တပ်မတော် စစ်အင်အားတိုးချဲ့နေဟု KNU ပြော တပ်မတော်ဘက်ကငြင်းဆို

တပ်မတော် စစ်အင်အားတိုးချဲ့နေဟု KNU ပြော တပ်မတော်ဘက်ကငြင်းဆို
ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး(ပုံ-AFP)

ရန်ကုန်၊ မေ ၁၅

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ စစ်ရေးလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) လှုပ်ရှားနေသော တပ်မဟာ (၂)၊ (၅)၊ (၇) နယ်မြေများအတွင်း တပ်မတော်က စစ်အင်အား တိုးချဲ့နေသည်ဟု KNU မှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တပ်မတော်မှ အပစ်အခတ်ရပ်စဲရေးကို အခွင့်အကောင်းယူလျက် အင်အားတိုးချဲ့ ခြင်းများအား အထူးသဖြင့် မူတြော်ခရိုင်(ဖာပွန်ခရိုင်)တပ်မဟာ(၅)နှင့်ဆက်စပ် တပ်မဟာ(၂)နှင့်တပ်မဟာ(၇) ဒေသ တချို့တွင် ဖြစ်ပေါ်နေကော ယခင်နှစ်များထက် အင်အား နှစ်ဆဖြည့်တင်းခြင်း၊ တပ်စခန်းသစ် တိုးချဲ့ ခြင်းများသည် အပစ်အခတ် ရပ်စဲရေးခိုင်မာရေးအတွက် အရေးပါသည့် ယုံကြည်မှု တည်ဆောက်ရေးကို ထိ ခိုက်စေပါသည်ဟု ဆိုထားသည်။

KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက “ နှစ်ပိုင်းပေါ့နော်၊ တစ်ပိုင်းက တပ်စခန်းအပိုင်း တစ်ပိုင်း ပေါ့နော်။ တပ်စခန်းပိုင်းမှာ BGF ပါ အပါအဝင် တိုးလာတဲ့ စခန်းတွေရှိပါတယ်။ နောက်တစ်ခုက တပ်စခန်းထဲ မှာ ရှိနေတဲ့ လူဦးရေနဲ့ ပတ်သက်တာ အခုတပ်စခန်းထဲမှာ ရှိနေတဲ့ လူဦးရေ တစ်ခုဆီတိုင်းက လူဦးရေတွေ ထပ်ပြီးတော့ ဖြည့်ထားတာ ကျွန်တော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ လက်နက်ကြီးတွေပေါ့နော် အရင်က မရှိဖူးတဲ့ လက်နက်မျိုးတွေ ဟောင်ဝစ်ဇာလိုမျိုးတွေ ဒီဘက်ကို ပို့လာတာတွေ ကျွန်တော်တို့ တွေ့ရတယ်။ ဒါ တွေက ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူးပေါ့နော်၊ အဲဒါ ထောက်ပြစရာဖြစ်တယ်”ဟု ပြောသည်။

သို့သော် ယခင်က တပ်မဟာ(၅)၊ တပ်မဟာ(၂)၊ တပ်မဟာ(၇) တို့တွင် စစ်သည် အင်အား မည်မျှရှိပြီး ယခုနှစ် တွင် စစ်သည်အင်အားမည်မျှတိုးထားကြောင်းနှင့် တပ်စခန်းများ မည်မျှထိ တိုးချဲ့ထားကြောင်းကိုတော့ KNU ဘက်က အတိအကျ ပြောခြင်းမရှိပေ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မဟာ (၂)၊ (၇) ၊ (၅) နယ်မြေများတွင် တပ်အင်အား တိုးချဲ့ခြင်း၊ လက်နက်ကြီး တိုးချဲ့ခြင်းများ လုံးဝ မရှိကြောင်း၊ ဖာပွန်ဘက်တွင် တပ်မတော်၏ လုံခြုံရေး စစ်ကြောင်းများကို KNU ဘက်က စနိုက်ပါဖြစ် ပစ်ခတ်မှုများ ပြုလုပ်မှုများ ရှိနေသည် ဟု ပြောသည်။

“ ပထမဆုံး ပြောချင်တာ သူတို့က ကိုဗစ်-၁၉ ဂိတ်ဖွင့်တယ်လို့ ပြောတယ်၊ နောက် ဖာပွန်ဘက်မှာ တပ်မတော် စစ်ကြောင်းကို စနိုက်ပါနဲ့ ပစ်တာတွေရှိတယ်၊ ဒုတိယတစ်ချက်က သူတို့ ပြောနေတဲ့ တပ်မဟာ ၂၊ ၇၊ ၅ နယ်မြေ တွေမှာ သူတို့ပြောသလို တပ်အင်အား တိုးချဲ့ခြင်း၊ လက်နက်ကြီး တိုးချဲ့ခြင်း လုံးဝ မရှိပါဘူးခင်ဗျာ။ JMC-S စောင့်ကြည့်ရေး အဖွဲ့တွေ ဖွဲ့စည်းပြီသာ ဖြစ်တယ်၊ ဒီ JMC-S ကနေ ကျေကျေလည်လည် ဆွေးနွေးနိုင် မယ် ဆိုရင် နှစ်ဖက်လုံးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပိုပြီးတော့ အကျိုးရှိမယ်လို့ ပြောချင်တယ်။ ခဏ ပြောသလို စစ်အင်အားတိုးချဲ့နေတာတို့ လုံးဝ မရှိပါဘူး”ဟု ပြော သည်။

