နာမကျန်းသူများ၊မသန်စွမ်းသူများနှင့်သက်ကြီးရွယ်အိုများအတွက် “လိုရင်ခေါ်ပါ” အစီအစဉ်စတင်ပြီ

နာမကျန်းသူများ၊မသန်စွမ်းသူများနှင့်သက်ကြီးရွယ်အိုများအတွက် “လိုရင်ခေါ်ပါ” အစီအစဉ်စတင်ပြီ
 Credit :Clean Yangon

မေ ၁၁ ၊ ၂၀၂၀
 
ရန်ကုန်မြို့သန့်ရှင်းသာယာလှပရေးအတွက်လှုပ်ရှားမှုကမ်ပိန်းများလုပ်ဆောင်လျက်ရှိသည့်CleanYangonအဖွဲ့အစည်းအနေဖြင့်ရန်ကုန်မြို့အတွင်းရှိ၄၅မြို့နယ်တွင်နေထိုင်လျက်ရှိသောနာမကျန်းသူများ၊မသန်စွမ်းသူများနှင့်သက်ကြီးဘိုးဘွားများအတွက်စားနပ်ရိက္ခာ၊ဆေးဝါးနှင့်လိုအပ်သောထောက်ပံ့ကူညီမှုများကိုဆက်သွယ်အကူအညီတောင်းခံနိုင်မည့် “လိုရင်ခေါ်ပါ” အစီအစဉ်အား စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါထောက်ပံ့ကူညီမှုအစီအစဉ် နှင့်ပက်သက်၍ Clean Yangon အဖွဲ့အစည်း၏ဥက္ကဋ္ဌဖြစ်သည့်မသဉ္ဇာအေးထံသို့မဇ္ဈိမမှယခုလိုဆက်သွယ်မေးမြန်းခဲ့သည်။

Credit : Clean Yangon
 
မေး : ပထမဆုံးအနေနဲ့ Clean Yangon ကပြုလုပ်မယ့် “လိုရင်ခေါ်ပါ” အစီအစဉ်နဲ့ပက်သက်ပြီး ပြောပြပေးပါ။

ဖြေ : အခု Clean Yangon က ပြုလုပ်မယ့် “လိုရင်ခေါ်ပါ” အစီအစဉ် က ပထမ COVID – 19 ရောဂါ စဖြစ်တုန်းက “နွမ်းပါးပြည်သူ ဖေးမကူ” အစီအစဉ်ကို စတင်ခဲ့ပြီး အိမ်တိုင်ရာရောက် ကူညီမှုတွေ လုပ်ပေးခဲ့ပြီးနောက် ဒီကြားထဲမှာ တကယ်အခက်အခဲဖြစ်နေတဲ့ အဘိုးအဘွားတွေ၊ မသန်စွမ်းသူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေကနေ ကျွန်မတို့ဆီ ဆက်သွယ်အကူအညီတောင်းလာမှုတွေ ရှိလာတယ်။ ဒါနဲ့ Clean Yangon အနေနဲ့ သွားရောက်ကူညီပေးခဲ့ပြီး သိလာခဲ့တာက တစ်ချို့ကဖုန်းဆက်ပြီး အကူအညီတောင်းလို့ရတယ် ဆိုတာသိကြပေမယ့် တစ်ချို့က မသိကြသေးတဲ့အတွက် တကယ် အခက်အခဲရှိနေတဲ့သူတွေ ပြေလည်ဖို့အတွက် အခု ဒုတိယ အစီအစဉ်ဖြစ်တဲ့ “လိုရင်ခေါ်ပါ” အစီအစဉ်ကို စတင်ပြီး ဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ်ကနေ တစ်ဆင့် ကူညီမှုတွေ လုပ်ပေးသွားနိုင်ဖို့ စီစဉ်လိုက်တာပါ။
 
မေး : ဒီအစီအစဉ်မှာဘယ်လို ထောက်ပံ့ကူညီမှု ပုံစံနဲ့လုပ်ဆောင်ပေးသွားဖို့ စီစဉ်ထားပါသလဲ။
 

