ပုသိမ်အခြေစိုက်သတင်းထောက် ၂ ဦး အပါအဝင် ၁၂ ဦးကို အသွားအလာကန့်သတ်ထား

ပုသိမ်အခြေစိုက်သတင်းထောက် ၂ ဦး အပါအဝင် ၁၂ ဦးကို အသွားအလာကန့်သတ်ထား
ဓာတ်ပုံ credit - ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုကွန်ရက်စာမျက်နှာ

မေ ၂၀

မလေးရှားမှ ပြန်လာသူ ကိုဗစ်-၁၉ လူနာအမှတ် (၁၉၁) နှင့် အနီးကပ်ရှိခဲ့သည့် ပုသိမ်မြို့မှ အသွားအလာကန့်သတ်ကာ ကျန်းမာရေးစောင့်ကြည့်ခံထားရသူ ၁၂ နှစ်ဦးတွင် သတင်းသမားနှစ်ဦးလည်း ပါဝင်သည်ဟု ဧရာဝတီတိုင်းဒေသကြီး ကွာရန်တင်း တာဝန်ခံ ဒေါက်တာမြတ်မင်းထွန်းက ပြောသည်။

သတင်းသမားနှစ်ဦး၊ ပရဟိတသမား သုံးဦး ၊ ပုသိမ်မြို့မ ရဲစခန်းမှ အရာရှိ သုံးဦး နှင့် ရဲတပ်သား တစ်ဦး၊ လူနာအမှတ် ၁၉၁ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ် ပေါ်ပါသူတစ်ဦး၊ မော်တော်ယာဉ်မောင်းနှင့် ယာဉ်မောင်းတို့ကို နေရာဖြန့်၍ အသွားအလာကန့်သတ်ထားခြင်းဖြစ်သည်။  

ပုသိမ်အခြေစိုက် သတင်းသမားနှစ်ဦးသည် မေလ ၁၁ရက်ညပိုင်းက ပုသိမ်တက္ကသိုလ်ရှိ ကွာရန်တင်းစင်တာ များသို့ မလေးရှားမှ ပြန်လာသည့်သူများကို ဓာတ်ပုံသတင်းရယူရာတွင် လူနာ ၁၉၁နှင့်သုံးပေခန့်အကွာတွင်  ဓာတ်ပုံရိုက်ကူးခဲ့သည်ဟု ယူဆသောကြောင့် Quarantine ထားရှိထားခြင်းဖြစ်ကြောင်း ဒေါက်တာမြတ်မင်းထွန်းက ပြောသည်။

ပရဟိတသမားများကတော့ လူနာအမှတ် (၁၉၁) နေခဲ့သည့် အဆောင်တွင် ဝေယာဝစ္စလုပ်ကိုင်ပေးခဲ့သူများဖြစ်သည်။

သတင်းသမားနှစ်ဦးနှင့် ပရဟိတသမားသုံးဦးကို ပုသိမ်တက္ကသိုလ်ဝင်းရှိ ယာယီပြုလုပ်ထားသော ကွာရန်တင်းစင်တာ နန္ဒဆောင်တွင်ရှိနေသည်။

လူနာအမှတ် ၁၉၁ သည် ရန်ကုန်မှ ပုသိမ်မြို့သို့ ကားနှင့် ပြန်သွားခဲ့သည့်အတွက် ကားအတွင်းလိုက်ပါလာသူတစ်ဦး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့လည်း ကွာရန်တင်းစာရင်းထဲပါခဲ့ခြင်းဖြစ်ကာ ဟင်္သာတမြို့ရှိ ကွာရန်တင်းစင်တာတွင် ထားရှိသည်။ ထို့အပြင် လူနာ၁၉၁ ထံ မှတ်တမ်းလာယူသည့် ရဲတပ်ဖွဲ့ဝင် လေးဦးကိုလည်း  ရဲဌာနအစီအစဉ်ဖြင့် အသွားအလာကန့်သတ်ထားသည်။
 
လူနာအမှတ် (၁၉၁) သည် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အိုးဘိုကျေးရွာက ဖြစ်ပြီး မလေးရှားသို့ သွားရောက်သည်မှာ ငါးလသာရှိသေးသည်။ စားသောက်ဆိုင်တွင် အလုပ်လုပ်ရာ တစ်လခန့်အကြာတွင် အလုပ်လုပ်ကိုင်ခွင့် ဗီဇာမရှိခြင်းကြောင့် အဖမ်းခံရကာ မြန်မာနိုင်ငံကို ပြန်ပို့ခံခဲ့ရသည်။ နိုင်ငံရပ်ခြားမှပြန်လာသူများကို ၂၁ ရက် အသွားအလာစောင့်ကြည့်စနစ်ထားရှိခြင်းကြောင့် ကွာရန်တင်းဝင်ခဲ့ရာက ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း ဆေးစစ်တွေ့ရှိခဲ့သည်။

 လက်ရှိတွင် လူနာအမှတ် (၁၉၁) ကို ပုသိမ်မြို့ ကုတင် ၅၀၀ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းသို့ မလေးရှားကပြန်လာသူ စုစုပေါင်း ၁၈ ဦးရှိပြီး ပုသိမ်တက္ကသိုလ် တေဇဆောင်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသည်။ လက်ရှိတွင် ဧရာဝတီတိုင်းတစ်ခုလုံးတွင် မေလ ၁၉ရက်အထိ ကွာရန်တင်းထားရှိထားသူ ၆၈၅၂ဦးရှိသည်။ နိုင်ငံရပ်ခြားမှ ပြန်လည်ဝင်ရောက်လာသူများကို ပြန်လာသည့်နိုင်ငံအလိုက် အဆောင်များခွဲကာ ထားရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly