COVID-19 ကြောင့် အမေရိကန်တွင် သေဆုံးနိုင်သူအရေအတွက်ကို သုတေသီများ တိုးမြှင့်ခန့်မှန်း

COVID-19 ကြောင့် အမေရိကန်တွင် သေဆုံးနိုင်သူအရေအတွက်ကို သုတေသီများ တိုးမြှင့်ခန့်မှန်း

မေ ၁၃

COVID-19 ကြောင့် သြဂုတ်လအစောပိုင်းမတိုင်မီ အမေရိကန်တွင် လူပေါင်း ၁၄၇,၀၀၀ ကျော် သေဆုံးသွားနိုင်ကြောင်း သုတေသီများ အသစ်ပြင်ဆင်ထုတ်ပြန်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ လူသေဆုံးမှု ခန့်မှန်းချက်တစ် ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ အရေအတွက်သည် ယခင် ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်ထက် ၁၀,၀၀၀ နီးပါး ပိုများနေသည်ဟု သုတေသီများက မေလ ၁၂ ရက်တွင် ပြောသည်။

၀ါရှင်တန်တက္ကသိုလ်၏ ကျန်းမာရေး အချက်အလက်များနှင့်ကိန်းဂဏန်းများတွက်ချက်မှု ဌာန (IHME) မှ သုတေသီများ ယခု နောက်ဆုံးထုတ်ပြန်လိုက်သည့် ခန့်မှန်းချက်သည် ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုနှင့် ရွေ့လျား သွားလာမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုများကဲ့သို့ ဗိုင်းရပ်စ် ကူးစက်မှုပေါ် သက်ရောက်နေသည့် အကြောင်းအရာများနှင့် သီးခြားခွဲနေမှု မူဝါဒများကို ဖြေလျှော့ခြင်းများကို အဓိက အချက်များအဖြစ် ထင်ဟပ်ပြသနေသည်ဟု သိရသည်။

ထို့ပြင် ယခုကဲ့သို့ ပြင်ဆင်တိုးမြှင့်ခန့်မှန်းချက်က အများပြည်သူကျန်းမာရေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ရမှုအပေါ် တွန်းအားပေးလျက် ရှိသည်။ လော့ခ်ဒေါင်း အစီအမံများကိုပုံမှန်ထက် စောပြီး ရုပ်သိမ်းခြင်းက အသက် ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ကူးစက်မှုကို ပိုမိုမြင့်တက်စေနိုင်သည်ဆိုပြီး  ယင်းနိုင်ငံ၏ ကူးစက်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်ကျွမ်းကျင်ပညာရှင် ဒေါက်တာ အန်တိုနီ ဖော့စီက မေလ ၁၂ ရက်က အမေရိကန် ဆိနိတ် အစည်းအဝေးတစ်ခုတွင် သတိပေးသွားခဲ့သည်။

ဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်ခြင်းနှင့် ကူးစက်ခံလူနာများနှင့် ထိတွေ့ပတ်သက်ခဲ့သူများကို လိုက်လံထောက်လှမ်းရှာဖွေနိုင်စွမ်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခင် ကုန်သွယ်မှုဆိုင်ရာ အကန့်အသတ်များကို ဖြေလျှော့ရာတွင် သတိရှိကြရန် ဖော့စီ နှင့် အခြား ဆေးဘက်ဆိုင်ရာပညာရှင်များက တိုက်တွန်းထားခဲ့သည်။

အလားတူ ပိတ်ထားခဲ့ရသည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန်နှင့် နေအိမ်တွင် နေထိုင်စေရေး stay-at-home အမိန့်များကို လျှော့ပေါ့စေရန် လုပ်ဆောင်နေမှုများကနေ ဖြစ်လာမည့် အကျိုးဆက်များကို တိုင်းတာတွက်ချက်ရန် ခက်ခဲနေသည်ဟု IHME ၏ သုတေသီများက ဝန်ခံသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်စေသည့် COVID-19 ရောဂါကြောင့် အမေရိကန်တွင် လူပေါင်း ၈၁,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး ယင်းနိုင်ငံတွင် အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူဦးရေသည်လည်း ၁ ဒသမ ၃၆ သန်းကျော် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required