ဖြေ : ဒီ “လိုရင်ခေါ်ပါ” အစီအစဉ် မှာ လှူဒါန်းပေးဖို့ ရည်ရွယ်ထားတဲ့ ပုံစံကတော့ အခမဲ့ လှူဒါန်းပေးမယ့် ကျပ် ၁၅၀၀၀ ဖိုးတန်ဖိုးရှိတဲ့ Package ပုံစံမျိုး သတ်မှတ်ထားပါတယ်။ ဒီ Package မှာဆိုရင် တစ်ပတ်စာ ဖူလုံလောက်မယ့် ဆန် ခြောက်ပြည်၊ ဆီ တစ်လီတာဘူး၊ ငါးသေတ္တာဘူးကြီး နှစ်ဘူး၊ ဆား၊ ကုလားပဲခြမ်း ၅၀ သား တစ်ထုပ်၊ ကြက်သားမှုန့် တစ်ထုပ်၊ ငါးပိတောင်း ဘူးကြီး တစ်ဘူး၊ ခေါက်ဆွဲခြောက်၊ ကွေကာအုပ်ထုပ် ငါးထုပ်၊ ဒဏ်ကြေဆေး၊ အားဆေး၊ တစ်ကိုယ်ရည်သုံး ဆပ်ပြာ နဲ့ လူငယ် အမျိုးသမီးတွေ အတွက် လစဉ်သုံး ပစ္စည်းတွေပါ ထည့်ပေးဖို့စီစဉ်ပေးထားပြီး အိမ်တိုင်ရာရောက် အခမဲ့ကူညီပို့ဆောင်ပေးသွားမှာပါ။
 
မေး : အခုလို သွားရောက်လှူဒါန်းတဲ့အခါ ဘယ်လိုနေရာမျိုးတွေကို အဓိကဦးစားပေးပြီး သွားရောက်လှူဒါန်းပေးဖို့ စီစဉ်ထားပါသလဲ။

 ဖြေ : ကျွန်မတို့ အတတ်နိုင်ဆုံးတော့ လက်လုပ်လက်စားတွေ များပြားပြီး ဝင်ငွေ အခက်အခဲဖြစ်နေတဲ့ မြို့နယ်တွေကို အဓိကဦးစားပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ အခုစက်ရုံအလုပ်ရုံတွေကလည်း ပိတ်ထားတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်နေတဲ့နေရာတွေ၊ ကျူးကျော်နေရာတွေ၊ အိမ်ခြေရာမဲ့ဖြစ်တဲ့နေရာတွေ ကို ဦးစားပေးပြီး သွားရောက်လှူဒါန်းမှာဖြစ်သလို ရပ်ကွက်တွေထဲမှာအသွားအလာကန့်သတ်မှု (Home Quarantine) ထားခံရတဲ့နေရာတွေကနေ ဆက်သွယ်အကူအညီတောင်းလာရင်လည်း သွားရောက်ပို့ဆောင်ပေးသွားဖို့ စီစဉ်ထားပါတယ်။
 
မေး : ဒီ COVID– 19 ကာလအတွင်းမှာ Clean Yangon အနေနဲ့ ဘယ်မြို့နယ်တွေမှာ ကူညီထောက်ပံ့ပေးမှု အစီအစဉ်တွေ ပြုလုပ်ခဲ့ပြီးပြီလဲ။ “လိုရင်ခေါ်ပါ” အစီအစဉ်မှာရော အိမ်ထောင်စု ဘယ်လောက်ကို ကူညီထောက်ပံ့ပေးသွားဖို့ ရည်ရွယ်ထားပါသလဲ။

 ဖြေ : လက်ရှိ Clean Yangon နဲ့ ချိတ်ဆက်ထားတဲ့ ပရဟိတ အဖွဲ့အစည်း ၆၀ နီးပါးလောက်ရှိပြီး COVID– 19 ကာလအတွင်း မှာ အိမ်ထောင်စုပေါင်း ၃၀၀၀ နီးပါလောက်ကို ကူညီထောက်ပံ့ခဲ့ပြီးပါပြီ။ မြို့နယ်တွေ အနေနဲ့ကတော့ လှိုင်သာယာ၊ တောင်ဒဂုံ၊ ယုဇနဥယျာဉ်မြို့တော်၊ ဒလ၊ ရွာသာကြီး၊ ကော့မှူး နဲ့ ကွမ်းခြံကုန်း စတဲ့ မြို့နဲ့ဝေးတဲ့ နေရာတွေကို သွားရောက်ပြီး ကူညီထောက်ပံ့မှုတွေ လုပ်ပေးခဲ့ပါတယ်။ ဒီနေ့မှာတင် “လိုရင်ခေါ်ပါ” အစီအစဉ်ကို ဆက်သွယ်အကူအညီတောင်းလာတဲ့ ဦးရေ ၃၀ လောက်ရှိလာတဲ့အတွက် အခုလို အကူအညီတောင်းခံတဲ့သူတိုင်းကို အကူအညီပေးသွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

