ထီပေါက်ဂဏန်းဟောကိန်းများ မှန်ကန်လွန်းသည့် ထိုင်းနတ်ဝင်သည် အသတ်ခံရ

ထီပေါက်ဂဏန်းဟောကိန်းများ မှန်ကန်လွန်းသည့် ထိုင်းနတ်ဝင်သည် အသတ်ခံရ

ဘန်ကောက်၊ နိုဝင်ဘာ-၅ ။             ။ ပေါက်ဂဏန်းကို အတိအကျဟောနိုင်သည်ဟု နာမည်ကြီးနေသော ၄၁နှစ်အရွယ် နတ်ဝင်သည်တစ်ယောက်မှာ နိုဝင်ဘာလ ၄ရက်နေ့က နတ်ခွန် ဆိုင် သန်မာရတ်ရှိ ၎င်း၏ နတ်ကွန်းအနီးတွင် သေနတ်နှင့် ပစ်သတ်ခံခဲ့ရရာ ဒေါသထွက်နေသည့် မြေအောက်ထီဒိုင်များက လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ရဲက သံသယရှိနေသည်။

ချိုင်ယွတ် ဖတ်စရီငန်ကို ဘန်နောင်စလင်ဘန် သန်းဆန်းလမ်းမပေါ်ရှိ ချောင်မဲ ဆုန်သန်နတ်ကွန်းတွင် သေနတ်ဒဏ်ရာပေါင်းများစွာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သန်းဆောင်း ခရိုင်အတွင်းရှိ ခါးပန်းရဲစခန်းမှ တာဝန်ကျအရာရှိ ရဲတပ်ဖွဲ့ ဒုဗိုလ်မှူးကြီး ပါချွန် နီအမ်အင်က ပြောကြားခဲ့သည်။

ချိုင်ယွတ် (၄၁နှစ်)မှာ ဝမ်းဗိုက်၊ လည်ပင်း၊ ကျောကုန်းနှင့် လက်မောင်းနှစ်ဖက်တွင် သေနတ်ဖြင့် ခြောက်ချက်အပစ်ခံခဲ့ရပြီး သတ်ဖြတ်သူများက အနီးပစ်သေနတ်များကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ချိုင်ယွတ်မှာ ယခင်က လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ပြီး ဆမ်လီယမ် ဆင်းမနီးအမည်ဖြင့် လက်ဝှေ့ထိုးသတ်ခဲ့သည်ဟု သူ၏ အစ်ကိုဖြစ်သူ ချမ်နန် ပတ်ဆရီငန် (၄၄နှစ်)က ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။

ချိုင်ယွတ်မှာ လုံပနီနှင့် ရတ်ချဒမ်နိုအန် လက်ဝှေ့ရုံကြီးများတွင် ပွဲပေါင်းများစွာ ထိုးသတ်အနိုင်ရခဲ့ပြီး နောက်ပိုင်းတွင် ခါးပတ်သုံးခုအနိုင်ရခဲ့ကာ တောင်ပိုင်း၏ လက်ဝှေ့ချံပီယံတစ်ယောက်ဖြစ်လာ ခဲ့သည်ဟု ဆိုသည်။  

ထို့နောက် လက်ဝှေ့လောကမှ အနားယူကာ ဝိပဿနာဘက်သိုပ ခြေဦးလှည့်လာခဲ့သည်ဟု ဆိုသည်။ လက်ဝှေ့သမားဟောင်းနှင့် သူ၏ဆွေမျိုးများက တစ်နှစ်အလွန်က သူ့မြေတစ်ချို့တစ်ဝက် အပေါ်တွင် ချောင်မဲ ဆုန်သမ်ဘုရားကျောင်းကို ဆောက်လုပ်ခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် ချိုင်ယွတ်မှာ ဂွန်ယူနတ်ဘုရား၏ နတ်ဝင်သည်တစ်ယောက်အနေနှင့် နာမည်ကျော်ကြားလာခဲ့ပြီး ထီပေါက်ဂဏန်းများကိုပင်လျှင် အတိအကျ ဟောကိန်းထုတ်လာနိုင်သည်ဟု အစ်ကိုဖြစ် သူက ပြောသည်။ အနယ်နယ်အရပ်ရပ်မှ လူများမှာ နတ်ဝင်သည်ထံမှ ထီပေါက်ဂဏန်းများ ရရှိရန်အတွက် ဘုရားကျောင်းသို့ ပုံမှန်လာရောက်ကြသည်ဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့ကမူ ချိုင်ယွတ်မှာ တစ်နေ့တာအလုပ်ပြီးဆုံး၍ ဘုရားကျောင်းမှ လမ်းလျှောက်ထွက်လာစဉ် လူတစ်စု ကားအနက်တစ်စင်းဖြင့် ရောက်ရှိလာပြီး ချိုင်ယွတ်အား ပစ်ခတ်ကာ ထွက်ပြေးသွားကြ သည်ဟု ဆိုသည်။

စုံစမ်းရေးလက်ထောက်အကြီးအကဲဖြစ်သည့် ရဲဒုဗိုလ်မှူးကြီး ပရာဖန် ဒီချာရတ်ကမူ ချိုင်ယွတ်၏ ထီဟောကိန်း မှန်ကန်မှုသည်ပင်လျှင် လုပ်ကြံသတ်ဖြတ်ရသည့် အကြောင်းရင်းဖြစ်နိုင်သည် ဟု ပြောသည်။

နတ်ဝင်သည်တစ်ယောက်အနေဖြင့် ချိုင်ယွတ်မှာ အောက်တိုဘာ ၁ရက်နှင့် အောက်တိုဘာ ၁၆ရက် ထီဖွင့်ရက်များတွင် ဂဏန်းသုံးလုံးအထိ မှန်အောင် ဟောကိန်းထုတ်နိုင်ခဲ့ပြီး  မြေအောက် ထီလောက တွင် သူ၏ဟောကိန်းများအပေါ် အခြေခံ၍ လောင်းသည့် ထီလောင်းကစားသမားများမှာ ငွေအမြောက်အများ နိုငသွားခဲ့ကြသည်ဟု ဆိုသည်။

အကျိုးဆက်အနေဖြင့် အကြီးအကျယ်အရှုံးပေါ်သွားသည့် မြေအောက်ထီဒိုင်ကြီးများက ဒေါသထွက်ကာ သေနတ်သမားများငှားရမ်း၍ ချိုင်ယွတ်ကို သတ်ခိုင်းခြင်းဖြစ်နိုင်သည်ဟု ရဲဒုဗိုလ်မှူးကြီး ပရာဖန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly