ဘရာစီယာကို ဘယ်လောက်နေရင် တခါလျှော်သင့်လဲ

ဘရာစီယာကို ဘယ်လောက်နေရင် တခါလျှော်သင့်လဲ
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar | ရေးသားသူ Dr.Thant Zin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar | ရေးသားသူ Dr.Thant Zin

ဘရာစီယာကို ဘယ်လောက်နေရင် တခါလျှော်သင့်လဲ?

တခါဝတ်ပြီးတိုင်းလား? တပတ်တခါလား? ၂ပတ်၃ပတ်နေမှလား?

အမှန်တော့ ခဏခဏ လျှော်နေဖို့ သိပ်မလိုပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်

ဘရာစီယာဟာ အကူအညီပေးလား ဒုက္ခပေးလား

ဘရာစီယာနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေ ပြသနာတွေ ရှိပါတယ်။ တချို့ ဘရာစီယာတွေအမျိုးအစားတွေဟာ ကျန်တဲ့ အမျိုးအစားတွေထက် ပိုဆိုးပါတယ်။ မတော်တဲ့ ဘရာစီယာဟာ ပိုပြီး ဒုက္ခပေးပါတယ်။

ဆေးပညာရှင်၂ဦးဖြစ်တဲ့ Sydney Singer နဲ့ Soma Grismaijer တို့ဟာ ရင်သားကင်ဆာနဲ့ ဘရာစီယာတို့ကြားက ဆက်နွယ်မှုကို သိရှိနိုင်ဖို့ အမျိုးသမီးပေါင်း ၄ထောင်ကျော်ကို စမ်းသပ် လေ့လာတဲ့အခါ ဘရာစီယာမဝတ်သူ အမျိုးသမီးများဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့တွေ့ရှိချက်တွေမှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။

  • ဘရာစီယာကို ၂၄နာရီပတ်လုံး ဝတ်သူ အမျိုးသမီးများဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၄ပုံ၃ပုံခန့် ရှိတယ်လို့ ဆိုပါတယ်။
  • တရက်မှာ ၁၂နာရီခန့်ဝတ်သူ အမျိုးသမီးများဟာ ဖြစ်နိုင်ခြေ ၇ပုံ၁ပုံ ရှိတယ်လို့ ဆိုပါတယ်။
  • တရက်ကို ၁၂နာရီအောက်ဝတ်သူ အမျိုးသမီးများဟာ ဖြစ်နိုင်ခြေ ၅၂ပုံ ၁ပုံ ရှိတယ်လို့ ဆိုပါတယ်။
  • ဘရာစီယာ မဝတ်သလောက်ရှိသူ၊ လုံး၀ မဝတ်သူများဟာ ဖြစ်နိုင်ခြေ ၁၆၈ပုံ ၁ပုံ ရှိတယ်လို့ ဆိုပါတယ်။

တင်းကျပ်တဲ့ ဘရာစီယာဝတ်ခြင်းကြောင့် ပြန်ရည်ကြော စီးဆင်းမှုကို အဟန့်အတား ဖြစ်စေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ ဆေးပညာရှင် အများအပြားက လက်ခံထားကြပါတယ်။ အဲဒီအခါမှာ ကိုယ်ခန္ဓါက တနေ့တာစွန့်ပစ်ဖို့ လိုအပ်တဲ့ အဆိပ်အတောက်တွေကို မစစ်ထုတ်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဥပမာ ပြန်ရည်ကြောစီးဆင်းမှုမကောင်းရင် ချွေးနံ့ပျောက်ဆေးမှာပါတဲ့ အလူမီနီယမ်ဓါတ်ဟာ စုစည်းလာပြီး အဆိပ်အတောက်ဖြစ်စေနိုင်တာမို့ အန္တရာယ်များပါတယ်။

Dr. Michael Schacter ဟာ ရင်သားကင်ဆာကာကွယ် ကုသရေးအကြောင်း ရေးသားထားတဲ့ ဆောင်းပါး တခုထဲမှာ ပြန်ရည်စီးဆင်းမှုရဲ့ ၈၅%ကျော်ကျော်ဟာ ရင်သားကနေ ချိုင်းမှာရှိတဲ့ ပြန်ရည်ကြောအကျိတ်ကို စီးဆင်းကြောင်း၊ ကျန်အများစုဟာလည်း ရင်ခေါင်းက ပြန်ရည်ကြောအကျိတ်တွေဆီ စီးဆင်းကြောင်း ဆိုခဲ့ပါတယ်။ ဘရာစီယာနဲ့ တခြားတင်းကျပ်တဲ့ အဝတ်အစားတွေဟာ ပန်ရည်ကြောရဲ့ စီးဆင်းမှုကို အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဘရာစီယာရဲ့ သဘောသဘာဝ၊ တင်းကျပ်မှု၊ ဝတ်ဆင်တဲ့ကြာချိန် စတာတွေဟာ ပြန်ရည်ကြော ပိတ်ဆို့မှုအပေါ် သက်ရောက်မှုရှိကြောင်း၊ ဘရာစီယာဝတ်ဆင်မှုဟာ ပြန်ရည်ကြော စီးဆင်းမှုကို ထိခိုက်စေပြီး ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားကြောင်း ရေးသားခဲ့ပါတယ်။

ဒါပေမယ့် တင်းကျပ်တဲ့၊ မတော်တဲ့ ဘရာစီယာတွေထက် ပိုဆိုးတဲ့ အမျိုးအစားကတော့ ပုံဖော်ချုပ်လုပ်ထားတဲ့ ဘရာစီယာပါပဲ။

အဲဒီအမျိုးအစားတွေဟာ သတ္တု၊ ပလတ်စတစ် စတာတွေနဲ့ ပုံဖော်ထားပြီး ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဘယ်လောက်ဆိုရင် များသွားမလဲ

ဘရာစီယာကို ဘယ်အချိန်က နောက်ဆုံး လျှော်ခဲ့ပါသလဲ။ တပတ်လောက်ကလား? တလလောက်ကလား? ဘရာစီယာနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတဦးဖြစ်တဲ့ Candece Etafo ကတော့ ၃ကြိမ်ဝတ်ပြီးတိုင်း လျှော်သင့်ကြောင်း၊ ဆက်တိုက်မဝတ်သင့်ကြောင်း ဆိုခဲ့ပါတယ်။ သူတို့ကို ဆန့်ပြီးသုံးရပါမယ်။ တခြား ရှူးဖိနပ်တွေ၊ အဝတ်တွေလိုပဲ တတ်နိုင်သလောက် လှည့်သုံးရပါမယ် လို့ ဆိုပါတယ်။

ဘရာတထည်ကို မလျှော်ဘဲ ဝတ်ရတဲ့ ပုံမှန်အချိန်ကတော့ တပတ်၂ပတ်ခန့်ဖြစ်ကြောင်း အယ်ဒီတာတဦးဖြစ်သူ LV Anderson က ဆိုပါတယ်။ အမျိုးသမီးအများစုဟာ တထည်မက ဝတ်ဆင်တာကြောင့် ပုံမှန်အားဖြင့် တလမှာတခါတော့ လျှော်နိုင်ကြောင်း ဆက်လက်ပြောဆိုပါတယ်။

Anderson ဟာ အမျိုးသမီး ၂၀၀ ကျော်ဆီကနေ သူတို့ရဲ့ ဘရာစီယာဝတ်စားပုံ အမူအကျင့်တွေကို သိပ္ပံနည်းကျမဟုတ်တဲ့ စစ်တမ်းအနေနဲ့ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး ၃ပုံ၁ပုံခန့်ဟာ ၂ပတ်ကြာတိုင်း သူတို့ ဘရာစီယာတွေကို လျှော်ကြောင်း၊ တဝက်နီးပါးခန့်ကတော့ ဒီထက်မက လျှော်ကြောင်း သိရပါတယ်။ (အားကစားဝတ်စုံကတော့ တမျိုးတဘာသာဖြစ်ပါတယ်။ တကြိမ်ဆော့ကစားပြီး တိုင်း လျှော်တယ်လို့ သိရပါတယ်။)

စာဖတ်သူတွေဆီကနေ စစ်တမ်းကောက်ယူမှုတခုမှာတော့ ၃၇%ခန့်ဟာ တလတကြိမ်လျှော်ပြီး ၇%ခန့်ကတော့ တခါဝတ်ပြီးတိုင်း လျှော်တယ်လို့ သိရပါတယ်။

တခါဝတ်ပြီးတိုင်း မလျှော်သင့်

ဘရာစီယာကို လိုတာထက်ပိုပြီး မကြာခဏ လျှော်နေခြင်းဟာ ကောင်းခြင်းထက် ဆိုးခြင်းက ပိုများတယ်လို့ ဆိုပါတယ်။ လျှော်လွန်းခြင်းကြောင့် ကျုံ့နိုင်ဆန့်နိုင်မှုလျော့သွားတဲ့အခါ ရင်သားကို ထောက်ပံ့ပေးနိုင်မှု လျော့သွားတယ်လို့ ဆိုပါတယ်။

ပုံသဏ္ဍာန်ပျက်သွားတဲ့အခါ အရွယ်အစား မတော်နိုင်တော့ဘူးလို့ Carolyn Forte ဆိုသူက ပြောပါတယ်။

ချွေးသိပ်မစိုရင် ၃-၄ခါ ဝတ်ပြီးမှ လျှော်သင့်

၃-၄ခါ ဝတ်ဆင်ပြီးချိန်မှာ လျှော်သင့်ပေမယ့် လှုပ်ရှားမှုပေါ်မှာလည်း မူတည်ပါတယ်။ ပူပြင်းပြီး ချွေးထွက်များရင် ဝတ်ပြီးတာနဲ့ လျှော်သင့်ပါတယ်။ နောက်တချက်က ခဏလောက်ပဲ ဝတ်လိုက်တာမျိုးဆိုရင် ဝတ်ဆင်တဲ့အကြိမ်ရေမှာ ထည့်တွက်စရာ မလိုပါဘူး။ လျှော်ဖွပ်ခြင်းကြောင့် ဆီချေးညှော်များ၊ ပိုးမွှားများ စုဝေးခြင်းကို ရှင်းလင်းပေးပါတယ်။ ဒါကြောင့် ဆီချေးညှော်တွေ ပိုထွက်တတ်ရင်တော့ ပိုလျှော်သင့်ပါတယ်။

ရိုးရိုးဘရာစီယာကတော့ ခဏလောက်ဝတ်ပြီး ပြန်သိမ်းထားနိုင်ပေမယ့် အားကစားချိန်မှာ ဝတ်ဆင်တဲ့ ဘရာစီယာကတော့ ဝတ်ပြီးတာနဲ့ လျှော်သင့်ပါတယ်။

လှည့်ဝတ်ဖို့အတွက် အများကြီးစိတ်မပူပါနဲ့

ဘရာစီယာရဲ့ သဘာဝအရ ဒီနေ့ဘာဝတ်တယ် နောက်နေ့ဘာဝတ်တယ် လိုက်ကြည့်ပြောစရာ မလိုပါဘူး။

ကျုံ့နိုင်ဆန့်နိုင်မှုတွေ လျော့နည်းသွားခြင်းကနေ သက်သာအောင် ဘရာအများအပြားကို အလှည့်ကျ ဝတ်သင့်ပါတယ်။ တထည်တည်းကို ၂ရက်ဆက်ဝတ်တာတော့ မကောင်းပါဘူး။ ညဘက်မှာ ချွတ်ထားလိုက်ရင် သူ့ပုံစံပြန်ရစေဖို့ အချိန်ရပါတယ်။ ၈-၉နာရီ အချိန်မရရင် နောက်တရက်လောက် ထားရပါမယ်။

အမြဲသတိပြုဖို့

ဘရာစီယာများဟာ ပုံမပျက်စေဖို့ နူးညံ့စွာလျှော်ဖွပ်ဖို့ လိုပါတယ်။ လမ်းညွှန်အမှတ်အသားလေးတွေကို စစ်ဆေးရပါမယ်။

စက်နဲ့ထည့်လျှော်မယ်ဆိုရင် အနူးညံ့ဆုံးကိုရွေးပြီး လျှော်ရပါမယ်။ ဆန်ကာအိတ်နဲ့ ထည့်လျှော်ရင် စက်ထဲမှာသိပ်ပြီး လိမ်ညှစ်တာ မကြုံရပါဘူး။

ဆန်ကာအိတ်ဟာ ချိတ်တွေ ပြုတ်မထွက်အောင်လည်း ထိန်းသိမ်းပေးပါတယ်။ ဆပ်ပြာကိုလည်း ခပ်ပျော့ပျော့ပဲ သုံးရပါမယ်။

အပူပေးအခြောက်ခံစက်ကိုရှောင်

ဒီအတိုင်းဖြန့်လှန်းတာ အကောင်းဆုံးပါပဲ။ အပူပေးပြီးခြောက်စေခြင်းဟာ ဘရာစီယာရဲ့ ပုံစံနဲ့ ကြုံ့နိုင်ဆန့်နိုင်စွမ်းကို ပျက်စေပါတယ်။ ချိတ်လှမ်းရင်လည်း ရှည်ထွက်လာနိုင်ပါတယ်။

ဖြန့်မလှမ်းခင် ရင်ခံခွက်တွေ တွန့်ခေါက်နေခြင်းရှိမရှိ စစ်ဆေးရပါမယ်။ ရေတွေကို ပဝါနဲ့ သုတ်တာ ကောင်းပါတယ်။ လိမ်ညှစ်တာ မလုပ်သင့်ပါ။ အားကစားဘရာစီယာတွေလည်း ဒီနည်းအတိုင်းပါပဲ။ ပုံစံတောင့်တင်းနေတယ်ထင်ရရင်တောင် တတ်နိုင်သလောက် ဂရုစိုက်ရပါမယ်။

လက်နဲ့လျှော်စရာ မလိုပါဘူး။

အောက်ခံအဝတ်တွေကို လက်နဲ့ပဲလျှော်သင့်တယ်ဆိုတာ မှားပါတယ်။

ဘရာစီယာတွေဟာ သိပ်ပြီးဈေးမကြီးရင်၊ အရမ်းနူးညံ့မနေနရင် စက်နဲ့ပဲ လျှော်နိုင်ပါတယ်။

စက်နဲ့လျှော်ရင် ရေအေးအေးမှာ နူးညံ့တဲ့ လျှော်ဖွပ်ပုံကိုပဲ ရွေးချယ်ပါ။ ဆန်ကာအိတ်နဲ့ ထည့်လျှော်ပါ။ ဒါဆိုရင် ပျက်စီးမှာ မပူရတော့ပါဘူး။ ဆပ်ပြာပျော့ပျော့သုံးပါ။

သူတို့ဟာ မြန်မြန်စုတ်ပြဲသွားနိုင်ပေမယ့် ဘယ်နှကြိမ်ဝတ်ရသလဲဆိုတာပဲ အဓိကပါ။

စနစ်တကျထားသိုပါ

အံဆွဲထဲမှာ စီရရီထည့်ထားပါ။ တွန့်ခေါက်ထားခြင်း၊ ဖြစ်သလိုထားခြင်းဟာ ဘရာစီယာတွေကို ပျက်စီးလွယ်စေပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly