ဇွန် ၄ ရက်မှာ ပြန်စမယ့် ပေါ်တူဂီလိဂ်

ပေါ်တူဂီရဲ့ ပရီးမီးယားလီဂါပြိုင်ပွဲကို ကိုရိုနားဗိုင်းရပ်စ်ဂယက်ကြောင့် ခေတ္တရပ်ဆိုင်းရာကနေ ဇွန်လ ၄ ရက်နေ့မှာ ပြန်လည်စတင်နိုင်လိမ့်မယ်လို့ နိုင်ငံရဲ့ ဘောလုံးလိဂ်အဖွဲ့ချုပ်က အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

လိဂ်အဖွဲ့ချုပ်ရဲ့ ကြေညာချက်ထဲမှာတော့ ဇွန် ၄ ရက်နေ့ဟာ လီဂါပေါ်တူဂီရဲ့ ပွဲစဉ် ၂၅ ကို ပြန်လည်စတင်နိုင်တဲ့ နေ့ဖြစ်တယ်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့ လကုန်က ပေါ်တူဂီဝန်ကြီးချုပ် အန်တိုနီယို ကော်စတာက မေလ နောက်ဆုံးပတ်ဟာ နိုင်ငံရဲ့ ထိပ်တန်းလိဂ်ပြိုင်ပွဲကို စတင်နိုင်တဲ့ နေ့အဖြစ် ကြေညာခဲ့ပါတယ်။

ပေါ်တူဂီအစိုးရက မတ်လ ၁၂ ရက်နေ့က ဆိုင်းငံထားခဲ့ရတဲ့ ဘောလုံးရာသီရဲ့ လက်ကျန်ပွဲစဉ် ၁၀ ပွဲဟာ ဆေးဘက်ဆိုင်ရာ စည်းမျဉ်းစဉ်းကမ်းအရ ကစားရမယ်လို့ ပြောပါတယ်။

ကစားသမားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စစ်ဆေးခံမှုတွေကို တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်ရမှာဖြစ်ပြီး အားကစားကွင်း နည်းနိုင်သမျှအနည်းဆုံးအရေအတွက်မှာ ကစားမှာဖြစ်ပါတယ်။

ဘင်ဖီကာအသင်းက ၎င်းတို့ရဲ့ ကွင်လယ်ကစားသမား ဒေးဗစ် တာဗာရက်စ်ဟာ COVID-19 ရောဂါကူးစက်ခံရတယ်လို့ ကြေညာခဲ့ပြီးနောက်တစ်နေ့မှာ လိဂ်အဖွဲ့ချုပ်ရဲ့ ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပရီးမီးယားလီဂါမှာ ရောဂါပိုးကူးစက်ခံရမှု အနည်းဆုံး ကစားသမား ၈ ယောက်ရှိတယ်လို့ သိရပါတယ်။

ပေါ်တိုအသင်းဟာ လက်ရှိချန်ပီယံ ဘင်ဖီကာရဲ့ အထက် တစ်မှတ်အသာနဲ့ လိဂ်ဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး ဘာဂါနဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ကို ၁၃ မှတ်နဲ့ ၁၅ မှတ်အသင်း ဖြတ်ထားပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly