မြန်မာနိုင်ငံအတွင်း မငြိမ်သက်မှုများနှင့် ကပ်ရောဂါအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးမည်

မြန်မာနိုင်ငံအတွင်း မငြိမ်သက်မှုများနှင့် ကပ်ရောဂါအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးမည်

မေ ၁၂

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ရခိုင်ပြည်နယ်အတွင်း မငြိမ်သက်မှုများ မြင့်တက်လာခြင်းနှင့် နိုင်ငံအတွင်းကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏အကျိုးသက်ရောက်မှုများကိုဆွေးနွေးရန် ဗီဒီယိုကွန်ဖရင့်စ် ပြုလုပ်သွားမည်ဖြစ်ပြီး  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဖြစ်သူ ဆွစ်ဇာလန်မှ Christine Schraner Burgener က ထင်မြင်သုံးသပ်ချက်ပြုရန် စီစဉ်ထားကြောင်း သံတမန်သတင်းရင်းမြစ်များအရ သိရသည်။

လာမည့်ကြာသပတေးနေ့တွင်ပြုလုပ်ရန်စီစဉ်ထားသော အဆိုပါတံခါးပိတ်အစည်းအဝေးကို ဗြိတိန်မှ တောင်းဆိုထားခြင်းဖြစ်သည်။

ဧပြီလနှောင်းပိုင်းက COVID-19 ဓာတ်ခွဲနမူနာများသယ်ဆောင်လာသော ကုလသမဂ္ဂအမှတ်တံဆိပ်ပါ WHO ယာဉ်တစ်စီး ရခိုင်ပြည်နယ်တွင် ခြုံခိုတိုက်ခိုက်ခံခဲ့ရကာ မြန်မာအစိုးရကျန်းမာရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းသေဆုံးခဲ့သည်။  မြန်မာပြည်အနောက် မြောက်ပိုင်းတွင်  တပ်မတော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေသော AA အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ထိုဖြစ်ရပ်အတွက် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို စွဲချက်တင်ရန်  တောင်းဆိုထားသည်။

ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးအပစ်အခတ်များရပ်စဲရန်နှင့် အရပ်သားများကို ကာကွယ်ပေးရန် တောင်းဆိုမှုများရှိနေသည့်ကြားမှ အဆိုပါတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ၏အစည်းအဝေးကို ဖေဖော်ဝါရီလက နောက်ဆုံးပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံကို ထောက်ခံပြီး ကုလသမဂ္ဂ၏ဝင်ရောက်စွက်ဖက်မှုကို အမြဲဆန့်ကျင်သော တရုတ်သည် ကောင်စီအဖွဲ့ဝင် ၁၅ ဦး၏ ပူးတွဲကြေညာချက်ကိုလည်း ကန့်ကွက်ခဲ့သည်။

ကပ်ရောဂါနှင့်စပ်လျဉ်း၍ တနင်္လာနေ့ကပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ဒုက္ခသည်များဆိုင်ရာအေဂျင်စီတို့သည်  ရခိုင်ပြည်နယ်၌ ၂၀၂၁ ခုနှစ် ဇွန်လအထိ နားလည်မှုစာချွန်လွှာအား သက်တမ်းတိုးရန် မြန်မာအစိုးရနှင့် သဘောတူညီမှုရရှိခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ နားလည်မှုစာချွန်လွှာတွင် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီဒုက္ခသည် (မူရင်းရိုဟင်ဂျာဟုဖော်ပြ) များ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆန္ဒအလျောက်ဘေးကင်းစွာနှင့် နေရပ်ပြန်နိုင်ရေးအချက်များ ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly