တိုးတက်မှုရရှိလာသော ဆီးရီးယားသူပုန်များထံသို့ အမေရိကန်က နောက်ထပ်လက်နက်များ ပေးပို့မည်

တိုးတက်မှုရရှိလာသော ဆီးရီးယားသူပုန်များထံသို့ အမေရိကန်က နောက်ထပ်လက်နက်များ ပေးပို့မည်

ဝါရှင်တန်၊ နိုဝင်ဘာ ။               ။ အိုင်အက်စ်တို့ကို တိုက်ခိုက်နေသော အမေရိကန်ကျောထောက်နောက်ခံ ဆီးရီးယားအတိုက်အခံတပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက နယ်မြေသိမ်းပိုက်မှုများ ပြုလုပ်နိုင်ခဲ့ပြီးနောက် ယင်းတပ်ဖွဲ့ဝင်များထံသို့ နောက်ထပ်လက်နက်များ ပေးပို့မည်ဟု အမေရိကန်စစ်တပ်က နိုဝင်ဘာ ၄က ပြောသည်။

Democratic Forces of Syria သည် အယ်လ်ဟောလ်ရွာတစ်ဝိုက် အိုင်အက်စ်တို့ထံမှ ၂၂၅ စတုရန်းကီလိုမီတာကို ပြန်လည်ရယူထားပြီဖြစ်ကြောင်း ဘဂ္ဂဒက်အခြေစိုက် အိုင်အက်စ်တို့ကို တိုက်နေသည့် အမေရိကန်ဦးဆောင်ညွန့်ပေါင်းအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စတိဗ်ဝါရင်က သတင်းထောက်များကို  ပြောသည်။

ထို့တပ်ဖွဲ့ဝင်အချို့တွင် အောက်တိုဘာ ၁၂က အမေရိကန်က လေကြောင်းမှချပေးခဲ့သည့် လက်နက်တန်ချိန် ၅၀ကို လက်ခံရရှိခဲ့သော Syrian Arab Coalition မှ တိုက်ခိုက်ရေးသမားများလည်း ပါဝင်သည်။

စစ်ဆင်ရေးကို အမေရိကန်ဦးဆောင်ညွန့်ပေါင်းတပ်မှ လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်ပြုလုပ်ပေးခဲ့ပြီး အိုင်အက်စ် ၇၉ဦးကို သုတ်သင်နိုင်ကာ အီရတ်နယ်စပ်အနီး အယ်လ်ဟောလ်တစ်ဝိုက် အိုင်အက်စ်တို့၏ လက်နက်စနစ်များ ဖျက်ဆီးနိုင်ခဲ့သည်ဟု ဝါရင်ကပြောသည်။

"ဒါကနည်းဗျူဟာမြောက်တိုက်ပွဲကြီးမဟုတ်ပေမဲ့ စစ်ဆင်ရေးက အဲဒီတပ်ဖွဲ့ဝင်တွေဆီကို လက်နက်တွေထောက်ပံ့မဲ့ ကျွန်တော်တို့ရဲ့အစီအစဉ်က ဖြစ်နိုင်ခြေရှိတာကို ပြသနေပါတယ်"ဟု ဝါရင်က ပင်တဂွန်သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်နက်များလေကြောင်းမှ နောက်ထပ်ချပေးမည်ဟု ဆိုလိုပါသလားဟု မေးသောအခါ မှန်ကန်ကြောင်း ဝါရင်ကဖြေကြားခဲ့သည်။ ဆီးရီးယားအာရပ်ညွန့်ပေါင်းအဖွဲ့သို့ လွန်ခဲ့သည့်လက ပထမဆုံးအကြိမ်အမေရိကန်က ချပေးစဉ်က ယင်းလက်နက်များကို မှန်မှန်ကန်ကန်အသုံးချခြင်းရှိမရှိ သေချာစစ်ဆေးမည်ဖြစ်ပြီး သေခြာမှ နောက်ထပ်လက်နက်များ ပေးပို့မည်ဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

"ဒါကို ကျွန်တော်တို့ တွေ့မြင်ပြီးပါပြီ။ အောင်မြင်မှုက မြေပြင်မှာ စတုရန်းကီလိုမီတာ ၂၀၀ကျော်ကို ဆီးရီးယားအာရပ်ညွန့်ပေါင်းက ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါဟာ အတိုင်းအတာတစ်ခုအထိ ဒီအစီအစဉ်ကို တရားဝင်ဖြစ်စေပါတယ်"ဝါရင်က ဆိုသည်။

ဆီးရီးယားတွင် ဝါရှင်တန်၏ မဟာဗျူဟာမှာ တိုက်ခိုက်ရေးသမားများကို ဆီးရီးယားပြင်ပတွင် လေ့ကျင့်ပေးရေးမှ အမေရိကန်က စိစစ်ထားသည့် တပ်မှူးများက ဦးဆောင်သော သူပုန်အဖွဲ့များကို လက်နက်ထောက်ပံ့ရေးသို့ ပြောင်းလဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly