ဒေါက်တာအေးမောင်ကို နောင် ရွေးကောက်ပွဲများတွင် ပါဝင်ခွင့်ရွေးကောက်ပွဲကော်မရှင် ပိတ်ပင်

ဒေါက်တာအေးမောင်ကို နောင် ရွေးကောက်ပွဲများတွင် ပါဝင်ခွင့်ရွေးကောက်ပွဲကော်မရှင် ပိတ်ပင်
ဓာတ်ပုံ - နောင်နောင်

မေ ၂၀

ရခိုင်လူထုအကြား ရေပန်းစားသော နိုင်ငံရေးသမားတစ်ဦးဖြစ်သည့်  ဒေါက်တာအေးမောင်ကို နောင်တွင် ပြုလုပ်သော ရွေးကောက်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

 ” ဒေါက်တာအေးမောင်သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈၊ ပုဒ်မခွဲ (က) အရ ယနေ့မှစ၍ နောင်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိကြောင်း” ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  

၂၀၁၆ ခုနှစ် အစောပိုင်းက တတိယအကြိမ်မြောက် ပြင်ဆင်ခဲ့သည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ တွင် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြင့်ဖြစ်စေ၊ သေဒဏ် သို့မဟုတ် တစ်သစ်တစ်ကျွန်းဒဏ်ထိုက်သော ပြစ်မှုဖြင့်ဖြစ်စေ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် နောင်ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်ခွင့်မရှိဟု ပါရှိသည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်က စစ်တွေ ခရိုင်တရားရုံးက ဒေါက်တာအေးမောင်ကို နိုင်ငံတော်ပုန်ကန်မှုနှင့်  နိုင်ငံတော်အကြည်ညိုပျက်စေမှု တို့ဖြင့် ထောင်ဒဏ် နှစ်၂၀ ချမှတ်ခံထားရကာစစ်တွေအကျဉ်းထောင်တွင်း၌ရှိနေသည်။

ယခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲများ ကျင်းပရန်လည်းရှိနေသည်။

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်၏ သားဖြစ်သူ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းကတော့“ရွေးကောက်ပွဲကော်မရှင်က သူ့လုပ်ငန်းသူလုပ်တာပဲ။ ဒါပေမယ့် နံပါတ် ၃ အချက်က မလိုအပ်ဘဲ ထည့်ထားတာပါ။ အဲဒီအတွက် ကျေးဇူးတင်တယ်လို့ပဲပြောချင်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကို အဲဒီထက်လည်း ပိုမပြောချင်တော့ပါဘူး။” ဟု ပြောသည်။ နံပါတ် ၃ အချက်ဆိုသည်မှာ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ဥက္ကဋ္ဌဦးစောသန်းမြင့်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အစိုးရအလိုကျလုပ်ခြင်းဖြစ်သည်ဟု ဝေဖန်လိုက်သည်။

“အရပ်စကားပြောရင် အမြင်ကတ်ပုဒ်မပါ။ နိုင်ငံရေးလောကကနေ သူ့ကို အပြီးဖယ်ထုတ်လိုက်တဲ့သဘောပါ။ အမြင်ကတ်လို တမင်သက်သက်လုပ်တာပါ။ တကယ်တမ်းလက်နက်ကိုင်နေတဲ့သူတွေနဲ့တောင် ငြိမ်းချမ်းရေးလုပ်နေတဲ့ အချိန်မှာ သူက လက်နက်ကိုင်တာမဟုတ်ဘူး။ သူကနိုင်ငံရေးပါတီခေါင်းဆောင်လေ။ ရင်ကြားစေ့ရေးပြောနေတဲ့ အနေအထားမှာ ဒါမျိုးလုပ်တာက အမှန်တိုင်းပြောရင် အမြင်မကတ်ဘူးဆိုရင်တော့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါလာသင့်တယ်။ ဒါက အစိုးရကလုပ်တဲ့ အပေါ်မှာ ကော်မရှင်က လိုက်လုပ်တာပါ။ ကော်မရှင်က ကော်မရှင် အလုပ်လုပ်ပေမယ့် ဒေါက်တာအေးမောင်အပေါ်မှာဖြစ်စေ အလားတူပဲ တခြားသူတွေပေါ်မှာ လုပ်တာဖြစ်စေ ဒါမျိုးက မလိုတစ်မျိုး၊ လိုတစ်မျိုးလုပ်တယ်လို့ ပြောချင်တယ်။” ဟု ဦးစောသန်းမြင့် ကပြောသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသော ဒေါက်တာအေးမောင်ကို ယမန်နှစ်က လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ထားပြီးဖြစ်သည်။

တိမွေးကုဆရာဝန် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်တွင် ဇန်န၀ါရီလ ၁၅ရက်က ပြုလုပ်သည့် ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း ၀မ်းနည်းအောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုများဖြင့် ပတ်သက်၍ ဖမ်းဆီးတရားစွဲခံခဲ့ရသည်။

 ရခိုင်ပြည်နယ်တွင်း အစိုးရတပ်မတော်နှင့် ရခိုင် လက်နက်တပ်ဖွဲ့ AA တို့ အကြား မြို့ပေါ်တိုက်ပွဲများအပါအ၀င် တိုက်ပွဲများ နှစ်ပေါက်နေခဲ့ပြီဖြစ်ကာ စစ်ဘေးဒဏ်ကြောင့် သောင်းပေါင်းများစွာသော ဒေသခံများ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required