အမေဇုန်မိုးသစ်တောက နောက်ထပ် ဗိုင်းရပ်စ် ပေါက်ပွားရာ ဇုန်တစ်ခု ဖြစ်လာနိုင်ဟု သိပ္ပံပညာရှင်တစ်ဦး သတိပေး

အမေဇုန်မိုးသစ်တောက နောက်ထပ် ဗိုင်းရပ်စ် ပေါက်ပွားရာ ဇုန်တစ်ခု ဖြစ်လာနိုင်ဟု သိပ္ပံပညာရှင်တစ်ဦး သတိပေး

မေ ၁၄

နောက်ထပ် ကူးစက်ကပ်ရောဂါတစ်ခုသည် အမေဇုန်မိုးသစ်တောကနေ ထွက်ပေါ်လာနိုင်ကြောင်း ဘရာဇီး ဂေဟဗေဒပညာရှင်တစ်ဦးဖြစ်သည့် ဒေးဗစ် လာပိုလာက သတိပေးသွားခဲ့သည်။

အဆိုပါ အမေဇုန်တောထဲရှိ တိရစ္ဆာန်များ နေထိုင်ကျက်စားရာ ဘုံနေရာများတွင် လူသားတို့၏ ပိုင်နက်ကျူးကျော်နေမှုများကလည်း မြင့်တက်လာနေပြီး တောပြုန်းတီးမှုများ ဖြစ်ပေါ်နေကြောင်း ၎င်းက ပြောသွားခဲ့သည်။

ထိုကဲ့သို့ တိရစ္ဆာန်များ နေထိုင်ကျက်စားရာ ဘုံနေရာကို လူသားတို့ ပိုင်နက်ကျူးကျော်မှုက လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု၏ အဓိက လက်သည်တရားခံ ဖြစ်ဖွယ် ရှိသည်။

တစ်ချိန်တစ်ခါက အရိုင်းဆန်ခဲ့သော တောအုပ်ဧရိယာများကို မြို့ပြပုံစံသွင်းခြင်းကလည်း တိရစ္ဆာန်ကနေ လူသားများထံ ကူးစက်စေသည့်  ကူးစက်ရောဂါများ ပေါ်ပေါက်လာရခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်း သုတေသီများက ပြောသည်။

ယင်းတွင် လက်ရှိ ကူးစက်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်သစ်လည်း ပါဝင်ပြီး ယင်းဗိုင်းရပ်စ်သည် လင်းနို့များတွင် အခြေတည်အစပြုရှိနေခဲ့ပြီး ယင်းနောက် တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ လူသားများထံ တဆင့်ပြန်လည်ကူးစက်ပျံ့နှံ့ခြဲ့ခင်း ဖြစ်သည်ဟု သိပ္ပံပညာရှင်တို့က ယုံကြည်နေသည်။

“အမေဇုန်ကတော့ ဗိုင်းရပ်စ်တွေအတွက် ကြီးမားတဲ့ စုစည်းခိုလှုံတည်ရှိရာ နေရာတစ်ခု ဖြစ်ပါတယ်” ဟု ဘရာဇီး ဂေဟဗေဒပညာရှင် ဒေးဗစ် လာပိုလာက ပြောသည်။

ကမ္ဘာ့ အကြီးဆုံး မိုးသစ်တောကြီး ဖြစ်သည့် အမေဇုန်သစ်တောတွင် ယခုအခါ သစ်တောပြုန်းတီးမှုများသည် ကြောက်မက်ဖွယ်ကောင်းသည့် နှုန်းထားတစ်ရပ်ဖြင့် ဖြစ်ပေါ်နေလျက် ရှိသည်။

ယမန်နှစ်က လယ်ယာယိမ်း သမ္မတ ဂျဲရ် ဘိုဆွန်နာရို အာဏာရလာသည့် ပထမဆုံးနှစ်တွင် ဘရာဇီး အမေဇုန်သစ်တော၏ တောပြုန်းတီးမှုက ၈၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စတုရန်းကီလိုမီတာ ၁၀,၀၀၀ ကျော်အထိ ပြုန်းတီးခဲ့သည်။

ယင်း အလားအလာသည် ယခုနှစ်တွင်လည်း ဆက်လက်ဖြစ်ပေါ်နေပြီး ဇန်နဝါရီလမှ ဧပြီလအထိ အမေဇုန်မိုးသစ်တောတွင် စတုန်းကီလိုမီတာ ၁,၂၀၂ အထိ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly