COVID-19 ကာကွယ်ဆေး ရှာဖွေသည့် နိုင်ငံများထဲတွင် ထိုင်းနိုင်ငံ ပါဝင်လာ

COVID-19 ကာကွယ်ဆေး ရှာဖွေသည့် နိုင်ငံများထဲတွင် ထိုင်းနိုင်ငံ ပါဝင်လာ

မေ ၂၀

COVID-19 ကာကွယ်ဆေး ရှာဖွေနေသည့် ကမ္ဘာ့နိုင်ငံများထဲတွင် ထိုင်းနိုင်ငံလည်း ပါဝင်လာပြီး ထိုင်းအာဏာပိုင်များအနေဖြင့် လာမည့်နှစ်ထဲတွင် အသင့် အသုံးပြုနိုင်မည့် COVID-19 ကာကွယ်ဆေးတစ်မျိုး ရရှိနိုင်ရန် ရည်မှန်းချက်ထား လုပ်ဆောင်နေသည်ဟု သိရသည်။

ထို့ပြင် ယင်းကာကွယ်ဆေးကို မကြာသေးမီက စမ်းသပ်မှုများလုပ်ဆောင်ခဲ့ရာတွင်လည်း အလားအလာကောင်းသော ရလဒ်များ ထွက်ပေါ်ထားခဲ့သည်ဟု သိရသည်။

“ထုတ်လုပ်မှုတွေကို တက်သုတ်ရိုက် လုပ်ဆောင်ဖို့ ဝန်ကြီးချုပ် ပရာယွတ် က ကျွန်တော်တို့ကို ညွန်ကြားထားပါတယ်၊ ဒါမှလည်း ထိုင်းပြည်သူတွေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဖို့အတွက် ကာကွယ်ဆေး အလုံအလောက် ရမှာဖြစ်ပါတယ်” ဟု အဆင့်မြင့် ပညာရေး သိပ္ပံသုတေသနနှင့် တီထွင်ဆန်းသစ်မှု ဆိုင်ရာ ဝန်ကြီး Suvit Maesincee က ပြည်တွင်းဖြစ် ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်နေမှုနှင့် ပတ်သက်၍ မေလ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ပူးများတွင် စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် မျောက်များဖြင့် အရေးပါသည့် စမ်းသပ်မှုများကို လာမည့်အပတ်ထဲ စတင်လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

ထို့ပြင် သုတေသန အဖွဲ့နှင့် ထိုင်းအစိုးရအနေဖြင့် လူသားများနှင့် စမ်းသပ်မှုအတွက် ပထမအသုတ်ကာကွယ်ဆေးများ ထုတ်လုပ်ရန်  အမေရိကန် နှင့် ကနေဒါရှိ ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းကုမ္ပဏီများနှင့် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း Mr Suvit က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်မည့် ကာကွယ်ဆေးကို လာမည့်နှစ်တွင် ထိုင်းပြည်သူများ အသုံးပြုသွားနိုင်ဖွယ်ရာရှိကြောင်း ၎င်းက ပြောသည်။

ထိုင်းတွင် ယင်းကဲ့သို့ ကာကွယ်ဆေး ပရောဂျက် တချို့ ရှိနေသည်။ ထိုင်းဝန်ကြီး ပြောသွားသည့် တစ်ခုသည် ချူလာလောင်ကွန်းတက္ကသိုလ်၏ ကာကွယ်ဆေး သုတေသနနှင့် ထုတ်လုပ်မှု စင်တာနှင့် ကာကွယ်ဆေးဆိုင်ရာ အမျိုးသားအဖွဲ့အစည်းနှင့် ဆေးဘက်ဆိုင်ရာ သိပ္ပံဌာနတို့မှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းလုပ်ဆောင်နေသည့် ပရောဂျက်တစ်ခု ဖြစ်သည်။

သုတေသီအဖွဲ့သည် mRNA နည်းပညာကို အသုံးပြုနေခြင်း ဖြစ်ပြီး ယင်းသည် ကာကွယ်ဆေးထုတ်လုပ်ရန် အသစ်အသစ်ဆုံးသော နည်းလမ်းဖြစ်သည်ဟု ထိုင်းဝန်ကြီးက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly