COVID-19 ကြောင့် ကွယ်လွန်ခဲ့ရသည့် ဂျပန်ဆူမိုနပန်းသမား

မေ ၁၄

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည့် အသက် ၂၈ နှစ်အရွယ် ဂျပန်ဆူမိုနပန်းသမားတစ်ဦး ယခုအခါ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပြီး ၎င်းသည် ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးသွားခဲ့သည့် ဆူမိုနပန်းသမား ဖြစ်လာခဲ့ကြောင်း ဂျပန် ဆူမိုအဖွဲ့ချုပ် (JSA) က မေလ ၁၃ ရက်တွင် ကြေညာခဲ့သည်။

အမည်ရင်း ကီယိုတာကာ ဆူအီတာကီဟု ခေါ်ဝေါ်သည့် ဆူမိုနပန်းသမား ရှိုဘူရှီသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးနောက် ပြီးခဲ့သည့်လက ဆေးရုံတက်ရောက်ခဲ့ရခြင်း ဖြစ်သည်။

၎င်းသည် COVID-19 ရောဂါကို အပြင်းအထန် ခံစားခဲ့ရပြီး မေလ ၁၃ ရက်တွင် တိုကျိုမြို့ ဆေးရုံတစ်ရုံ၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း NHK ရုပ်သံဌာနက ထုတ်လွှင့်ဖော်ပြခဲ့သည်။

ရှိုဘူရှီသည် တာကာဒါဂါဝါ ဆူမိုနပန်းသမားအဖွဲ့အစည်းမှ ပေါ်ထွက်လာသူဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် ပရော်ဖက်ရှင်နယ် ဆူမိုနပန်းသမားအဖြစ် စတင်ပွဲထွက်ခဲ့သူဖြစ်သည်။ ၎င်း၏ ပရော်ဖက်ရှင်နယ် နပန်းသမားဘဝ အကောင်းဆုံး ရရှိခဲ့သည့် အဆင့်မှာ စတုတ္ထမြောက်အဆင့်အမြင့်ဆုံး ဆူမိုအတန်းဖြစ်သည့် ဆန်ဒန်မီ အတန်းတွင် နံပါတ် ၁၁ နေရာ ရရှိခဲ့ခြင်း ဖြစ်သည်။

တာကာဒါဂါဝါ အဖွဲ့အစည်းမှ အခြားနပန်းသမားငါးဦးလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ပြီးခဲ့သည့် ဧပြီလတွင် JSA က ကြေညာခဲ့သေးသည်။ အဆိုပါ နပန်းသမားများ COVID-19 ရောဂါကနေ အပြည့်အဝ ပြန်လည်သက်သာလာပြီလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် မေလ ၂၄ ရက်ကနေ ဇွန်လ ၇ ရက်အထိ ကျင်းပရန် စီစဉ်ထားသော နွေရာသီ Grand Sumo ပြိုင်ပွဲကို ဖျက်သိမ်းထားကြောင်း JSA က ပြီးခဲ့သည့်အပတ်တွင် ကြေညာခဲ့သေးသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်အထိ ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆,၇၅၉ ဦးနှင့် သေဆုံးသူ ၆၉၁ ဦး ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required