တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ဖြစ်နိုင်သည့် အလားအလာနှင့်ပတ်သက်၍ ထိပ်တန်း ပညာရှင် သတိပေး

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ဖြစ်နိုင်သည့် အလားအလာနှင့်ပတ်သက်၍ ထိပ်တန်း ပညာရှင် သတိပေး

မေ ၁၈

တရုတ်နိုင်ငံအနေဖြင့် ယင်း၏ ပြည်သူလူထုထဲတွင် COVID-19 ရောဂါခုခံအား (immunity)  မရှိသေးသည့်အတွက် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းတစ်ခုကို ရင်ဆိုင်ရနိုင်ဖွယ် ရှိကြောင်း အစိုးရ၏ အကြီးတန်း ဆေးပညာဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးက သတိပေးသွားသည်။

လများအကြာအထိ လော့ခ်ဒေါင်းချမှတ်မှုများ၊ ခရီးသွားလာမှုအပေါ် ထိန်းချုပ်ကန့်သတ်ချက်များ ချမှတ်လုပ်ဆောင်ခဲ့ပြီးနောက် တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကို အများအားဖြင့် ထိန်းချုပ်နိုင်ခဲ့သော်လည်း နိုင်ငံအရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် အလယ်ပိုင်းမြို့ ဝူဟန်တို့တွင် အစုအဝေးပုံစံ ကူးစက်မှုဖြစ်စဉ်သစ်များ ပေါ်ထွက်လာခဲ့ခြင်းနှင့်အတူ ဒုတိယလှိုင်းတစ်ခုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

“တရုတ် ပြည်သူ အများစုဟာ လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ကူးစက်မှုကို ခံနိုင်ရည် မရှိသေးပါဘူး၊ ဘာလို့လဲ ဆိုတော့ ဒီဗိုင်းရပ်စ်ကို ခံနိုင်အား မရှိသေးလို့ ဖြစ်ပါတယ်” ဟု တရုတ်အစိုးရ၏ ကပ်ရောဂါ တုန့်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူဖြစ်သည့် Zhong Nanshan က ပြောသည်။

“ကျွန်တော်တို့ဟာ အတော်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်နေရပါတယ်၊ ဒါဟာ ပြည်ပနိုင်ငံတွေထက် ပိုကောင်းမနေဘူးလို့လည်း လောလောဆယ်မှာ ကျွန်တော် ထင်မြင်မိပါတယ်” ဟု ၎င်းက ပြောသွားသည်။

Zhong သည် ၂၀၀၃ ခုနှစ် ဆားစ် ပြင်းထန် အဆုတ်ရောင်ရောဂါ၏ အတိုင်းအတာကို ကူညီဖော်ထုတ်ခဲ့သူဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှု အစောပိုင်းနေ့ရက်များအတွင်း ဗိုင်းရပ်စ် စတင်ကူးစက်ဖြစ်ပွားရာ ဝူဟန်မြို့ရှိ အာဏာပိုင်များသည် ကူးစက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ အချက်အလက် အပြည့်အစုံ ထုတ်ဖော်ရန် ပျက်ကွက်ခဲ့ကြောင်း Zhong က ပြောသည်။

“ ဝူဟန် အာဏာပိုင်တွေက အဲဒီအချိန်တုန်းက အမှန်ကို ပြောမပြချင်ခဲ့ကြပါဘူး” ဟု Zhong က ပြောသည်။ ၎င်းသည် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို စစ်ဆေးရန် ဝူဟန်သို့ စေလွှတ်ခြင်းခံရသည့် ပညာရှင်အဖွဲ့တစ်ခုတွင် လိုက်ပါခဲ့သူလည်း ဖြစ်သည်။

“ အဲဒီ ရလဒ် (ထုတ်ပြန်သည့် ဖြစ်စဉ်အရေအတွက်) ကို ကျွန်တော် မယုံခဲ့ပါဘူး၊ ဒါကြောင့် ကျွန်တော် သူတို့ကို ဆက်ပြီး မေးခဲ့ပါတယ်၊ မင်းတို့ ငါ့ကို တကယ့် ကိန်းဂဏန်းအမှန်ကို ပြောကို ပြောရမယ်လို့ ပြောခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် ဇန်နဝါရီလကုန် ဝူဟန်တွင် လော့ခ်ဒေါင်းချခံရပြီးနောက်ပိုင်းနှင့် ဗဟိုအစိုးရက ဗိုင်းရပ်စ် ဖြစ်ပွားမှုအပေါ် တုန့်ပြန်မှုကို ထိန်းချုပ်ကိုင်တွယ်ခဲ့ချိန်တွင် ထုတ်ပြန်ခဲ့သည့် ဒေတာအချက်အလက်များသည် မှန်ကန်လိမ့်မည်ဟု ယုံကြည်မိကြောင်း ၎င်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုအခါ ကမ္ဘာတဝန်း အနည်းဆုံးလူပေါင်း ၃၀၉,၂၉၆ ဦးကို သေဆုံးခဲ့ပြီဟု AFP က ပြုစုခဲ့သည့် စာရင်းများအရ သိရသည်။ ကမ္ဘာတစ်ဝန်း သိပ္ပံပညာရှင်များသည်လည်း ကာကွယ်ဆေးရရန် ကြိုးပမ်းရှာဖွေနေကြသည်။

တချိန်တည်းမှာပင် COVID-19 အတွက် “ပြီးပြည့်စုံသော” ကာကွယ်ဆေးတစ်မျိုး ရရှိရန် အချိန်နှစ်များစွာချီ ကြာမြင့်နိုင်ကြောင်း Zhong က သတိပေးသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly