ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သုတေသန အချက်အလက်များကို တရုတ်က ဟက်ကာခိုးယူရန် ကြိုးစားနေဟု အမေရိကန် ပြော

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သုတေသန အချက်အလက်များကို တရုတ်က ဟက်ကာခိုးယူရန် ကြိုးစားနေဟု အမေရိကန် ပြော

မေ ၁၂

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သုတေသန အချက်အလက်များကို တရုတ်နိုင်ငံမှ ဟက်ကာများက ခိုးယူရန် ကြိုးစားနေသည်ဟု FBI နှင့် ဆိုင်ဘာလုံခြုံရေး ကျွမ်းကျင်သူများက ယုံကြည်ထားကြောင်း သတင်းစာကြီး နှစ်စောင်က တနင်္လာနေ့၌ ဖော်ပြသည်။

COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် အစိုးရများနှင့် ကုမ္ပဏီများက အပြိုင်အဆိုင် ကြိုးပမ်းနေစဉ် တရုတ်၏ ဟက်ကာထိုးဖောက်မှုကို သတိပေးချက် ထုတ်ပြန်ရန် FBI နှင့် အမိမြေလုံခြုံရေးဌာနတို့က စီစဉ်လျက်ရှိနေသည်ဟု Wall Street Journal နှင့် New York Times သတင်းစာများက ဖော်ပြသည်။

COVID-19 ကုသမှုများနှင့် စမ်းသပ်မှုများနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သုတေသနများကို ဟက်ကာများက ပစ်မှတ်ထားလျက် ရှိသည်။

အဆိုပါ ဟက်ကာများသည် တရုတ်အစိုးရနှင့် ဆက်စပ်နေသည်ဟု အမေရိကန် တာဝန်ရှိသူများက စွပ်စွဲထားကြောင်း ယင်း သတင်းစာနှစ်စောင်က ဖော်ပြသည်။

တရားဝင် သတိပေးချက်ကို ရက်ပိုင်းအတွင်း ထုတ်ပြန်ရန် ရှိသည်ဟု သိရသည်။

ပေကျင်းရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျို့လီကျင်းက စွပ်စွဲချက်များကို ပယ်ချပြီး တရုတ်နိုင်ငံသည် ဆိုင်ဘာတိုက်ခိုက်မှုများကို ခိုင်ခိုင်မာမာ ဆန့်ကျင်သည်ဟု ပြောခဲ့သည်။

“တရုတ်နိုင်ငံဟာ COVID-19 ကုသဆေးနဲ့ ကာကွယ်ဆေး သုတေသနမှာ ကမ္ဘာ့ရှေ့တန်းမှာ ရှိနေတာ ဖြစ်တယ်။ ဘယ်လို သက်သေမှ မရှိဘဲ ကောလဟလတွေနဲ့ လုပ်ကြံပြောဆိုပြီး တရုတ်အပေါ် ပစ်မှတ်ထားတာဟာ အကျင့်မကောင်းတဲ့ လုပ်ရပ်ပဲ ဖြစ်တယ်။”ဟု ကျို့လီကျင်းက ပြောသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ၌ သမ္မတ ထရမ့်က အတည်မပြုသော်လည်း “တရုတ်အကြောင်း နောက်ထပ်အသစ်က ဘာလဲ၊ ကျွန်တော်ကို ပြောပါ။ တရုတ်နဲ့ ပတ်သက်ရင် ကျွန်တော် စိတ်မချမ်းသာရဘူး။”ဟု ပြောသည်။

“ကျွန်တော်တို့ ဒါကို သေချာအနီးကပ် စောင့်ကြည့်နေပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required