အမေရိကန် ကော်လိုရာဒိုပြည်နယ်၌ မြန်မာအမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ကြောင့်သေဆုံး

အမေရိကန် ကော်လိုရာဒိုပြည်နယ်၌ မြန်မာအမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ကြောင့်သေဆုံး

မေ ၁၉

မြန်မာနိုင်ငံမှ ထွက်ခွါခဲ့ပြီး ထိုင်းနိုင်ငံဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ကြသည့် ဦးအောင်ကျော်တိုးနှင့် ဇနီးဖြစ်သူ ဒေါ်တင်အေးတို့မိသားစုသည် ၂၀၀၇ ခုနှစ် ဩဂုတ်လတွင် အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်သို့ ပြောင်းရွှေ့သွားခဲ့ကြသည်။ ဒေါ်တင်အေးသည် JBS Greeley အမဲသားထုတ်ကုန်လုပ်ငန်းစက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က အသက် ၆၀ ရှိပြီဖြစ်သည့် ဒေါ်တင်အေးသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့ပြီး အဆိုပါစက်ရုံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရှစ်ဦးမြောက်သေဆုံးသူဖြစ်ခဲ့သည်။ ကော်လိုရာဒိုကျန်းမာရေးဌာန၏အဆိုအရ စက်ရုံတွင်  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၆ ဦးရှိပြီဟု ဆိုသည်။

ဒေါ်တင်အေးသည် မတ်လ ၂၉ ရက်ကတည်းက အသက်ရှူစက်တပ်ထားရသည်။

မတ်လ ၂၈ ရက်က သမီးဖြစ်သူ မသွင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီး သူမနှင့်ထိတွေ့ခဲ့သည့် မိခင်ကို ဆေးရုံတက်ရန် ပြောဆိုခဲ့သည်။ မသွင်လည်း သားလေးကိုမွေးဖွားရန် အရေးပေါ်ခန်းတွင်နေခဲ့ရသည်။

ဒေါ်တင်အေးသည် ရောဂါလက္ခဏာပြနေသည်မှာ သီတင်းပတ်ပေါင်းများစွာရှိပြီး စက်ရုံရှိ ကျန်းမာရေးဆေးခန်းတွင် ပြသခဲ့သည်။ ဒေါ်တင်အေးသည် တုပ်ကွေးနှင့်အအေးမိခြင်းကဲ့သို့သော ရောဂါလက္ခဏာများရှိခဲ့ပြီး အလုပ်ဆင်းခဲ့သည်ဟု ဆိုသည်။

JBS စက်ရုံ ပြောရေးဆိုခွင့်ရှိသူ Nikki Richardson က “ဒါသာအမှန်ဆိုရင် စက်ရုံရဲ့လုပ်ထုံးလုပ်နည်းတွေ ချိုးဖောက်ခဲ့တာပါ။ ဘယ်သူ့ကိုမှ ဖိအားပေးပြီး အလုပ်မလာခိုင်းပါဘူး ။ ကျန်းမာရေးကြောင့် အလုပ်ပျက်ရင် အပြစ်မပေးပါဘူး။ ဖျားနာနေတဲ့သူတွေကိုလည်း အလုပ်မလာစေချင်ပါဘူး ။ အလုပ်လာရမှာစိုးရွံ့နေရင်လည်း ကျွန်မတို့ကို ဖုန်းဆက်အကြောင်းကြားနိုင်ပါတယ်။ လစာမဲ့ခွင့်ပါ”  ဟု ပြောသည်။

JBS စက်ရုံသည် ဧပြီ ၁၃ ရက်က စက်ရုံသန့်ရှင်းရေးလုပ်ရန်အတွက် ယာယီပိတ်ရန် ကြေညာချက်ထုတ်ခဲ့ပြီး ဧပြီ ၂၄ ရက်တွင် လုပ်ငန်းပြန်လည် လည်ပတ်ခဲ့သည်။ အလုပ်ဆင်းသည့်ဝန်ထမ်းများကို ကျန်းမာရေးစစ်ဆေးမှုများပြလုပ်ခဲ့ပြီး ဖျားနာသူများကို အိမ်၌နေခိုင်းခဲ့သည်။ အသက် ၇၀ ကျော်သူများ၊ ကိုယ်ဝန်သည်များ၊ ကျောက်ကပ်နှင့် ကင်ဆာဝေဒနာရှင်များကိုလည်း  စက်ရုံမှ ထုတ်ပစ်ခဲ့သည်။

ဒေါ်တင်အေးသည် ဆေးရုံတွင် အသက်ရှူစက်နှင့် တစ်လကျော်ခန့်နေခဲ့ရပြီး တနင်္ဂနွေမွန်းလွဲပိုင်းတွင် သေဆုံးခဲ့ကာ မြေးဖြစ်သူကိုပင် မတွေ့ဆုံလိုက်ရပေ။  လေဖြန်းခြင်း၊ အဆုတ်ထဲရေဝင်ခြင်း စသည့်ရောဂါများလည်း ခံစားခဲ့ရသူဖြစ်သည်။

“အမေက အရမ်းကို ရိုကျိုးပြီး ခင်ဖို့ကောင်းပါတယ်။ မိသားစုကိုလည်း ဂရုစိုက်တယ်။ လမ်းမှာ အိမ်ခြေရာမဲ့နဲ့ ဆာလောင်နေတဲ့သူတွေကို  တွေ့ရင်လည်း သူစားရမယ့် အစားအစာတွေ ပေးပစ်တယ်” ဟု သမီးဖြစ်သူကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly