နွေပူပူရဲ့ trademark ကြံရည်ချိုချိုလေး

နွေပူပူရဲ့ trademark ကြံရည်ချိုချိုလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Aye Thi Mon

ရာသီအလိုက် စားစရာလေးတွေကတော့ ရှိစမြဲပါနော်။ ရာသီပေါ်စာဆိုတာမျိုးပေါ့။ အခုတစ်ခေါက်လည်းနွေရာသီရဲ့ ရာသီစာဖြစ်တဲ့ ကြံရည်လေးအကြောင်း ပြောပြပေးချင်ပါတယ်နော်။ နွေပူလာရင်နေရာတိုင်းမှာ ကြံရည်ဆိုင်လေးတွေ တွေ့လာရပြီနော်။ နွေပူပူကိုအံတုပေးနိုင်စွမ်းပေးတဲ့ သဘာဝဖျော်ရည်လေးတစ်ခုပေါ့။ နွေပူပူမှာ သံပရာသီးညှစ်ထားတဲ့ ကြံရည်ချိုချိုလေးသောက်လိုက်ရတာက ရင်ထဲကို အေးပြီး စိတ်ကျေနပ်မှုရစေတယ်နော်။

ကြံရည်ဆိုတာ

ကြံရည်ဆိုတာက ကြံချောင်းကိုကြိတ်ပြီးရလာတဲ့အရည်ပါနော်။ ဆူးခရို့စ် ပါဝင်မှုများတာကြောင့် အရသာကချိုပါတယ်နော်။ ကြံရည်ကိုမြန်မာတစ်နိုင်ငံတည်းမှာသောက်သုံးတာမဟုတ်ပါဘူး။ ဘရာဇီး၊ ထိုင်း၊ အိန္ဒိယတို့မှာလည်း ကြံရည်သောက်ကြပါတယ်။ လတ်လတ်ဆတ်ဆတ်ကြံချောင်းကို သံနဲ့လုပ်ထားတဲ့ ကြိတ်စက်ထဲထည့်ကြိတ်ပြီး ရလာတဲ့ ကြံရည်ကိုရေခဲထည့်ပြီးသောက်လို့ရသလို သံပရာရည်၊ ချင်း (ဂျင်း)၊ ဆား နဲ့ ပူစီနံရွက်တို့ထည့်ပြီးသောက်လို့ရပါတယ်နော်။ အရာသာရှိသလိုနွေပူပူမှာရင်အေးသွားစေတဲ့သောက်စရာတစ်မျိုးပေါ့။

ကြံရည်ထဲမှာပါတဲ့ အာဟာရဓါတ်တွေက

ကြံရည်ထဲမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ မဂ္ဂနိ၊ အမိုင်နိုအက်ဆစ်၊ဇင့်၊ သီရာမင်း နဲ့riboflavin တို့ပါဝင်ပါတယ်။ သကြားဓါတ်ပါဝင်သလို ခန္ဓါကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အမျှင်ဓါတ်ပါဝင်နေပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့flavonoids နဲ့polyphenolicဒြပ်ပေါင်းတွေပါဝင်နေပါတယ်။

ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ

ကိုယ်ခံအားကောင်းစေတယ် – ဗီတာမင် C နဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အစာအိမ်၊အသည်းနဲ့ အသက်ရှုလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အားပြည့်စေတယ် – အခြားသောသောက်စရာတွေနဲ့ မတူဘဲ သကြားစစ်စစ်ကနေရတဲ့ အချိုရည်ဖြစ်တာကြောင့် ခန္ဓါကိုယ်ကို ထိခိုက်စေတာမရှိဘဲ အားပြည့်စေနိုင်ပါတယ်နော်။ ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်ပေးနိုင်ပါသေးတယ်။

အသားအရေကောင်းစေတယ် – ကြံရည်မှာပါတဲ့glycolic အက်ဆစ် နဲ့alpha hydroxy အက်ဆစ်တို့ပါဝင်နေတာကြောင့် အရေပြားနာကျင်ရောင်ရမ်းတာ၊ပိုးဝင်ကူးစက်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေဖြစ်တာ၊ အသားအရောင်မညီတာ၊ အမာရွတ်တွေဖြစ်တာ၊ အသားပေါ်မှာ အမဲစက်တွေဖြစ်တာကို သက်သာစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် ဝမ်းချုပ်ခြင်း – ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်တာကဖြစ်လေ့ဖြစ်ထရှိတာပါ။ ဒီပြဿနာကို သဘာဝအတိုင်းဖြေရှင်းဖို့ဆိုရင်တော့ ကြံရည်သောက်ပေးလို့ရပါတယ်နော်။

ခံတွင်းနံ့ဆိုးကင်းစေတယ် – ကြံရည်မှာပါတဲ့ သတ္တုဓါတ်တွေက သွားကြွေလွှာကို ကာကွယ်ပေးပြီး သွားပိုးစားတာ၊တွေမဖြစ်အောင်ကာကွယ်ပေးပြီး သွားတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။ သွားနဲ့ခံတွင်းကို ကျန်းမာစေပြီး ခံတွင်းနံ့ဆိုးကင်းစေနိုင်ပါတယ်။

အရိုးတွေကိုသန်မာစေနိုင်တယ် – ကြံရည်မှာ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနိစ်တို့ပါဝင်တာကြောင့် အရိုးတွေကိုသန်မာစေနိုင်ပါတယ်။ ကြံရည်က အရိုးပွတာကိုပါကာကွယ်ပေးနိုင်ပါတယ်။

အစာကြေစေနိုင်တယ် -အမျှင်ဓါတ်ပါဝင်မှုကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။လေပွတာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်အောင့်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဝမ်းမှန်စေဖို့သောက်ပေးလို့ရပါတယ်။

သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်-သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး နှလုံးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုပြေလျော့စေနိုင်တယ် – ကြံရည်မှာtryptophan နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်တာကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းပမာဏကို ထိန်းညှိပေးပြီးကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးပါတယ်။ ညဘက်အိပ်မပျော်သူများရှိရင် ကြံရည်သောက်ပါ။ တစ်နေ့တာရဲ့ စိတ်ဖိစီးမှုကိုပြေလျော့စေဖို့ဆိုရင် ကြံရည်အေးအေးလေးကို သံပရာရည်ညှစ်ပြီးသောက်ပေးပါနော်။

သွေးပေါင်ကျစေနိုင်တယ် -သွေးကြောတွေတောင့်တင်းနေတာကိုပြေလျော့စေနိုင်တဲ့ ပိုတက်ဆီယမ်ကြွယ်ဝစွာပါယင်နေတာကြောင့်သွေးတိုးကျစေနိုင်ပါတယ်။သွေးတိုးကျစေတာကြောင့် ရုတ်တရက်နျလု့းရပ်တာနပြလေဖြတ်တာတွေမဖြစ်အောင်ပါကာကွယ်ပေးနိုင်ပါတယ်။

နွေရာသီရဲ့ trademark ကြံရည်ချိုချိုလေးသောက်ပြီး အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရယူလိုက်ပါနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly