မက္ကဆီကို၌ အဆိပ်ဖြစ်စေသည့် အရက်သောက်သုံးမိ၍ လူ ၁၀၀ ကျော် သေဆုံး

မက္ကဆီကို၌ အဆိပ်ဖြစ်စေသည့် အရက်သောက်သုံးမိ၍ လူ ၁၀၀ ကျော် သေဆုံး

မေ ၁၄

မက္ကဆီကိုနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း မသန့်ရှင်းသည့် အဆိပ်အတောက်ဖြစ်စေသော အရက်ကိုသောက်သုံးမိရာမှ လူ ၁၀၀ ကျော် သေဆုံးခဲ့ရသည်ဟု သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် လက်ရှိအချိန်တွင် ယင်းနိုင်ငံ၌ ဘီယာထုတ်လုပ်မှုများကို ရပ်ဆိုင်းထားရချိန် ယခုကဲ့သို့ မသန့်ရှင်းသော အရက်သောက်မိပြီး လူအများအပြား သေဆုံးသည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

မသမာသောအားဖြင့် ရောနှောထားသည့် အဆိုပါ အဆိပ်အတောက်ဖြစ်စေသော အရက်ကို ထုတ်လုပ်ရောင်းချထားခဲ့သူများကို ရှာဖွေဖော်ထုတ်နိုင်ရန် မက္ကဆီကိုအာဏာပိုင်များ စုံစမ်းစစ်ဆေးလျက် ရှိသည်။

အဆိုပါ တရားမဝင် ထုတ်လုပ် ဖြန့်ဖြူးရောင်းချထားသော အရက်ထဲတွင် မက်သနောကဲ့သို့ အန္တရာယ်ရှိသည့် ပါဝင်ပစ္စည်းများ ပါဝင်နေသည်ဟု သိရသည်။

ထို့ကြောင့် မည်သည့်နေရာတွင် ထုတ်လုပ်ထားမှန်း မသိရသော အရက်ပါဝင်သည့် သောက်သုံးစရာများကို မသောက်သုံးကြရန် ပြည်သူများကို အာဏာပိုင်များက တိုက်တွန်းထားသည်။

ယခုလထဲတွင် ပွေဘလာ၊ မိုရယ်လို့စ်၊ ဂျာလီစကိုနှင့် ယုကက်တန် ပြည်နယ်တို့တွင် အဆိုပါ အဆိပ်အတောက်ဖြစ်စေသည့် အရက်သောက်သုံးမိ၍ လူသေဆုံးမှုဖြစ်စဉ်များ ပေါ်ပေါက်ထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly