အသက် ၁၁၃ နှစ်ရှိ စပိန်နိုင်ငံက အသက်အကြီးဆုံး အဘွားအို ကိုရိုနာဗိုင်းရပ်စ်မှ ရှင်သန်

အသက် ၁၁၃ နှစ်ရှိ စပိန်နိုင်ငံက အသက်အကြီးဆုံး အဘွားအို ကိုရိုနာဗိုင်းရပ်စ်မှ ရှင်သန်

မေ ၁၃

စပိန်နိုင်ငံတွင် အသက်အကြီးဆုံးဖြစ်သူဟု ယူဆထားသော အသက် ၁၁၃ နှစ်အရွယ် အဘွားအိုသည် COVID-19 ရောဂါကြောင့် သေဆုံးသူများရှိသည့် အငြိမ်းစားဂေဟာတွင် ရောဂါမှ ပြန်လည်နာလန်ထူလာခဲ့ပြီဖြစ်ကြောင်း နေထိုင်သူများက အင်္ဂါနေ့တွင် ပြောသည်။

အမေရိကန်တွင် မွေးဖွားသူဖြစ်သည့် အဘွား မာရီယာဘရိုယက်စ်သည် အိုလော့မြို့ရှိ ဆန်တာမာရီယာ ဂေဟာတွင် ဧပြီလအတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။ အဘွား နှစ်ပေါင်း ၂၀ ကျော်ကြာ နေထိုင်လာခဲ့သည့် ယင်းဂေဟာ၌ပင် သူ၏ အခန်း၌ သီးခြားခွဲနေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ယင်းရောဂါကို တွန်းလှန်ခဲ့ခြင်း ဖြစ်သည်။

“သူဟာ ရောဂါကနေ ရှင်သန်လွတ်မြောက်ခဲ့ပါတယ်။ ကောင်းကောင်း မွန်မွန်ပဲ ရှိနေပါတယ်။”ဟု ဂေဟာ ပြောခွင့်ရသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။ အဘွား မာရီယာတွင် အပျော့စားရောဂါလက္ခဏာများသာ ပြတော့ကြောင်း ၎င်းက ပြောသည်။

“ခုလိုရင် သူ နေထိုင်ကောင်းနေပါပြီ။ သူ့ကို ပြီးခဲ့တဲ့ အပတ်က စမ်းသပ်စစ်ဆေးရာမှာ ဗိုင်းရပ်စ် မတွေ့တော့ပါဘူး။”ဟု အခြားအသေးစိတ် မဆိုဘဲ ပြောခွင့်ရသူက ထပ်လောင်းပြောခဲ့သည်။

ကလေး သုံးဦး အမေဖြစ်သည့် အဘွား မာရီယာသည် သူ၏ အခန်းတွင် သီတင်းပတ်များစွာ သီးခြားခွဲနေရပြီး သူ့ကို စစ်ဆေးရန်အတွက် အကာအကွယ်ဝတ်စုံပြည့်ဖြင့် အလုပ်သမားတစ်ဦးကိုသာ ခွင့်ပြုထားခဲ့ခြင်း ဖြစ်ကြောင်း TV3 က ထုတ်လွှင့်ခဲ့သည်။

ထို စစ်ဆေးပေးသည့် ဝန်ထမ်းကို အလွန်ကြင်နာပြီး သေချာဂရုစိုက်သည်ဟု အဘွားမာရီယာက ပြောသည်ကို ရုပ်သံတွင် တွေ့မြင်ရသည်။

အသက် ရှည်သည့် လျှို့ဝှက်ချက်ကို ဝန်ထမ်းတစ်ဦးက မေးရာ၌ အဘွားမာရီယာက ကံကောင်းလို့ပါဟု ရိုးရိုးရှင်းရှင်း ဖြေသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly