အတိုက်အခံ ကမ္ဘောဒီးယားအမတ်များကို တိုက်ခိုက်သူများမှာ စစ်သားများဖြစ်ဟု ရဲတပ်ဖွဲ့ပြော

အတိုက်အခံ ကမ္ဘောဒီးယားအမတ်များကို တိုက်ခိုက်သူများမှာ စစ်သားများဖြစ်ဟု ရဲတပ်ဖွဲ့ပြော

ဖနွမ်ပင်၊ နိုဝင်ဘာ ၅ ။         ။ လွန်ခဲ့သည့် သီတင်းပတ်က အတိုက်အခံကမ္ဘောဒီးယားအမတ်နှစ်ဦးကို ရက်စက်စွာရိုက်နှက်မှုဖြင့် တရားစွဲခံရသော အမျိုးသားသုံးဦးမှာ စစ်သားများဖြစ်သည်ဟု ရဲတပ်ဖွဲ့က နိုဝင်ဘာ ၅ တွင်ပြောကြားသည်။ တိုက်ခိုက်မှုကြောင့် ကမ္ဘောဒီးယားတွင် နိုင်ငံရေးတင်းမာမှုများဖြစ်ပေါ်ခဲ့သည်။

အစိုးရလိုလားသော စုဝေးမှုပြုလုပ်နေခဲ့စဉ် ပါလီမန်မှ အစည်းအဝေးတစ်ခုအပြီး ထွက်ခွာလာသော အတိုက်အခံဥပဒေပြုအမတ်နှစ်ဦးဖြစ်သော ကောင်ဆက်ဖီးနှင့် အဲန်ဟွိုင်းချမ်ရီယောင်တို့မှာ ၎င်းတို့၏ကားများပေါ်မှ ဆွဲချခံရပြီး ရိုက်နှက်ခံရခြင်းဖြစ်သည်။

"သူတို့ပြောတာကတော့ သူတို့ဟာ စစ်တပ်ကပါ။ ဒါပေမဲ့ ဘယ်တပ်ကလည်းတော့ ကျွန်တော်မသိပါဘူး"ဟု ပြစ်မှုဆိုင်ရာရဲတပ်ဖွဲ့ဋ္ဌာန ညွှန်ကြားရေးမှူးနှင့် ရိုက်နှိက်မှုအား စုံစမ်းစစ်ဆေးရန်ဖွဲ့ထားသော အစိုးရကော်မတီဝင်တစ်ဦးဖြစ်သူ ဆော့ခေမာရင်က အေအက်ဖ်ပီသို့ ပြောသည်။ ရိုက်နှက်ခဲ့သော အဆိုပါအမျိုးသားသုံးဦးသည် နိုဝင်ဘာ ၃က လာရောက်အဖမ်းခံခဲ့ပြီး တိုက်ခိုက်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုမှာ အာဏာရှင်ဆန်သော ဝန်ကြီးချုပ် ဟွန်ဆန်၏ ပါတီကို ထောက်ခံသူထောင်ပေါင်းများစွာ၏ ဆန္ဒပြမှုတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဟွန်ဆန်၏ပါတီက အဓိကအတိုက်အခံခေါင်းဆောင် တစ်ဦးကို ပါလီမန်၏ ဒု-အကြီးအကဲအဖြစ်မှ နုတ်ထွက်ရန် တောင်းဆိုနေသည်။ အတိုက်အခံတို့ကို ဒေါသထွက်စေသည့် လုပ်ရပ်တစ်ခုအဖြစ် အတိုက်အခံ CNRP ပါတီ၏ ဒု-ခေါင်းဆောင် ကဲမ်ဆိုခါမှာ အာဏာရပါတီအမတ်များက မဲပေးမှုတစ်ခုပြုလုပ်ပြီးနောက် လေးရက်အကြာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

ဟွန်ဆန်က အာဏာရယူထားသည်မှာ ဆယ်စုနှစ်သုံးနှစ်ကျော်ရှိနေပြီး အတိုက်အခံတို့အပေါ် နှိပ်ကွပ်နေသည်ဟု လူ့အခွင့်အရေးအုပ်စုများက မကြာခဏစွပ်စွဲလေ့ရှိသည်။ ယခုကဲ့သို့ အမတ်များ အကြမ်းဖက်တိုက်ခိုက်ခံရမှုကို လူ့အခွင့်အရေးအုပ်စုများနှင့် CNRP ကရှုတ်ချခဲ့ပြီး လွတ်လပ်သောစုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုထားသည်။

တိုက်ခိုက်သူသုံးဦးဖြစ်သော အသက် ၃၃နှစ်အရွယ် ချေဆာရစ်၊ အသက် ၃၄နှစ်အရွယ် မော်ဟိုအွန်နှင့် ၄၅နှစ်အရွယ် ဆုသ်ဗန်နီတို့ကို ရည်ရွယ်ချက်ရှိစွာ အကြမ်းဖက်မှု၊ ရည်ရွယ်ချက်ရှိစွာ ပိုင်ဆိုင်မှု ပစ္စည်းပျက်စီးစေမှုတို့ဖြင့် တရားစွဲဆိုထားသည်။ ပြစ်မှုတစ်ခုစီအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်ငါးနှစ်ဖြစ်သည်။

တိုက်ခိုက်မှုကို ၎င်းအားထောက်ခံသူများက ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ ထောက်ခံသူများမှာ တိုက်ခိုက်မှုမဖြစ်မီကတည်းက လူစုကွဲသွားပြီဟု ဟွန်ဆန်က ပြောသည်။ ရိုက်နှက်ခံရသော အမတ်များက ရိုက်နှက်သူများကို ကမ္ဘောဒီးယားက ဗီယက်နမ်ရုပ်သေးများဟု စော်ကားခဲ့သည်ဟု ၎င်းကဆိုသည်။ ဟွန်ဆန်၏ အစိုးရသည် နယ်စပ်အငြင်းပွားမှုတွင် ဗီယက်နမ်တို့ကို အလျှော့ပေးလွန်းသည်ဟု အတိုက်အခံတို့က စွပ်စွဲလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly