မျက်လုံးကနေတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ဟု ယုံကြည်ကြောင်း ဖွင့်ဟသွားခဲ့သည့် အမေရိကန်ရောဂါပိုးမွှားဗေဒပညာရှင်

မျက်လုံးကနေတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ဟု ယုံကြည်ကြောင်း ဖွင့်ဟသွားခဲ့သည့် အမေရိကန်ရောဂါပိုးမွှားဗေဒပညာရှင်

မေ ၁၇

ကျန်းမာရေး ကောင်းပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ခဲ့သော်ငြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၍ ဆေးရုံတက်ရောက်နေခဲ့ရသည့် အမေရိကန်ရောဂါပိုးမွှားဗေဒပညာရှင်နှင့် ကူးစက်ရောဂါ ကာကွယ်မှု ပညာရှင်တစ်ဦးဖြစ်သည့် Dr Joseph Fair က ၎င်းသည် လူပြည့်ကျပ်နေခဲ့သော လေယာဉ်တစ်စင်းပေါ်တွင် လိုက်ပါစီးနင်းခဲ့ရင်း မျက်လုံးကနေတဆင့် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ဟု ယုံကြည်နေမိကြောင်း ပြီးခဲ့သည့် မေလ ၁၄ ရက်က ထုတ်ဖော်ပြောကြားသွားခဲ့သည်။

NBC News သတင်းဌာနတွင် ပါဝင်ရေးသားသူတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်ရှိ Fair သည် ကမ္ဘာတဝန်း ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများကို တုန့်ပြန်ဆောင်ရွက်ခဲ့သူဖြစ်ကာ ၎င်းသည် နယူးအော်လန်းစ်မြို့ရှိ နေအိမ်သို့ လေယာဉ်ခရီးစဉ်တစ်ခုဖြင့် ပြန်ခဲ့ပြီးနောက် သုံးရက်အကြာတွင် ဖျားနာခဲ့သည်။

“ကျွန်တော် နှာခေါင်းစည်း တပ်ခဲ့တယ်၊ လက်အိတ်တွေလည်း ဝတ်ခဲ့တယ်ဗျာ၊ နောက်ပြီး ပုံမှန်လုပ်နေကျအတိုင်း ခန္ဓာကိုယ် သန့်စင်တာမျိုးလည်း လုပ်ခဲ့တယ်၊ ဒါပေမယ့် သိသာတဲ့အချက်တစ်ချက်က ခင်ဗျားအနေနဲ့ ခင်ဗျားမျက်လုံးတွေကနေတဆင့် ဒီဗိုင်းရပ်စ် ကူးစက်ခံရနိုင်သေးတယ်ဆိုတာပါပဲ၊ တကယ်တမ်းမှာ လေယာဉ်ပေါ်မှာ ကျွန်တော် မျက်မှန်မတပ်ခဲ့ဘူးလေ” ဟု Fair က ၎င်း၏ ဆေးရုံခုတင်ပေါ်ကနေတဆင့် “Today” show အစီအစဉ်တွင် ပါဝင်ပြောကြားသွားခဲ့သည်။

“အဲဒါက ဒီဗိုင်းရပ်စ် ကူးစက်ခံရတဲ့  အဓိကလမ်းကြောင်း သုံးခုအနက်က တစ်ခု ဖြစ်ပါတယ်၊ ဒါကို ကျွန်တော်တို့ သိပ်ပြီး အလေးမထားကြပါဘူး၊ ကျွန်တော်တို့ဟာ ပုံမှန်အားဖြင့် နှာခေါင်းနဲ့ ပါးစပ်ကိုပဲ အလေးထားတတ်ကြပါတယ်၊ ဘာလို့လဲ ဆိုတော့ အဲဒါက အဓိကအကျဆုံးလမ်းကြောင်းဖြစ်လို့ပါ၊ ဒါပေမယ့် ခင်ဗျားသိတဲ့အတိုင်းပါပဲ၊ ခင်ဗျားမျက်လုံးတွေပေါ် ကျလာတဲ့ အရည်အစက်တွေကလည်း ကူးစက်နိုင်တယ်ဆိုတာကိုပေါ့” ဟု ၎င်းက ပြောခဲ့သည်။

၎င်းစီးနင်းလိုက်ပါခဲ့သည့် လေကြောင်းလိုင်းကလည်း ၎င်းတို့ကို ငါးပိသိပ် ငါးချဉ်သိပ် တင်ဆောင်ခဲ့ကြောင်း  Fair က ပြောသွားခဲ့သည်။

Fair သည် လေယာဉ်ခရီးစဉ်တွင် လိုက်ပါခဲ့စဉ် ၎င်း၏ နှာခေါင်းနှင့် ပါးစပ်ကို ကာကွယ်ခဲ့ပြီး လေယာဉ်ပေါ်မှ ဆင်းပြီးနောက် တခြားမည်သည့်နေရာကိုမှ မသွားခဲ့ဘဲ ၎င်း၏ နေအိမ်ကိုသာ တန်းပြန်ခဲ့ကာ ယင်းနောက် ရက်အနည်းငယ်အကြာတွင် စပြီး နေထိုင်မကောင်းဖြစ်လာခဲ့သည်ဟု သိရသည်။ ယင်းအတွက်ကြောင့် လေယာဉ်ပေါ်တွင် ဗိုင်းရပ်စ်က မျက်လုံးကနေတဆင့် ၎င်းထံ ကူးစက်ရောက်ရှိလာခဲ့သည်ဟု Fair က သံသယရှိနေခြင်း ဖြစ်သည်။ “ဒါက ကျွန်တော် ခန့်မှန်းနိုင်သမျှ အကောင်းဆုံးယူဆချက်ပါ” ဟု ၎င်းက ပြောသွားခဲ့သည်။

ရောဂါ ထိန်းချုပ် ကာကွယ်ခြင်းစင်တာ (CDC) ၏ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်သည် အဓိကအားဖြင့် လူတစ်ဦးကနေ အခြားတစ်ဦးထံ ကူးစက်ပျံ့နှံ့ပြီး ကူးစက်ခံထားရသူတစ်ဦး ချောင်းဆိုး သို့မဟုတ် နှာချေလိုက်သည့်အခါ ထွက်လာသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ အရည်အစက်များကနေတဆင့် အဓိက ကူးစက်ကြောင်း သိရသည်။

 “အဲဒီ အရည်အစက်တွေက အနီးအနားမှာ ရှိနေသူတွေရဲ့ ပါးစပ် ဒါမှမဟုတ် နှာခေါင်းကို ရောက်သွားနိုင်ပါတယ်၊ ဒါမှမဟုတ် အနီးအနားက လူတွေရဲ့ အဆုတ်ထဲအထိ ရှုသွင်းခံရနိုင်ပါတယ်၊ ဗိုင်းရပ်စ်က တခြားနည်းတွေနဲ့တော့ အလွယ်တကူ မကူးစက်ပါဘူး” ဟု CDC က ပြောသည်။

သို့သော် လူတစ်ဦးတစ်ယောက်အနေဖြင့် ဗိုင်းရပ်စ် ရှိနေသည့် မျက်နှာပြင်တစ်ခု သို့မဟုတ် အရာဝတ္ထုတစ်ခုကို ထိတွေ့မိပြီး ယင်းနောက် ၎င်း၏ ပါးစပ်၊ နှာခေါင်း သို့မဟုတ် မျက်စိကို ကိုင်တွယ်ထိမိပါကလည်း ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း CDC က ပြောသည်။ “ ဒါကတော့ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံတဲ့ အဓိကလမ်းလို့ မထင်ရပါဘူး၊ ဒါပေမယ့် ဒီဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ဆက်လက် လေ့လာနေပါတယ်” ဟု CDC က ပြောသည်။

“ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ မသိသေးတာတွေ အများကြီး ရှိနေသေးတယ်လို့ ကျွန်တော်ထင်မိပါတယ်” ဟု Fair က ပြောသည်။

Fair သည် ကနဦးပိုင်းက တုပ်ကွေး ကဲ့သို့သော လက္ခဏာရပ်များသာ ခံစားခဲ့ရပြီး စားချင်သောက်ချင်စိတ် မရှိမှုကို စတင်ခံစားခဲ့ရသည် သိရသည်။ ၎င်းအနေဖြင့် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အေပါ် ဖိစီးမှု မဖြစ်စေလိုသည့်အတွက် ဆေးရုံသို့ ချက်ချင်း မသွားခဲ့ဟု သိရသည်။ ယင်းနောက် ၎င်းသည် အသက်ရှုရခက်ခဲလာသည့်အတွက် အရေးပေါ်လူနာတင်ကား ခေါ်ခဲ့ရသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက် ညပိုင်းတွင် Fair သည် အရေးပေါ်အခြေအနေအောက်တွင် ရှိမနေတော့ဟု သိရသည်။

Fair သည် COVID-19 ရောဂါပိုး စစ်ဆေးရာတွင် လေးကြိမ်အထိ negative အဖြေထွက်ခဲ့သည်ဟု သိရသည်။ သို့သော် ယင်းသည် အံ့အားသင့်စရာ မဟုတ်ကြောင်း ၎င်းက ပြောသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းအနေဖြင့် ဆေးရုံသွားရန် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ခဲ့ကြောင်း၊ ဗိုင်းရပ်စ်ကို ရှာမတွေ့တာမျိုးက ဖြစ်ကောင်းဖြစ်နိုင်ကြောင်း၊ စစ်ဆေးမှုများကလည်း  ၁၀၀ ရာခိုင်နှုန်း တိကျမှု မရှိနိုင်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

တချိန်တည်းမှာပင် ဗိုင်းရပ်စ် မကူးစက်ခံရနိုင်ဟု ထင်မြင်ယူဆကောင်း ယူဆနေနိုင်သည့် ကျန်းမာရေးကောင်းသော လူငယ်လူရွယ်များကိုလည်း အပြေးအားကစားသမားတစ်ဦးဖြစ်သည့် Fair က သတိပေးသွားခဲ့သေးသည်။ “ဗိုင်းရပ်စ်က ကျွန်တော့်ကို ပြိုလဲအောင် လုပ်နိုင်တယ်ဆိုရင် ဒါက လူတိုင်းကိုလည်း ပြိုလဲအောင် လုပ်နိုင်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required