အဆင်မပြေမှုများ ရှိပါက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) ယန္တရား ကနေ ညှိနှိုင်း၍ရကြောင်း တပ်မတော်က ပြောသော်လည်း JMC ယန္တရားသည် တကယ့် လက်တွေ့ တွင် မဖြေရှင်းပေးနိုင်သည့်အတွက် ပြင်ဆင်ရန်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က တောင်းဆို ထားကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်နေသကဲ့သို့ ဖြစ်နေပြီး တွေ့ဆုံ ဆွေးနွေးရေးလုပ်ငန်းစဉ်များလည်း အခက်အခဲဖြစ်နေခြင်းကြောင့် ယခုဖြစ်စဉ်အပေါ် နည်းလမ်းရှာ ဖြေ ရှင်းရန် ကြိုးပမ်းနေကြောင်း KNU မှ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောသည်။

KNU ၏ တပ်မဟာ (၅)၊ တပ်မဟာ(၂)၊ တပ်မဟာ(၇) နယ်မြေများသည် တစ်ဆက်တည်း တည်ရှိနေခြင်း ကြောင့် စစ်ရေးအရ အရေးပါကြောင်း၊ တပ်မတော်၏ ၂၀၁၈ ခုနှစ်၊မတ်လအတွင်းက ဖာပွန်ခရိုင်(မူတြော်ခရိုင်) ခေးပူ-လယ်မူပလောလမ်းကို တပ်မတော်ဘက်က ဖောက်လုပ်ရာ KNU ဘက်က စစ်ရေးပြင်ဆင်သည်ဟု ရှုမြင်ကာ နှစ်ဖက် အငြင်းပွား၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

အဆိုပါ လမ်းဖောက်လုပ်မှု အငြင်းပွားမှုအပေါ် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ အလွတ် သဘော တွေ့ဆုံဆွေးနွေးကာ လမ်းဖောက်လုပ်နေခြင်းကို ယာယီ ရပ်ဆိုင်းရန်သာ သဘောတူညီမှု ရခဲ့သည်။

ထို့ကြောင့် ယနေ့ချိန်ထိ တစ်စုံတစ်ရာ တိကျသော သဘောတူညီချက် မရရှိသေးဘဲ ငြင်းပွားနေဆဲဖြစ်ကာ တိုက်ပွဲများလည်း မကြာခဏ ပြန်လည် ဖြစ်ပွားလျက်ရှိသည်။

တပ်မတော်က အင်အားတိုးချဲ့နေသည်ဟု ဆိုသော တပ်မဟာ(၅)သည် ဖာပွန်ခရိုင်(မူတြော်ခရိုင်)အတွင်း ရှိပြီး တပ်မဟာ(၂)မှာ တောင်ငူခရိုင်အတွင်းရှိကာ တပ်မဟာ(၇)သည် ဘားအံခရိုင်အတွင်းတွင် ရှိကြောင်း သိရ သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းကလည်း KNU ၏ တပ်မဟာ လေးခုဖြစ် သည့် တောင်ငူခရိုင်ရှိ တပ်မဟာ(၂) ၊ ဖာပွန်ခရိုင်ရှိ တပ်မဟာ(၅)၊ ညောင်လေးပင်ခရိုင်ရှိ တပ်မဟာ (၃)နှင့် သထုံ ခရိုင်ရှိ တပ်မဟာ (၁)နယ်မြေများ၌ တပ်မတော်က လမ်းဖောက်လုပ်ရန် ကြိုးပမ်းသည်ဟုဆိုကာ နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သေးသည်။

KNU က တပ်မတော်၏ မေလ ၉ ရက်တွင် ပြုလုပ်သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေး ဆိုင်ရာ သတင်း ထုတ်ပြန်ကြေညာချက်ပါ ကန့်သတ်မှုပြုလုပ်ထားသည့် အချက်များကို ဖြေလျော့ပြီး တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်ဏဲရေးကိုဦးတည်၍ NCA အခြေခံနှင့်ကိုက်ညီသည့် “မူ”များ အဖြစ် ပြင်ဆင်ပြီး ဘက်ပေါင်း စုံက ဦးထိပ်ထားလျက် တပြေးတည်း လိုက်နာဆောင်ရွက်ခြင်းများ ပြုလုပ်မှသာ ယုံကြည်မှု တည်ဆောက်ရေး နှင့် အမျိုးသား ရင်ကြားစေ့ရေးကို တိုးတက်ဖြစ်ပေါ်စေမည်ဟု မိမိတို့ ယုံကြည်ပါကြောင်း ဆိုသည်။

KNU သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တခြားသော လက်နက်ကိုင် ခုနစ်ဖွဲ့နှင့်အတူ လက်မှတ်ထိုးထားသည့် ကရင်လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly