါ ဥပဒေမူကြမ်းကို ဆိနိတ်လွှတ်တော်တွင် အပြတ်အသတ် ထောက်ခံမှုဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေမူကြမ်းအရ ကုမ္ပဏီများအနေဖြင့် ပြည်ပအစိုးရတစ်ရပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေကြောင်း တရားဝင်ထောက်ခံချက်တစ်ခု ပြသရန် လိုအပ်မည်ဖြစ်သည်။

အလားတူ တရုတ်၏ အကြီးဆုံးသော ကော်ပိုရေးရှင်းလုပ်ငန်းကြီးတချို့ထံ  ဒေါ်လာ ဘီလီယံများစွာ စီးဝင်နေမှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ရှိနိုင်သည်ဆိုပြီး အမေရိကန် ဥပဒေပြုအမတ်များက ခံယူထားသည်။ အဆိုပါ စီးဝင်နေသော ဒေါ်လာဘီလီယံများအနက် အများစုသည် ကြီးမားသည့် ရင်းနှီးမြုှပ်နှံမှုဆိုင်ရာ အမြတ်အစွန်းများ ရှာဖွေရန်အလို့ငှာ ပင်စင် ရန်ပုံငွေများ၊ ကောလိပ် ထောက်ပံ့လှူဒါန်းခြင်းများကေနတစ်ဆင့် ဝင်ရောက်နေခြင်း ဖြစ်သည်။

အထူးသဖြင့် ဉာဏ်ရည်တု နည်းပညာနှင့် အလိုအလျောက် ကားမောင်းနှင်မှု နည်းပညာမှ စပြီး အင်တာနက်ဒေတာ စုဆောင်းခြင်းအထိ အရာအားလုံးတွင် ဦးဆောင်နေရာများ ရရှိနိုင်ရန် နိုင်ငံရှိ နည်းပညာအင်အားကြီးလုပ်ငန်းကုမ္ပဏီကြီးများ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် အမေရိကန်ငွေကြေးများဖြင့် ထောက်ပံ့ပေးနေခြင်းအပေါ် စိုးရိမ်ပူပန်မှုများ ကြီးထွားနေခဲ့ရသည်။

မေလ ၂၁ ရက်က ကျယ်ပြန့်သော စတော့စျေးကွက်ထဲ အမြတ်အစွန်းများ ရရှိခဲ့သော်လည်း နယူးယော့ခ်တွင် Alibaba နှင့် Baidu အပါအဝင် အမေရိကန်စတော့စာရင်းဝင် တရုတ်ကုမ္ပဏီကြီးတချို့၏ ရှယ်ယာစျေးများ ကျဆင်းခဲ့သည်။

ကုမ္ပဏီတစ်ခုအနေဖြင့် ယင်းသည် ထိုကဲ့သို့ ထိန်းချုပ်မှုအောက်တွင် ရှိမနေကြောင်း သက်သေမပြနိုင်ပါက သို့မဟုတ် ကုမ္ပဏီတစ်ခုကို ပြည်ပအစိုးရတစ်ရပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေကြောင်း စုံစမ်းသိရှိရရန် အများပိုင်ကုမ္ပဏီ ငွေစာရင်း စိစစ်ကြီးကြပ်မှု ဘုတ်အဖွဲ့က သုံးနှစ်ဆက်တိုက် ယင်းကုမ္ပဏီကို စာရင်းစစ် ဝင်နိုင်ခြင်း မရှိပါက ကုမ္ပဏီ၏ အစုရှယ်ယာလက်မှတ်များကို စတော့အိတ်စ်ချိန်းကနေ တားမြစ်ပိတ်ပင်သွားမည်ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ကတော့ စစ်အေးခေတ်သစ်တစ်ခုထဲ မရောက်ချင်ပါဘူး” ဟု Kennedy က ပြောသည်။ ထို့ပြင် တရုတ်တို့ကိုလည်း စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်စေလိုကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“အများပိုင် စာရင်းသွင်းထားတဲ့ ကုမ္ပဏီတွေအနေနဲ့ တူညီတဲ့ စံနှုန်းတွေအတိုင်း ထိန်းသိမ်းလုပ်ဆောင်သွားသင့်ပါတယ်၊ ပြီးတော့ ဒီ ဥပဒေမူကြမ်းက အားလုံးကို တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရစေမယ့် သာမန် အပြောင်းအလဲတွေကို ဖြစ်စေပါလိမ့်မယ်၊ နောက်ပြီး ရင်းနှီးမြုှပ်နှံသူတွေကိုလည်း ၎င်းတို့ သိရှိနားလည်ပြီးမှ လုပ်ဆောင်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်နိုင်အောင်လို့ ပွင့်လင်းမြင်သာမှုမျိုးကို ပေးနိုင်ပါလိမ့်မယ်” ဟု Van Hollen က ပြောသွားသည်။

“ဒီကနေ့မှာ ဒီ မူကြမ်းကို နှစ်ပါတီစလုံးက တညီတညွတ်တည်း ထောက်ခံအတည်ပြုနိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ် ဂုဏ်ယူမိပါတယ်၊ အောက်လွှတ်တော်က ကျွန်တော်တို့ရဲ့ အပေါင်းအသင်းတွေလည်း ဒီအတိုင်း မြန်မြန်ဆန်ဆန် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required