မေး : “လိုရင်ခေါ်ပါ” အစီအစဉ် နဲ့ ပက်သက်ပြီး အခက်အခဲ ဒါမှမဟုတ် လိုအပ်မှုတွေ ဘာတွေ ရှိပါသလဲ။

 ဖြေ : အခု လောလောဆယ် လိုအပ်နေတာကတော့ အစီအစဉ်မှာ Package တစ်ခုကို ၁၅၀၀၀ ကျပ်ရှိတဲ့ အတွက် ပြည်သူအချင်းချင်းစုပေါင်းအားလေးနဲ့ တတ်နိုင်သလောက်ကူညီပြီး ပါဝင်လှူဒါန်းမှုတွေ ပြုလုပ်ပေးစေချင်ပါတယ်။ ဒါဆိုရင်ကျွန်မတို့မှန်းထားတဲ့ အိမ်ထောင်စုတွေအတွက် ပိုပြီးထိရောက်တဲ့ ကူညီလှူဒါန်းမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး ရလာတဲ့အလှူငွေတွေကိုလည်း Clean Yangon ရဲ့Facebook စာမျက်နှာမှာ စာရင်းရှင်းတမ်းလေးတွေနဲ့ ဖော်ပြပေးသွားမှာလည်း ဖြစ်လို့တတ်နိုင်တဲ့ ပြည်သူတွေရဲ့ ယုံကြည်စွာလှူဒါန်းပေးကြမယ့် အလှူရှင်တွေတော့ များစွာလိုအပ်လျက်ရှိနေပါတယ်။
 
မေး : Clean Yangon အနေနဲ့ COVID – 19 ကာလအတွင်းလှုပ်ရှားမှုတွေ အတွက်ဘာတွေ ပြင်ဆင်ထားသေးလဲ။
 
ဖြေ : လက်ရှိ ကျွန်မတို့ နိုင်ငံမှာ ကူးစက်မှု အခြေအနေက ရာဂဏန်းဝန်းကျင်လောက်ကို ရောက်လာပြီပေါ့နော်။ ဒီကြားထဲမှာလည်း ရောဂါပိုးသယ်ဆောင်ထားတဲ့ (Silent Carrier) တွေလည်း ရှိနေနိုင်တဲ့အတွက် ကူးစက်မှု ကာလ အတိုင်းအတာ ကြာမြင့်လာတဲ့ အခြေအနေမျိုးမှာ အိမ်ထောင်စုတွေကို လအလိုက်စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်မှုနဲ့ ကျန်းမာရေးဆိုင်ရာဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ဆေးဝါးထောက်ပံံံ့မှုတွေအပေါ် ငွေကြေးဆိုင်ရာ ကုန်ကျနိုင်မှု တွက်ထားပြီးရေရှည် ကူညီပေးနိုင်ဖို့ အတွက် ကြိုးစားနေပါတယ်။
 
မေး : နောက်ဆုံး အနေနဲ့ Clean Yangon ရဲ့ “လိုရင်ခေါ်ပါ အစီအစဉ်နဲ့ ပက်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် သိပါရစေ။

ဖြေ : ဒီ “လိုရင်ခေါ်ပါ” အစီအစဉ်က အိမ်ထဲကနေ အပြင်ထွက်ဖို့ ခက်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်တဲ့သူတွေ၊ မသန်စွမ်း ဖြစ်တဲ့သူတွေ ကိုယ့်အနီးအနားမှာ အမှန်တကယ်ရှိနေရင် Clean Yangon ဆီ အားမနာတမ်းဆက်သွယ်ပြီး အကူအညီတောင်းပါ။ ဒီလိုကူညီပေးနိုင်ဖို့ လက်ရှိတင်ပေးထားတဲ့ ဖုန်းနံပါတ် ဖြစ်တဲ့ ၀၉၄၅၀၀၃၄၀၁၄ ကို ဆက်သွယ်နိုင်ပြီး ၂၄ နာရီအချိန်ပြည့် နားရက်မရှိဘဲအမြန်ဆုံး အိမ်တိုင်ရာရောက် ကူညီထောက်ပံ့ပေးနိုင်ဖို့ စီစဉ်ထားကြောင်း အသိပေးပြောကြားလိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly