COVID-19 ကြောင့် ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေးပြဿနာကြုံနေရဟု ကုလသမဂ္ဂသတိပေး

COVID-19 ကြောင့် ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေးပြဿနာကြုံနေရဟု ကုလသမဂ္ဂသတိပေး

မေ ၁၆

ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောလူများသည် COVID-19 ကူးစက်ရောဂါကြောင့် အထီးကျန်ခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့်စိုးရိမ်ပူပန်ခြင်းများကြုံတွေ့နေရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုများ ခံစားနေရကြောင်း ကုလသမဂ္ဂကျန်းမာရေးကျွမ်းကျင်ပညာရှင်များက ကြာသပတေးနေ့တွင် သတိပေးခဲ့သည်။

“အထီးကျန်မှု၊ ကြောက်ရွံ့မှု၊ မသေချာမရေရာမှု၊ စီးပွားရေးမငြိမ်မသက်မှုများက စိတ်ပိုင်းဆိုင်ရာ ပူပင်သောကများကို ဖြစ်ပေါ်စေနိုင်သည်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စိတ်ကျန်းမာရေးဌာနမှ ဒါရိုက်တာ Devora Kestel ကပြောကြားခဲ့သည်။

Kestel  က ကုလသမဂ္ဂ၏  ကိုဗစ်-၁၉ နှင့်စိတ်ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာနှင့်မူဝါဒလမ်းညွှန်ချက်များကိုတင်ပြလျက် စိတ်မကျန်းမာခြင်း၏ အရေအတွက်နှင့်ပြင်းထန်မှုမှာ မြင့်တက်လာနိုင်ဖွယ်ရှိပြီး အစိုးရများအနေဖြင့် တုံ့ပြန်ချက်များကို ဦးစားပေးဗဟိုပြုစနစ်ဖြင့်လုပ်ဆောင်သင့်ကြောင်း အကြံပြုခဲ့သည်။

“ဒီအကျပ်အတည်းက လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စိတ်ကျန်းမာရေးနဲ့သာယာဝပြောရေးကို အကြီးအကျယ်ထိခိုက်ခဲ့ပြီး အရေးတကြီးကိုင်တွယ်ဖြေရှင်းရမယ့်ဦးစားပေးပြဿနာဖြစ်ပါတယ်” ဟု Kestel က သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကိုပြောကြားခဲ့သည်။

မိတ်ဆွေသူငယ်ချင်းများ၊ စာသင်ကျောင်းများနှင့် ခွဲနေရသော ကလေးများနှင့်လူငယ်များ၊ ကပ်ရောဂါကြောင့် သေဆုံးလူနာများနှင့် ကူးစက်ခံရသူ ထောင်ပေါင်းများစွာကို မြင်တွေ့နေရသော ကျန်းမာရေးဝန်ထမ်းများအပါအဝင် စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်မရှိသော လူ့အဖွဲ့အစည်းများနှင့် ကဏ္ဍများစွာကို အစီရင်ခံစာ၌ မီးမောင်းထိုးရေးပြထားသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကိုဗစ်-၁၉ သည် စိတ်ကျန်းမာရေးကို သက်ရောက်မှုရှိကြောင်း လေ့လာမှုများနှင့်စစ်တမ်းများက ဖော်ပြနေကြသည်။ နိုင်ငံအများအပြားရှိ ကလေးများသည် စိုးရိမ်စိတ်များရှိနေပြီး စိတ်ဓာတ်ကျခြင်းနှင့်ပူပန်ခြင်းများလည်း တိုးမြင့်လာကြောင်း မှတ်တမ်းတွင်ရေးသားထားသည်။ အိမ်တွင်းအကြမ်းဖက်မှုများလည်း မြင့်တက်လာပြီး စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုလိုအပ်နေကြသည်ဟု ကျန်းမာရေးဝန်ထမ်းများက တင်ပြကြသည်။

အမေရိကန်ပြည်ထောင်စုရှိ ဆရာဝန်များနှင့်သူနာပြုများကို ရိုက်တာသတင်းဌာနကက တွေ့ဆုံမေးမြန်းရာတွင် ၎င်းတို့နှင့် လုပ်ဖော်ကိုင်ဖက်များသည် ထိတ်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ဝမ်းနည်းခြင်း၊ ထုံထိုင်းခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်း၊ မျက်စိကြောင်ကာ အိပ်မပျော်ခြင်းနှင့် အိပ်မက်ဆိုးများမက်ခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် WHO ၏ အစီရင်ခံချက်အရ လူများစွာသည် ကျန်းမာရေးဆိုင်ရာ ရုတ်ချည်းသက်ရောက်မှုများနှင့် ရုပ်ပိုင်းဆိုင်ရာ အထီးကျန်ခြင်း၏ အကျိုးဆက်များကြောင့် စိတ်သောကရောက်နေကြရစဉ် အခြားသူများမှာလည်း ရောဂါကူးစက်ခံရခြင်း၊ သေဆုံးခြင်းနှင့်မိသားစုဝင်များဆုံးရှုံးမည်ကို ကြောက်နေကြရသည်။

သန်းပေါင်းများစွာသောလူတို့သည် ဝင်ငွေနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးနေရကာ စီးပွားရေးမငြိမ်သက်မှုများနှင့်ရင်ဆိုင်နေရသည်။ ကူးစက်ရောဂါဆိုင်ရာ ကောလာဟလများ၊ မကြာခဏထွက်ပေါ်လာသည့် သတင်းမှားများနှင့် ကပ်ရောဂါမည်မျှကြာရှည်ဦးမည်ဆိုသည့် နက်ရှိုင်းသော မသေချာမရေရာမှုများက အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများဖြစ်စေကာ မျှော်လင့်ချက်ကင်းမဲ့စေသည်။

လူသန်းပေါင်းများစွာခံစားနေရသော ဆင်းရဲဒုက္ခကို လျှော့ချရန်နှင့် လူ့အဖွဲ့အစည်းအတွက် ရေရှည်လူမှုရေးနှင့် စီးပွားရေးကုန်ကျစရိတ်များကို လျော့ကျစေရန် မူဝါဒချမှတ်သူများအအတွက် လုပ်ဆောင်ရမည့်အချက်များကို ကုလသမဂ္ဂအဖွဲ့က အကြံပြုပြောခဲ့ကြသည်။

ထိုအချက်များတွင် စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ၌ မပြည့်ဝသောရင်းနှီးမြှုပ်နှံမှုကိုပြန်လည်ပြုပြင်ရန်၊ ရှေ့တန်းကျန်းမာရေးလုပ်သားများအတွက် tele-counselling ကဲ့သို့သော ရပ်ဝေးကုထုံးနည်းဖြင့် အရေးပေါ်စိတ်ကျန်းမာရေး အတွက် အကူအညီပေးရန်၊ စိတ်ကျဝေဒနာနှင့်စိုးရိမ်ပူပန်မှုရှိသူများ၊ အိမ်တွင်းအကြမ်းဖက်မှုခံနေရပြီး ဆင်းရဲမွဲတေသူများနှင့်အတူ တက်ကြွစွာပူးပေါင်းလုပ်ဆောင်ရန်  စသည့်အချက်များကို ကုလသမဂ္ဂက အကြံပြုပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly