ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဆိုသည်မှာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဆိုသည်မှာ

မေ ၁၈

ကုလသမဂ္ဂအေဂျင်စီ၏ ကမ္ဘာ့ကျန်းမာရေးညီလာခံ ဆုံးဖြတ်ချက်ချမှတ်ရေးအဖွဲ့သည် ၎င်းတို့၏ နှစ်ပတ်လည်ညီလာခံကို ယခုသီတင်းပတ်မှစ၍ ကျင်းပလျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်စပ်လျဉ်း၍ အချက်ငါးချက်ဖြင့် တင်ပြချင်ပါသည်။

ဒုတိယကမ္ဘာစစ်အပြီး တည်ထောင်ခဲ့

ဒုတိယကမ္ဘာစစ်အပြီး၌ ကုလသမဂ္ဂဖွဲ့စည်းရန်အတွက် သံတမန်များသည် ၁၉၄၅ ခုနှစ်တွင် တွေ့ဆုံခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအဖွဲ့ကို ထူထောင်ရန်ဆွေးနွေးခဲ့ကြသည်။ သုံးနှစ်အကြာ ၁၉၄၈ ခုနှစ် ဧပြီ ၇ ရက်၌ WHO အဖွဲ့ကြီးပေါ်ပေါက်လာခဲ့သည်။ အမြင့်မားဆုံးကျန်းမာရေးစံချိန်ကို စံစားခြင်းသည် လူသားတိုင်း၏ အခြေခံအခွင့်အရေးများအနက်တစ်ခုဖြစ်သည် ဟူသောမူကို အခြေခံကာ ဖွဲ့စည်းခဲ့သည်။

WHO က ကျန်းမာရေးကို ‘ရောဂါ သို့မဟုတ် ကပ်ရောဂါ ကင်းစင်ရုံတင်မကဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆိုင်ရာ ပြီးပြည့်စုံသောအခြေအနေ’ အဖြစ် အဓိပ္ပါယ်သတ်မှတ်ခဲ့သည်။ နိုင်ငံပေါင်း ၁၅၀ ၊ ဒေသရုံး ခြောက်ရုံးနှင့် ဂျနီဗာဌာနချုပ် စသည်တို့တွင် ဝန်ထမ်းပေါင်း ၇ ၀၀၀ ကျော်ရှိပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၄ နိုင်ငံရှိသည်။

ခေါင်းဆောင်မှုဖွဲ့စည်းပုံ

WHO သည် ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) ၊  အမှုဆောင်ဘုတ်အဖွဲ့နှင့် ညွှန်ကြားရေးမှူးချုပ်တို့အကြား အုပ်ချုပ်ပုံခွဲခြားထားသည်။

ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) သည် WHO ၏ ဆုံးဖြတ်ချက်ချသည့်အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တစ်နှစ်တစ်ကြိမ်တက်ရောက်ကြသည်။ WHA သည်  မူဝါဒများချမှတ်ခြင်း၊ ညွှန်ကြားရေးမှူးချုပ်ခန့်အပ်ခြင်း၊ ငွေကြေးမူဝါဒကြီးကြပ်ခြင်းနှင့် ဘတ်ဂျက်အတည်ပြုခြင်းများလုပ်ဆောင်သည်။

သုံးနှစ်သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခံရသည့် နည်းပညာပိုင်းဆိုင်ရာ အရည်အချင်းပြည့်မီသောအဖွဲ့ဝင် ၃၄ ဦး ပါ အမှုဆောင်ဘုတ်အဖွဲ့သည် WHA အစီအစဉ်ဇယားဆုံးဖြတ်ရန် ဇန်နဝါရီလတွင်တစ်ကြိမ်၊ ညီလာခံကျင်းပသည့် မေလတွင်တစ်ကြိမ် တစ်နှစ်လျှင်နှစ်ကြိမ် တွေ့ဆုံရသည်။အဓိကလုပ်ငန်းမှာ WHA အတွက် အကြံပေးရန်နှင့် ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရန် ဖြစ်သည်။ ညွှန်ကြားရေးမှူးချုပ်ကို ဘုတ်အဖွဲ့၏စာရင်းတင်သွင်းမှုဖြင့် WHA က ခန့်အပ်သည်။ ၂၀၁၇ ခုနှစ်က စတင်ထမ်းဆောင်ခဲ့သည့် ရှစ်ဦးမြောက် ညွှန်ကြားရေးမှူးချုပ် မှာ အသက် ၅၅ နှစ်အရွယ်ရှိ အီသီယိုးပီးယား ကျန်းမာရေးနှင့်နိုင်ငံခြားရေးဝန်ကြီးဟောင်း တက်ဒရော့စ်အက်ဒ်ဟာနွမ်ဂေဘရဲယယ်ဆွတ် ဖြစ်သည်။

ငွေကြေးထောက်ပံ့မှု

WHO ဘတ်ဂျက်သည် နှစ်နှစ်ယန္တရားဖြင့်လည်ပတ်သည်။ ငွေကြေးကို အဖွဲ့ဝင်နိုင်ငံများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ရရှိပြီး အဖွဲ့ဝင်ကြေးကို နိုင်ငံ၏လူဦးရေနှင့်ချမ်းသာကြွယ်ဝမှုအရ ကောက်ခံသည်။ သို့သော် သတ်မှတ်ထည့်ဝင်ငွေများသည် WHO ရန်ပုံငွေ၏ လေးပုံတစ်ပုံအောက်သာရှိပြီး အများစုမှာ အဖွဲ့ဝင်နိုင်ငံများနှင့်အလှူရှင်များ၏ စေတနာအလျောက်ထည့်ကြသော ငွေများဖြစ်သည်။ ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် WHO ၏ ဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၆၂ ဘီလီယံရှိပြီး ၎င်းတို့အနက် ၄ ဒဿမ ၃ ဘီလီယံမှာ လှူဒါန်းငွေများဖြစ်သည်။ အများဆုံးထည့်ဝင်သောနိုင်ငံများမှာ အမေရိကန် (၁၅.၉ %)၊ ဘီလ်နှင့် မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်း (၆.၆ %) နှင့် ဂျာမနီ (၅.၂ %) တို့ဖြစ်သည်။

အောင်မြင်မှုများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည်ပြင်းထန်သောရောဂါများစွာကို အမြစ်ပြတ် ချေမှုန်းရေးအတွက် အဓိကနေရာမှပါဝင်သည်။ ကာကွယ်ဆေးထိုးခြင်းအစီအစဉ်လုပ်ပြီးနောက် ကျောက်ရောဂါကို လုံးဝပျောက်ကွယ်သွားပြီဟု ၁၉၈၀ မေလတွင် WHO က ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၇၅ ခုနှစ်မှစ၍ သုတေသနအစီအစဉ်ပြုလုပ်ခဲ့သည့် အပူပိုင်းဒေသရောဂါရှစ်ခုအနက်ငါးခုကို ၂၀၁၆ ခုနှစ်၌ ဖယ်ရှားနိုင်ခဲ့သည်။ ငှက်ဖျားရောဂါကို ၂၀၀၀ ခုနှစ်အစောပိုင်းမှစ၍ ဥရောပတိုက်တွင် မတွေ့ရတော့ပေ။

ပိုလီယိုရောဂါတိုက်ဖျက်ရန်လည်း ကြိုးပမ်းအားထုတ်ခဲ့ပြီး ၁၉၈၈ ခုနှစ်က နိုင်ငံပေါင်း ၁၂၅ နိုင်ငံတွင် ရောဂါဖြစ်ပွားမှု ၃၅၀ ၀၀၀ ခန့် ရှိခဲ့ကာ ရောဂါ၏ ၉၉ % ကျဆင်းအောင် လုပ်ဆောင်နိုင်ခဲ့သည်။

WHO သည် UNAIDS နှင့်လက်တွဲ၍ အထူးသဖြင့် အာဖရိကနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူသန်းပေါင်းများစွာသော AIDS ရောဂါသည်များအတွက် ၂၀၀၃ ခုနှစ်က ဆေးဝါးများထောက်ပံ့ပေးခဲ့သည်။

ဆုတ်ယုတ်မှုများ

၂၀၁၃ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်း အနောက်အာဖရိက၌ လူပေါင်း ၁၁ ၃၀၀ ထက်မနည်းသေဆုံးစေခဲ့သော အီဘိုလာရောဂါအား WHO ကိုင်တွယ်ခဲ့ပုံကို အကြီးမားဆုံးကျရှုံးမှုကြီးတစ်ရပ်အဖြစ် ရှုမြင်နိုင်သည်။ ရောဂါကို ကနဦးတွင် လျှော့တွက်ခဲ့သည့်အတွက် WHO အား ပြစ်တင်ဝေဖန်ခဲ့ကြသည်။ တုံ့ပြန်မှုနှေးကွေးခြင်းနှင့် ထိန်းချုပ်၍မရနိုင်လောက်အောင် ဖြစ်ပွားခဲ့သည့်ရောဂါ၏ကြီးမားမှုကို မကိုင်တွယ်နိုင်ခြင်းကြောင့် အဖွဲ့အစည်းကိုပြုပြင်ပြောင်းလဲရန် တွန်းအားပေးခံခဲ့ရသည်။

ဂီနီနိုင်ငံတွင်လည်း အီဘိုလာဗိုင်းရပ်စ်စတင်ပေါ်ပေါက်ပြီး ငါးလအကြာ ၂၀၁၄ ဩဂုတ်လမှ နိုင်ငံတကာအရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် WHO က ကြေညာခဲ့ပြီး ထိုသတိပေးချက်သည်လွန်စွာနောက်ကျကြောင်း အစိုးရမဟုတ်သောအဖွဲ့အစည်းများက ပြစ်တင်ဝေဖန်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly