ကိုရိုနာဗိုင်းရပ်စ်သည် စကားပြောရာမှတစ်ဆင့် ပျံ့နှံ့နိုင်ကြောင်း လေ့လာတွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်သည် စကားပြောရာမှတစ်ဆင့် ပျံ့နှံ့နိုင်ကြောင်း လေ့လာတွေ့ရှိ

မေ ၁၄

စကားပြောသည့် အခါထွက်လာသည့် အလွန်သေးငယ်သော အမှုန်အမွှား၊ အရည်အစက်လေးများသည် အလုံပိတ်နေရာအတွင်း၌ ၁၀ မိနစ်ထက်မနည်း  လေထဲတွင် လွင့်မျောနေနိုင်ကြောင်း COVID-19 ပျံ့နှံ့မှုကို လေ့လာမှုပြုနေသော သုတေသီများ၏ အဆိုအရ သိရသည်။

ဆီးချို၊ အစာခြေခြင်းနှင့်ကျောက်ကပ်ရောဂါဆိုင်ရာ အမျိုးသားတက္ကသိုလ် (National Institute of Diabetes and Digestive and Kidney Diseases -NIDDK) မှ သုတေသီများက လူတစ်ဦးအား “ကျန်းမာအောင်နေ” ဆိုသည့်စကားရပ်ကို အလုံပိတ်ပုံးတစ်ခုအတွင်း ၂၅ စက္ကန့်ခန့် အသံကျယ်ကျယ်နှင့် အထပ်ထပ်အခါခါ ပြောဆိုခိုင်းခဲ့သည်။

လေဆာရောင်ခြည်ချိန်ထားသော အဆိုပါပုံးထဲရှိ အမှုန်အမွှား၊ အရည်အစက်များကို သုတေသီများက မြင်တွေ့ပြီး ရေတွက်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ရေမှုန်ရေမွှားများသည် လေထဲတွင် ပျမ်းမျှ ၁၂ မိနစ်ခန့် လွင့်မျောနေကြောင်း ဗုဒ္ဓဟူးနေ့ကထုတ်ဝေသည့် အမေရိကန် အမျိုးသားသိပ္ပံပညာဆောင်ရွက်ချက်များ ဂျာနယ်တွင် ဖော်ပြထားသည်။

တံတွေးတွင်ပါဝင်သော ကိုရိုနာဗိုင်းရပ်စ်ပမာဏကို တွက်ချက်ကြည့်မည်ဆိုပါက အသံကျယ်ကျယ်ဖြင့် တစ်မိနစ် စကားပြောလိုက်သည့်အခါတိုင်းတွင် ဗိုင်းရပ်စ်ပမာဏ ၁၀၀၀ အထက်ပါဝင်နေသော အမှုန်အမွှား၊ အရည်အစက်များသည် အလုံပိတ်နေရာ၌ လေထဲတွင် အချိန် ရှစ်မိနစ်နှင့်အထက် မျောနေနိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းနိုင်ခဲ့ကြသည်။

“ရုပ်လုံးပေါ်မြင်ရတဲ့ သုတေသနအရ သာမန်စကားပြောဆိုလိုက်တဲ့အခါ လေဆောင်ရေမှုန်လေးတွေက ၁၀ မိနစ်ထက်မနည်း လေထဲမှာ မျောနေကြတယ်။ အကန့်အသတ်ရှိတဲ့နေရာတွေမှာ ရောဂါက သိသိသာသာကူးစက်ပျံ့နှံ့နိုင်တယ်” ဟု သုတေသီများက မှတ်ချက်ပြုခဲ့ကြသည်။

စကားတိုးတိုးပြောဆိုပါက ပါးစပ်မှ အမှုန်အမွှား၊ အရည်အစက် ထွက်မှုနည်းပါးကြောင်းကိုလည်း အဆိုပါသုတေသီများက ဧပြီလထုတ် New England Journal of Medicine တွင် ရေးသားခဲ့သည်။

စကားပြောဆိုရာမှတစ်ဆင့် COVID-19 ရောဂါကူးစက်မှု၏ အဆင့်ကို အတည်ပြုသတ်မှတ်နိုင်ပါက သိပ္ပံပညာရှင်များအနေဖြင့် နိုင်ငံအများအပြားကို ပါးစပ်နှာခေါင်းစည်းတပ်ဆင်ကြရန် အကြံပြုချက်များ ထပ်တိုးလုပ်ဆောင်နိုင်မှာဖြစ်ပြီး ဗိုင်းရပ်စ်၏ လျင်မြန်စွာပျံ့နှံ့ပုံကိုလည်း ရှင်းပြနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required