အလှအပအတွက်တင်မက ကျန်းမာရေးအတွက်ပါ အသုံးဝင်တဲ့ မြန်မာ့သနပ်ခါး

အလှအပအတွက်တင်မက ကျန်းမာရေးအတွက်ပါ အသုံးဝင်တဲ့ မြန်မာ့သနပ်ခါး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar | ရေးသားသူ Aye Thi Mon

သနပ်ခါးဆိုတာကို အထူးတလည်မိတ်ဆက်ပေးဖို့လိုမယ်တော့မထင်ပါဘူး။မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ကလေးငယ်လေးတွေမျက်နှာပြင်မှာ အတွေ့ရများပါတယ်။မြန်မာအမျိုးသမီးတွေကရှေးအစဉ်အဆက်ကာလတွေကတည်းက သနပ်ခါးကို နှစ်နှစ်ခြိုက်ခြိုက်လူးလာခဲ့ကြတာပါ။ လူကြီးလူငယ်မရွေးလည်းလူးလို့သင့်တော်ပါတယ်။

သနပ်ခါးရဲ့ အသားအရေအတွက်ကောင်းကျိုးတွေကဘာတွေများလဲ

သနပ်ခါးက အသားအရေအတွက်ကောင်းတယ်ဆိုတာကို သိပ်ပြောစရာတောင်လိုမယ်မထင်ပါဘူး။ နွေရာသီလိုမျိုး ပူပြင်းတဲ့အခါ သနပ်ခါးရေကျဲလေးလူးပေးတာက အသားအေးသွားစေပါတယ်။နေရောင်ခြည်ကြောင့် အသားအရေနေလောင်တာတွေကိုလည်း သနပ်ခါးလူးပေးရင်သက်သာစေပါတယ်။ ခန္ဓါကိုယ်မှာ အပူဖုတွေ မိတ်ဖုတွေထွက်တဲ့အခါမျိုးမှာလည်း သနပ်ခါးလေးအုံထားလိုက် သက်သာသွားမယ်လို့ လူကြီးတွေပြောတာ ကြားဖူးကြမယ်ထင်ပါတယ်။ သနပ်ခါးက အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကကာကွယ်ပေးနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ အရေပြားအစိုဓါတ်ကိုလည်း ထိန်းပေးပါသေးတယ်။ သနပ်ခါးမှာ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေများစွာပါဝင်နေပါတယ်။ သနပ်ခါးအပွေးကရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းရှိတာကြောင့် မျက်နှာအသားအရေကိုနုပျိုစေပါတယ်။ ဝက်ခြံထွက်နေတဲ့သူတွေအနေနဲ့လည်း သနပ်ခါးကိုလူးပေးလို့ရပါတယ်။ သနပ်ခါးကဝက်ခြံတွေကို သက်သာစေနိုင်သလို ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

သနပ်ခါးရဲ့အေးမြမှုနဲ့မွှေးရနံ့က ကိုယ်ရောစိတ်ပါကြည်လင်စေပါတယ်။ရေချိုးပြီး သနပ်ခါးအေးအေးလေးလူးလိုက်တာက ပင်ပန်းမှုတွေကိုပြေလျော့စေပါတယ်။ အသေးစားထိခိုက်ရှနာ ဒဏ်ရာတွေကိုလည်း သနပ်ခါးလူးပေးလို့ရပါတယ်။ အသားဖြူချင်သူတွေအတွက်လည်း သနပ်ခါးကဘေးဥပါဒ်မရှိတဲ့ဆေးတစ်မျိုးပါ။ ဆီပူလောင်၊ရေနွေးပူလောင်တာတွေ။ အရေပြားယားယံတာတွေအတွက်လည် သနပ်ခါးက အသုံးတည့်ပါတယ်။ သနပ်ခါးအမြစ်တုံးကိုသွေးလူးပေးမယ်ဆိုရင် အသားချောပြီး ဝက်ခြံကင်းတဲ့အသားအရေကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ သနပ်ခါးက UV-A ကို အပြည့်အဝကာကွယ်ပေးပါတယ်။

သနပ်ခါးပင်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံအချို့

သနပ်ခါးက အရွက်ကနေစလို့ အမြစ်အထိအသုံးတည့်တဲ့ အပင်တစ်မျိုးပါ။ သနပ်ခါးအရွက်နဲ့အပွေးမှာ ကင်ဆာကာကွယ်နိုင်တဲ့ အာနိသင်တွေပိုင်ဆိုင်ထားပါတယ်။ အမြစ်ကလည်းအော့အန်တာ၊ ဝမ်းကိုက်တာ နဲ့လေထိုးလေအောင့်တာတွေကို သက်သာစေနိုင်ပါတယ်။ အသီးပြုတ်ရည်ကို ပိုးကောင်တွေကိုက်ခံရတဲ့နေရာမှာ ဆွတ်ပေးရင်အဆိပ်ပြေစေနိုင်ပါတယ်။ အဆစ်အမြစ်တွေကိုက်ခဲရင်လည်း သနပ်ခါးလူးပေးရင်သက်သာပါတယ်။ ဝက်ရူးပြန်ရောဂါအတွက်ဆေးဖော်စပ်ရာမှာလည်း သနပ်ခါးပင်ရဲ့ အရွက်ကို အသုံးပြုကြပါတယ်။ ငှက်ဖျားရောဂါ၊အနာကြီးရောဂါတွေအတွက်လည်း သနပ်ခါးပင်ရဲ့ အရွက်ကိုအသုံးပြုကြပါတယ်။ သနပ်ခါးကအရေပြားမှိုပိုးဝင်တာကိုသက်သာစေနိုင်သလို အရေပြားပြဿနာကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

သနပ်ခါးကို ဒီလိုတွေသုံးပါတယ်

သနပ်ခါးကို အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေထဲမှာ ထည့်သွင်းအသုံးပြုကြပါတယ်။

  • မျက်နှာပေါင်းတင်ဆေး
  • သနပ်ခါးခရင်မ်
  • ဖောင်ဒေးရှင်း
  • ဆပ်ပြာ
  • ဘော်ဒီလိုးရှင်း
  • ရေမွှေးလိုမျိုး အလှကုန်တွေပြုလုပ်ရာမှာ အသုံးပြုကြပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly