နိုင်ငံတော် အစိုးရသို့ ပန်ကြားလွှာ

နိုင်ငံတော် အစိုးရသို့ ပန်ကြားလွှာ

 ၂၀၂၀ ခုနှစ်၊ မေလ (၁၆) ရက်။
နိုင်ငံတော် အကြီးအကဲများ ခင်ဗျား။

မိမိတို့သည် အသင်းဝင်ပေါင်း (၂၅၀) ဦးရှိသော၊ မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်းကို ကိုယ်စားပြုပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံခြားကုမ္ပဏီများအား အရက်ချက်လုပ်ခွင့်နှင့် အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့် (D1) လိုင်စင်များ ထပ်မံချထားပေးရန် သုံးသပ်လျက်ရှိကြောင်း ကြားသိရပါသည်။ ယခုလက်ရှိတွင် အရက်ချက် လုပ်ခွင့်နှင့် အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့် (D1) လိုင်စင်ပေါင်း (၇၀) ခုချထားပေးပြီး၊ ယင်းတို့အနက်မှ (D1) လိုင်စင်ပေါင်း (၁၀) ခုသာ၊ ယခုတိုင် ပုံမှန်လည်ပတ်၍ ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိပါသည်။ ဈေးကွက်ထဲ၌ ယမကာထုတ်လုပ်မှုများသည် ဝယ်လိုအားထက် အဆမတန် များပြားနေသည်ဟူ၍လည်း အကြံပြုတိုင်ကြားခြင်းများရှိနေပါသည်။

မြန်မာနိုင်ငံ ယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း၏ အသင်းဝင်ကုမ္ပဏီများသည် မြန်မာ့လူမှုဝန်းကျင်ကို အကျိုးပြုသော အဖွဲ့အစည်းများအဖြစ် ရပ်တည်လျက်ရှိကြပါသည်။ နှစ်စဉ် နိုင်ငံတော်အတွက် အထူးကုန်စည် ဘ ဏ္ဍာအခွန်ငွေများ ပေးဆောင်လျက်ရှိပြီး၊ အခွန်အများဆုံး ပေးဆောင်သော ထိပ်တန်းကုမွဏီ (၁၀) ခုအတွင်းတွင် ပါဝင်လျက်ရှိပါသည်။ ယင်းအခွန်ဘဏ္ဍာငွေများဖြင့် သာမက၊ အသင်းအနေနှင့် သော်လည်းကောင်း၊ ကုမ္ပဏီတစ်ခုချင်းစီအနေနှင့် သော်လည်းကောင်း၊ အလှူငွေများလှူဒါန်းလျက် နိုင်ငံတော်အကျိုးပြု ဆေးရုံ၊ လမ်းတံတား၊ အများ ပြည်သူပိုင်အဆောက်အဦစသဖြင့် တည်ဆောက်ရေးများတွင်လည်း တတပ်တအား အထောက်အကူပြုလျက်ရှိပါ သည်။ 

ယခုကြုံတွေ့နေကြရသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေ ယိုယွင်းနေသည့် အနေအထားတွင် မိမိတို့အနေနှင့် အရံဘဏ္ဍာငွေ ပမာဏမြောက်များစွာ အသုံးပြုရမည်ဖြစ်သော်လည်း၊ အခွန်ပေးဆောင်ခြင်းများကို မပျက်မကွက်ပေးဆောင်လျက်ရှိပြီး၊ အများပြည်သူအကျိုးကို ရှေးရှုလျက် တတ်အားသဖြင့် ရက်ရောစွာ လှူဒါန်းလျက်ရှိပါသည်။ မိမိတို့အနေနှင့် ယခုကမ္ဘာနှင့်တဝန်းတွင် ကြုံတွေ့နေကြရသော ရောဂန္တရကပ်ဆိုးနှင့် စီးပွားရေးယိုယွင်းမှု၌ ပြန်လည်ထူထောင်ရေးအတွက် အားလုံးဝိုင်းဝန်းလျက်ပူးပေါင်းပါဝင်သင့်သည်ဟု ယုံကြည်ပါသည်။ မိမိတို့အနေနှင့် အဆင့်အသီးသီးမှ ဝန်ထမ်းဦးရေ စုစုပေါင်း (၃၀,၀၀၀) ကျော်ကို ခန့်အပ်ထားရှိပြီး၊ ပြည်တွင်းရှိ မိမိတို့ ဂေဟစနစ်တွင် အထက်အောက် သွယ်ဝှက်သောအားဖြင့် ဆက်စပ်လျက်ရှိသော အများပြည်သူ ပေါင်း ရာထောင်ချီ၍ အကျိုးသက်ရောက်မှုရှိနေပါသည်။

ယခုအချိန်တွင်၊ အရက်ချက်လုပ်ခွင့်နှင့် အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့် (D1) လိုင်စင်များ ထပ်မံချထားပေးခြင်းသည် မိမိတို့ စီးပွားရေးများအတွက် ဆိုးရွားသော အကျိုးသက်ရောက်မှုကို ဖြစ်စေသည့်အတွက် နိုင်ငံတော် အစိုးရအနေနှင့် ပြန်လည်သုံးသပ်သင့်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။ မိမိတို့အနေနှင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံများမှ အရက်ချက်စက်ရုံများနှင့် တန်းတူယှဉ်ပြိုင်နိုင်စေရန် ဦးတည်လျက်၊ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ သန္ဒိဌာန်ချမှတ်၍ တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
 

ကျေးဇူးတင်ပါသည်၊ ခင်ဗျား။

ဥက္ကဌ နှင့် အသင်းဝင်များ
မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly