အနောက်နိုင်ငံတွေနဲ့ Covid-19 အရှုပ်တော်ပုံ

အနောက်နိုင်ငံတွေနဲ့ Covid-19 အရှုပ်တော်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Ye Myo Myat

Covid-19 ကို တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ အဲ့ဒီအချိန်တုန်းက ကမ္ဘာအနှံ့မှာ ရှိတဲ့ နိုင်ငံအများစုက တရုတ်နိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့ပြီး ပြည်ဝင်၊ ပြည်ထွက်ခွင့်ကိုလည်း ပိတ်နှံထားခဲ့ပါတယ်။ ဒီလိုမျိုး ထိန်းသိမ်းနေတဲ့ ကြားထဲမှာမှ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ စင်္ကာပူနိုင်ငံအပြင် တခြား အိမ်နီးချင်းနိုင်ငံတွေထိပါ ပြန့်နှံ့သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးထိ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့သွားခဲ့သလို ကူးစက်သူပေါင်းလည်း သန်းနဲ့ ချီပြီး ရှိနေပြီဖြစ်ပါတယ်။ လုံးဝမထင်မှတ်ထားမိတဲ့ ဖြစ်ရပ်ကတော့ အနောက်နိုင်ငံ အများစုဟာ တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေထက် အဆပေါင်းများစွာ အခြေအနေဆိုးနေတဲ့ ကိစ္စပါ။

အရှေ့တိုင်းနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အနောက်နိုင်ငံတွေဟာ အစစ အရာရာ သာလွန်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ ရမယ်မထင်ပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုကုန်သွယ်ရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ဘက်ပေါင်းစုံမှာ သူများထက် ပိုသာလွန်ခဲ့တဲ့ အနောက်နိုင်ငံတွေ ဘာကြောင့် Covid-19 နဲ့ကျမှ အထိနာခဲ့သလဲ။

၁။ Covid-19 လို အရေးအခင်းမျိုး မကြုံတွေ့ခဲ့ရခြင်း

အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ Covid-19 မတိုင်ခင် ဆားစ်ရောဂါ၊ မားစ်ရောဂါနဲ့ ပတ်သက်ပြီး အပြင်းအထန် ဒဏ်ခံခဲ့ရတဲ့ နိုင်ငံတွေ ရှိပါတယ်။ တရုတ်နိုင်ငံ၊ ထိုင်ဝမ်၊ စင်္ကာပူတို့ဆိုရင် ဆားစ်ရောဂါ အရေးအခင်း (၂၀၀၃ ခုနှစ်) တောင်ကိုရီးယားနိုင်ငံကိုလည်း မားစ်ရောဂါ အရေးအခင်း (၂၀၁၅ ခုနှစ်) အစရှိသဖြင့် ကပ်ဘေးဒုက္ခတွေ ကြုံတွေ့ခဲ့ရသလို နောင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့တယ်။ အနောက်နိုင်ငံတွေမှာတော့ စစ်ဘေး၊ သဘာဝဘေးတွေကိုသာ ကြုံတွေ့မှုများခဲ့ပြီး ကမ္ဘာ့ကပ်ဘေးနဲ့ ပတ်သက်လို့ မဖြစ်ခဲ့ဖူးတာကြောင့် ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့ အခြေအနေကို ရောက်သွားခြင်းလို့ ယူဆရပါတယ်။

၂။ ဆေးရုံ အလုံအလောက် မရှိခြင်း

အနောက်နိုင်ငံတွေမှာ ဆေးပညာ နည်းစနစ်တွေ ကောင်းသလို ဆေးရုံလည်း အများအပြား ရှိပါတယ်။ ဒါပေမယ့် ကပ်ရောဂါ ဖြစ်သူတွေကို သီးသန့်ထားတဲ့ ဆေးရုံမျိုး (ဥပမာ ကုတင် ၁၀၀၀ ဆန့် ဆေးရုံ) အရမ်း နည်းပါတယ်။ အရှေ့တောင် အာရှနိုင်ငံတွေမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရင်ကလည်း ကြုံတွေ့ခဲ့ရဖူးတာကြောင့် ဘယ်လို ပြင်ဆင်ရမလဲဆိုတာလည်း သိထားသလို ဆေးရုံ၊ ဆေးခန်းတွေ၊ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အစုံအလင် ထားထားတယ်။ လိုအပ်လာရင်လည်း ရက်အနည်းငယ်အတွင်းမှာ ဆေးရုံဆောက်နိုင်ဖို့ အင်ဂျင်နီယာတွေအပြင် တခြားလုပ်အားပေး ကူညီသူတွေ အများအပြား ရှိကြတယ်။ ဒီလို အချက်သေးသေးလေးတွေဟာ နောင်တစ်ချိန်မှာ ကြီးမားတဲ့ ပြောင်းလဲမှုမျိုး ဖြစ်စေခဲ့တာပါပဲ။

၃။ ရောဂါကူးစက်မှုအတွက် စစ်ဆေးခြင်း

အပေါ်မှာ ပြောခဲ့ပြီးသားအတိုင်းပါပဲ၊ အရှေ့တောင်အာရှ နိုင်ငံတွေဟာ အရင်တုန်းကလည်း ကပ်ဘေး အခြေအနေကို ကြုံခဲ့ပြီးသားဖြစ်တဲ့အတွက် Covid-19 ဖြစ်လာတဲ့အချိန်မှာ စစ်ဆေးဖို့ စက်ကိရိယာတွေ အလုံအလောက် ရှိသလို တစ်ချိန်တည်းမှာလည်း လူပေါင်းများစွာကို စစ်ဆေးနိုင်တယ်။ ဒီလူတွေနဲ့ ဘယ်သူနဲ့ ထိတွေ့ဆက်ဆံခဲ့လဲ၊ ဘယ်နေရာမှာ နေခဲ့လဲ၊ ဘယ်ကို သွားခဲ့လဲ စတာတွေကို အလျင်အမြန် ခြေရာခံလိုက်နိုင်တယ်။

၄။ မိမိကိုယ်ကိုယ် စစ်ဆေးမှု ခံယူခြင်း

အာရှလူမျိုးအများစုဟာ ရောဂါနဲ့ ပတ်သက်လာရင် လုံးဝ မပေါ့လျော့ပါဘူး။ ကိုယ်တိုင်က ရောဂါကို ကြောက်သလို ဖြစ်လာခဲ့ရင်၊ ကိုယ့်မိသားစုကို ကူးစက်ခံရနိုင်တယ် ဆိုတဲ့ အတွေးနဲ့ လျင်မြန်စွာ စစ်ဆေးမှု ခံယူကြပါတယ်။ မတော်တဆ ပိုးတွေ့ရှိခဲ့တယ်ဆိုရင်လည်း စောစီးစွာ ကုသမှုခံယူတော့ ကိုယ်တိုင်ရော မိသားစုပါ ဘေးကင်းတာပေါ့။ အနောက်နိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံရဲ့ ကျန်းမာရေး ကုသမှု စနစ်ကို ယုံကြည်လွန်းပြီး နမော်နမဲ့နိုင်ခဲ့တဲ့ အချက်တွေ၊ ကပ်ရောဂါဖြစ်နေတယ်ဆိုတာ လုံးဝ မယုံကြည်ခဲ့တာ၊ အစိုးရရဲ့ ရောဂါနဲ့ ပတ်သက်ပြီး တုံ့ပြန်မှု နှေးလွန်းတဲ့အချက်တွေကြောင့်လည်း ခုချိန်မှာ ဒီလို ဒဏ်ခံနေရတာပါပဲ။

၅။ အသားချင်း ထိတွေ့သော ယဉ်ကျေးမှု

အင်္ဂလိပ်ကားတွေ ကြည့်ရင် လူတစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်တဲ့အခါ လက်ဆွဲတာ၊ ဖက်တာ၊ ပါး၊ နဖူးတွေကို နမ်းရှုံ့တဲ့ အလေ့အထကို တွေ့ဖူးကြမှာပါ။ ဒါဟာလည်း အနောက်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့တစ်ခုလို ဖြစ်နေတဲ့အတွက် ပုံမှန်အချိန်မှာ ပြဿနာမရှိပေမဲ့ ခုလိုမျိုး ကပ်ဘေးကာလမှာတော့ ဒါတွေဟာ ရောဂါပိုး လျင်မြန်စွာ ကူးစက်စေဖို့ အကြောင်းဖန်လာတော့တာပါ။ ကျွန်တော်တု့ိ အာရှလူမျိုးတွေကတော့ ချစ်သူရီးစား၊ အိမ်ထောင်သည်တွေကလွဲရင် တော်ရုံ အသားချင်း ထိတွေ့မှု မရှိတတ်ကြပါဘူး။ ဒီအတွက်လည်း ကူးစက်မှုက နည်းသွားတယ်လို့ ယူဆလို့ ရပါတယ်။

၆။ အစိုးရရဲ့ တုံ့ပြန်မှု နှေးကွေးခြင်း

လူဆိုတာ ဒုက္ခကို ကိုယ်တိုင် ကြုံဖူးမှ သိတယ်ဆိုတဲ့ စကားက ဒီနေရာမှာ အရမ်းကို မှန်သွားပါတယ်။ ကပ်ဘေးနဲ့ ပတ်သက်ပြီး သတင်းကြားဖူးရုံလောက်၊ ကိုယ့်နိုင်ငံမှာလည်း မဖြစ်ဖူးတဲ့အခါမှာ လူတွေက ပေါ့ပေါ့လျော့လျော့ နေလိုက်ကြပါတယ်။ ငါတို့ဆီကိုတော့ မကူးနိုင်လောက်ပါဘူး၊ ငါတို့နိုင်ငံရဲ့ ကျန်းမာရေးစနစ်က သူများနိုင်ငံတွေထက် မြင့်တယ်၊ ဖြစ်လာရင်လည်း ကောင်းကောင်း ကုနိုင်မယ်၊ ပျောက်နိုင်မယ်လို့ တစ်ထစ်ချ ယုံကြည်လိုက်တာပါ။ အဲ့ဒါရဲ့ အကျိုးဆက်ကတော့ ယနေ့အချိန် Covid-19 ကူးစက်မှုအများဆုံး ထိပ်သီးနိုင်ငံတွေထဲမှာ အနောက်နိုင်ငံတွေသာ ပါနေခဲ့ပြီး သေဆုံးသူဦးရေလည်း တစ်နေ့ထက် တစ်နေ့ တိုးလာကာ ဘယ်လိုမှ ထိန်းမရတဲ့ အခြေအနေကို ရောက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့တွေလည်း အနောက်နိုင်ငံသားတွေရဲ့ အမှားကို သင်ခန်းစာယူပြီး ယခုရှိနေတဲ့အတိုင်း ထပ်မပြန့်အောင် ဆက်ထိန်းထားဖို့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း၊ ဆင်ခြင်နေထိုင်ခြင်းဖြင့် နိုင်ငံသားတိုင်း ပူးပေါင်းပါဝင်ကြဖို့ ထပ်မံမှာကြားရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly