ငွေကြေးဝန်ဆောင်မှုများ တိုးမြှင့်လုပ်ဆောင်ရန် Ant Group နှင့် Wave Money အကျိုးတူပူးပေါင်းဆောင်ရွက်

ငွေကြေးဝန်ဆောင်မှုများ တိုးမြှင့်လုပ်ဆောင်ရန် Ant Group နှင့် Wave Money အကျိုးတူပူးပေါင်းဆောင်ရွက်

မေ ၁၉

မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း Wave Money နှင့် Alipay ၏ အော်ပရေတာ Ant Financial Services Group (Ant Group) တို့သည် ဘဏ်များနှင့်ချိတ်ဆက်နိုင်ခြင်းမရှိသော သို့မဟုတ် ဘဏ်ဝန်ဆောင်မှုများကို အပြည့်အဝ မသုံးစွဲနိုင်သော လူမှုအသိုင်းအဝိုင်းများအတွက်  ဘဏ္ဍာရေးဝန်ဆောင်မှုများပေးရန် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို မေ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။  Ant Group ၏ မိုဘိုင်း ငွေပေးချေမှုနှင့် ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် မြန်မာနိုင်ငံတစ်လွှား မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ပိုမိုလုံခြုံအဆင်ပြေစေရေးအတွက် Wave Money ၏နည်းပညာ စွမ်းရည်များကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။  

 Wave Money သည် Telenor နှင့် Yoma Group တို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။ ပူးပေါင်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် Ant Group က လက်ရှိ Yoma Group 2 နှင့် တယ်လီနော အစုရှယ်ယာရှင်များနှင့်အတူ  Wave Money တွင် အမေရိကန်ဒေါ်လာ ၇၃.၅ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုတွင် ထိပ်ဆုံးမှဦးဆောင်လျက်ရှိသော Wave Money သည် မြို့ပေါင်း ၂၉၅ မြို့တွင် ကိုယ်စားလှယ်နှင့် ဆိုင်ခွဲပေါင်း ၅၇ ၀၀၀ ကျော်ရှိပြီး နိုင်ငံ၏ ၈၉ % ခန့် လွှမ်းခြုံနိုင်သည်။ Wave Money ဖြင့် ငွေလွှဲမှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် သုံးဆကျော်မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၌ မြန်မာကျပ် ၆.၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ) အထိ ရှိခဲ့သည်။ ဝင်ငွေနှင့်ငွေလွှဲမှုအရေအတွက်လည်း သုံးဆမြင့်တက်ခဲ့သည်။ Wave Money သည် လုပ်ငန်းစတင်လည်ပတ်ပြီး နှစ်နှစ်အကြာ ၂၀၁၈ ခုနှစ် စက်တင်ဘာ၌  EBITDA  (စုစုပေါင်းအမြတ် -အတိုး၊ အခွန်၊ တန်ဖိုးလျှော့ချခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနုတ်ယူခင် အမြတ်ငွေ) မှာ အပေါင်းလက္ခဏာဆောင်ခဲ့ပြီး အကျိုးအမြတ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။

ငွေလွှဲခြင်း၊အသုံးပြုမှုဆိုင်ရာငွေပေးချေခြင်း၊ ဖုန်းငွေဖြည့်ခြင်းနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုများအတွက် Wave Pay အပါအဝင်  Wave Money ၏ ဝန်ဆောင်မှုပလက်ဖောင်းများစွာကို  လူ ၂၁ သန်းကျော် အသုံးပြုပြီး ဖြစ်သည်။

Ant Group သည် တစ်ကမ္ဘာလုံးအတွက် တီထွင်ဆန်းသစ်သည့် နည်းပညာဝန်ဆောင်မှုပေးသူဖြစ်ပြီး ၂၀၀၄ ခုနှစ်၌ အွန်လိုင်းငွေပေးချေမှုစနစ်ကို စတင်လုပ်ဆောင်ခဲ့သည့် Alipay ၏ အော်ပရေတာဖြစ်သည်။

Wave Money သည် မိတ်ဖက်အဖြစ် မြန်မာနိုင်ငံရှိ သုံးစွဲသူများ၏လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရေးအတွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများ၊  စွမ်းဆောင်ရည်များ၊ သုံးစွဲသူအတွေ့အကြုံနှင့်  ဝန်ဆောင်မှုများကို တိုးတက်စေရန် မိုဘိုင်းပေးချေမှုပလက်ဖောင်းများ တည်ဆောက်ရာတွင် Ant Group ၏ အတွေ့အကြုံများကို အသုံးပြုသွားမည်ဖြစ်သည်။

Ant Group ၏ ကူညီထောက်ပံ့မှုများဖြင့် ဒစ်ဂျစ်တယ်ခရီးအရှိန်ရလာရန် မျှော်လင့်ကြောင်း၊ ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှုသည် Wave Money နှင့်မြန်မာတို့အတွက် ကြီးမားသောအပြောင်းအလဲ တစ်ခုဖြစ်လိမ့် မည်ဖြစ်ကြောင်း Wave Money အမှုဆောင်အရာရှိချုပ် Brad Jones က ပြောသည်။

Yoma Strategic အမှုဆောင်အရာရှိချုပ် Melvyn Pun က မြန်မာနိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံခန့်သာ ဘဏ်အကောင့်များရှိကြောင်း၊ ကိုဗစ်-၁၉ အခြေအနေက ငွေသားမဲ့အဖွဲ့အစည်းလမ်းကြောင်းကို အရှိန်ရနေစေပြီး e-commerce ဖွံ့ဖြိုးမှုအတွက် တွန်းအားပေးကြောင်းနှင့် အဆိုပါလမ်းကြောင်းများကို အထောက်အပံ့ဖြစ်စေရန်အလို့ငှာ Wave Money ၏ စွမ်းဆောင်ရည်များကို မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုက မြှင့်တင်ပေးမည်ဟု ဆိုသည်။

Ant Group မှ အမှုဆောင်ဥက္ကဋ္ဌ Eric Jing ကလည်း Ant Group နှင့် Wave Money သည် ငွေကြေးဝန်ဆောင်မှုကို လူတိုင်းလက်လှမ်းမီစေရန် ဆောင်ရွက်ရာတွင် အမြင်များတူညီပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုကြောင့် Wave Money သည်လည်း ဝန်ဆောင်မှုများပိုမို ကောင်းမွန်လာမည်ဖြစ်ကြောင်း နှင့် လုပ်ငန်းရှင်နှင့်သုံးစွဲသူများ ကျေနပ်မှုတိုးတက်စေရန် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

မြန်မာအစိုးရသည် ငွေရေးကြေးရေးအလုံးစုံပါဝင်မှုလုပ်ငန်းစဉ်ကို လက်ရှိ ၄၈ % မှ ၂၀၂၂ ခုနှစ်တွင် ၆၀% အထိ တိုးမြှင့်ရန် စီစဉ်ထားသည်။ ထိုသို့တိုးတက်အောင်လုပ်ဆောင်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာနှင့် မိုဘိုင်းဖြေရှင်းချက်များက အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သောကြောင့် Yoma Strategic သည်  Wave Money တွင် အစုရှယ်ယာပိုင်ဆိုင်မှု တိုးတက်နိုင်မှုအပါအဝင် မြန်မာ့ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုကဏ္ဍတွင် ၎င်း၏ အစုရှယ်ယာကို တည်တံ့ရန် မျှော်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly