မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ သင်္ဘောများ မသွားရန် မိုးဇလသတိပေး

မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ သင်္ဘောများ မသွားရန် မိုးဇလသတိပေး
 ပုံ- မိုးလေဝသ ခန့်မှန်းချက် အညွန်းပြ(ပုံ- မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊မေ ၁၇

ရာသီဥတု အခြေအနေ ဆိုးဝါးနိုင်သည့်အတွက် မြန်မာ့ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ ငါးဖမ်းရေ ယာဉ်များ အပါအဝင် ကုန်တင်သဘောများ အနေဖြင့် မေလ ၁၈ ရက်မှ ၂၁ ရက်အထိ မသွားသင့် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

ပုံ- ပင်လယ်မှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြသူများ

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်မှာ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်သောကြောင့် မြန်မာ့ကမ်းရိုးတန်း တလျှောက်ဖြစ်သည့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

 ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “ပင်လယ်ပြင်ကတော့ သက်ဆိုင်ရာဌာနတွေ ဆိပ်ကမ်းအာဏာပိုင်တို့၊ ရေကြောင်း ဦးစီးတို့က ပင်လယ်ပြင်ကို ပေးထွက်တော့မှာ မဟုတ်ဘူး။ ပင်လယ်ထဲ ရောက်နေတဲ့ ကုန်တင် သင်္ဘောတွေ အနေနဲ့ ကုန်းတွင်းပိုင်းကို ကမ်းပေါ်ကို ပြန်လာသင့်တယ်။ ၁၈ ရက်ကနေ ၂၁ ရက်အတွင်းကို ပြန်ဝင်လာသင့်တယ်” ဟု  ပြော သည်။

မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြင့်စိုးက မိမိတို့ အနေဖြင့် ပင်လယ်ပြင်ထွက် ငါးဖမ်းနေသော သင်္ဘောများ ကမ်းနားကို ပြန်လည် ကပ်ရန်ပြော ထားကြောင်း ဆိုသည်။

“အော်တော့ အော်ထားတယ်၊ ကျွန်တော်တို့ ကမ်းနားကို ကပ်ခိုင်းထားတယ်။ ကမ်းနဲ့ မိုင် ၂၀ အကွာလောက်ပဲ သွားခွင့်ပြု ထားတယ်။ လက်ရှိမှာတော့ ငါးဖမ်းနေကြတုန်းပဲ။ မိုးဇလရဲ့သတင်းထုတ်ပြန်ချက်ကို ကြည့်ပြီး လုပ်နေကြတာ။ အစိုးရ ကတော့ ဘာမှ အသိပေးတာမရှိသေးပါဘူး”ဟု ၎င်းက ပြောသည်။

မြန်မာစံတော်ချိန် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အနောက် တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN) သည် အနောက်မြောက်ဘက်သို့ ဦးတည် ရွေ့လျား နေပြီး ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့ သည်။

ဦးကျော်မိုးဦးက “လက်ရှိမှာတော့ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ကို ဦးတည်နေတယ်ဆိုပေမယ့် လောဆယ် ပင်လယ် ထဲမှာရှိနေတဲ့ အတွက်ကြောင့် ဝင်လာနိုင်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့လည်း အထူးသတိထားပြီး တော့ စောင့်ကြည့်သင့်တယ်။ ပင်လယ်ထဲမှာရှိနေတဲ့ အတွက်ကြောင့် လမ်းကြောင်းပြောင်းနိုင်တဲ့ အနေအထားရှိတယ်” ဟု ဆိုသည်။

ထို့နောက် ဆိုင်ကလုန်း အမ်ဖန်သည် လမ်းကြောင်းပြောင်း၍ မြန်မာနိုင်ငံကို ဦးတည်လာမည်ဆိုပါက ပြည်သူများအနေဖြင့် ဘေးလွတ်ရာ ဆိုင်ကလုန်း ရှပ်တာများသို့ သွားသင့်ကြောင်း ၎င်းက သတိပေးသည်။

ဦးကျော်မိုးဦးက “လမ်းကြောင်း ထပ်ပြောင်း လာမယ်ဆိုရင် ရှောင်ရှားနိုင်တဲ့ နေရာတွေကို ကြိုတင် သွားထားသင့်တယ်။ ဥပမာ ရခိုင်နဲ့ ဧရာဝတီ ဆိုရင် ဆိုင်ကလုန်းရှပ်တာတွေ ဆောက်ထားပေးပြီးပြီ၊ တကယ်လို့ လမ်းကြောင်းပြောင်း မယ်ဆို ရင် ကြိုတင်ပြီး ပြောင်းထားသင့်တယ်။ နောက်တစ်ခုက စားနပ်ရိက္ခာ သုံးရက်စာလောက် ကြိုပြင်ဆင် ထားသင့်တယ်။ အခုက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားနေတယ်ဆိုပေမယ့် ပင်လယ်ထဲမှာ ဖြစ်နေတဲ့အတွက် အချိန်နဲ့အမျှ မြန်မာနိုင်ငံ အနေနဲ့ သတိထား စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်ထားသင့်တယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “လက်ရှိမှာတော့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် အနေနဲ့တော့ လက်ရှိမှာ နောက် ခြောက်နာရီ အတွင်းမှာ ပိုမို အားကောင်း တဲ့ အမ်ဖန်အဖြစ်ကို ရောက်နိုင်တယ်။ လက်ရှိမှာ အနောက်မြောက်ဘက်ကို ရွေ့နေတယ်၊ ညနေပိုင်းမှာ အရှေ့မြောက် ဘက်ကို ပြန်ဦးတည်လာနိုင်တယ်။ နောက် ဒီနေ့ ခန့်မှန်းချက် အရဆိုရင် အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားပြည်နယ်နဲ့ နယ်စပ် လောက် ကနေပြီးတော့ ဝင်လာမယ်လို့ ခန့်မှန်းရတယ်” ဟု ပြောသည်။

ဆိုင်ကလုန်း အမ်ဖန်၏ အရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်သည်။

ထို့နောက် မြန်မာနိုင်ငံကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးရွာသွန်းနိုင်ပြီး မိုးသက်လေပြင်းကျကာ လှိုင်းကြီး နိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီ မိုင် ၄၀ လောက် တိုက်ခတ်နိုင်ကြောင်း၊ လှိုင်း အမြင့်သည် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း မိုးလေဝ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required