ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးကို ဒေါ်လာ ၈ ဒသမ ၈ ထရီလီယံအထိ ဆုံးရှုံးစေနိုင်ဟု ADB ပြောကြား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးကို ဒေါ်လာ ၈ ဒသမ ၈ ထရီလီယံအထိ ဆုံးရှုံးစေနိုင်ဟု ADB ပြောကြား

မေ ၁၅

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ကမ္ဘာ့စီးပွားရေးကို ကန်ဒေါ်လာ ၅ ဒသမ ၈ ထရီလီယံနှင့် ဒေါ်လာ ၈ ဒသမ ၈ ထရီလီယံအကြားအထိ ဆုံးရှုံးစေနိုင်သည်ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်ပြန်ပြောကြား သွားခဲ့သည်။

ယင်းသည် ပြီးခဲ့သည့်လက ခန့်မှန်းချက်ထက် နှစ်ဆကျော် မြင့်တက်သွားခြင်း ဖြစ်သလို ကမ္ဘာ့ စီးပွားရေး ထုတ်လုပ်မှု ပမာဏ၏ ၆ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၉ ဒသမ ၇ ရာခိုင်နှုန်း တို့နှင့် ညီမျှနေသည်။

COVID-19 ကူးစက်ပျံ့နှံ့မှုကို နှေးကွေးစေရန် ရည်ရွယ်လုပ်ဆောင်သည့် အစီအမံများကြောင့် ကမ္ဘာတဝန်း စီးပွားရေး လုပ်ငန်းကိုင်ငန်းများကို ဆက်လက် တုန့်ဆိုင်းစေလျက် ရှိစဉ် ယခု ADB ၏ ထုတ်ပြန်ချက် ထွက်ရှိလာ ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာတဝန်းရှိ အစိုးရများသည် ၎င်းတို့ နိုင်ငံများ၏ စီးပွားရေးကို COVID-19 ၏ သက်ရောက်မှုကနေ ခုသာခံသာဖြစ်စေရန် အားထုတ်ကြိုးပမ်းလုပ်ဆောင်ထားကြသည်။

“ဒီ အသစ်ခန့်မှန်းလိုက်တဲ့ အကဲဖြတ်ချက်ကတော့ ကိုဗစ် ၁၉ ရဲ့ သိသာထင်ရှားတဲ့ စီးပွားရေးဆိုင်ရာ ထိခိုက်နိုင်မှု အလားအလာ ရုပ်ပုံကားချပ်တစ်ခုကို ပြသနေပါတယ်” ဟု ADB ၏ စီးပွားရေးပညာရှင် ယာဆူယူကီ ဆာဝါဒါက ပြောသွားခဲ့သည်။

“အရေးကြီးတဲ့ အခန်းကဏ္ဍ မူဝါဒ ဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုတွေက စီးပွားရေးတွေအပေါ် ထိခိုက်မှုတွေကို သက်သာလျော့ပါးစေနိုင်တယ်ဆိုတာကိုလည်း ဒါက ပြသနေပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

လက်ရှိအချိန်တွင် ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၄ ဒသမ ၄ သန်းကျော်နှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ သုံးသိန်းကျော် ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required