ဂျပန်ကမ်းလွန်တွင် တရုတ်ရေငုပ်သင်္ဘောက အမေရိကန်လေယာဉ်တင်သင်္ဘောကို ခြေရာခံလိုက်ခဲ့ဟုဆို

ဂျပန်ကမ်းလွန်တွင် တရုတ်ရေငုပ်သင်္ဘောက အမေရိကန်လေယာဉ်တင်သင်္ဘောကို ခြေရာခံလိုက်ခဲ့ဟုဆို

ဝါရှင်တန်၊ နိုဝင်ဘာ-၅ ။           ။ ပစိဖိတ်သမုဒ်ပြင်ကျယ်တွင် နှစ်နိုင်ငံကြား သွေးတိုးစမ်းသည့် လတ်တလောအကျဆုံး သာဓကဖြစ်ရပ်တစ်ခုအနေဖြင့် လွန်ခဲ့သည့်လက ဂျပန်ကမ်းရိုးတန်းကမ်းလွန်တွင် အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စင်းနောက်သို့ တရုတ် ရေငုပ်သင်္ဘောတစ်စင်းက အနီးကပ် ခြေရာခံလိုက်နေခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အောက်တိုဘာလ ၂၄ရက်နေ့က တရုတ် ကီလိုတန်း အမြန်တိုက်ခိုက်နိုင်သည့် ရေငုပ်သင်္ဘောတစ်စင်းက USS Ronald Reagan သင်္ဘောနောက်သို့ နေ့တစ်ဝက်နီးပါး ထပ်ချပ်မကွာ လိုက်နေခဲ့သည်ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။.

သင်္ဘောနှစ်စင်းမှာ မည်မျှအထိ နီးကပ်ခဲ့သည်ကို ပြောကြားခြင်းမရှိသော်လည်း တဒင်္ဂရင်ဆိုင်တွေ့မှုထက် ပိုမိုခဲ့သည်ဟု ဆိုသည်။

ခြိမ်းခြောက်သည့် အမူအရာမတွေ့ရသကဲ့သို့ သင်္ဘောနှစ်စင်းကြား အပြန်အလှန်ဆက်သွယ်ခြင်းလည်း မရှိခဲ့သော်လည်း အမေရိကန် ရေငုပ်သင်္ဘောဖျက် လေယာဉ်ကမူ တရုတ်ရေငုပ်သင်္ဘောကို တစ်ချိန်လုံး စောင့်ကြည့်လာခဲ့သည်ဟု ဆိုသည်။ ထိုကိစ္စနှင့်ပတ်သက်၍ တရုတ်အရာရှိများက တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောကြားခြင်းမရှိပေ။  

အမေရိကန် ကာကွယ်ရေးအရာရှိကမူ အမေရိကန်က ဂျပန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်သည့်အခါတိုင်း တရုတ်ရေငုပ်သင်္ဘောမှာ ထွက်ပေါ်လာတတ်ပြီး အခြေအနေကို စူးစမ်းလေ့ရှိကြောင်းပြောကြားပြီး ဖြစ်ရပ်၏ ခြိမ်းခြောက်သောသဘာဝကို အရေးမပါသလို ပြောကြားခဲ့သည်။

သို့ရာတွင် သင်္ဘောများ အလွန်နီးကပ်စွာ ခုတ်မောင်းနေသည့်အခါ အမြဲတန်းလိုလို စိုးရိမ်သောက ရှိနေကြောင်း အလားတူရင်ဆိုင်မှုများကို တစ်ခုမက အတွေ့အကြုံရှိခဲ့သည့် လေယာဉ်တင်သင်္ဘောအုပ်စု တပ်မှူးဟောင်းတစ်ယောက်ဖြစ်သူက ပြောကြားခဲ့သည်။

‘တစ်ချို့က အခြားသင်္ဘောကို ဖြတ်တောက်ဟန့်တားဖို့ ကြိုးစားရင်း သင်္ဘောချင်းတိုက်မိနိုင်တယ်။ နားလည်မှု လွဲတာတွေ၊ နည်းဗျူဟာပိုင်း အတွက်မှားတာတွေ ဖြစ်နိုင်တယ်’’ဟု အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီး ပီတီ ဒါလိုင်းက ပြောကြားခဲ့သည်။

စစ်အေးခေတ် အရှိန်အဟုန်မြင့်တက်နေချိန်တွင် အမေရိကန်နှင့် ဆိုဗီယက် စစ်သင်္ဘောများမှာ ကမ္ဘာ့သမုဒ္ဒရာများတွင် လောင်းကြေးကြီးမားသည့် ကြောင်နှင့်ကြွက်ကစားပွဲကဲ့သို့ တစ်ဖက်နှင့် တစ်ဖက် ခြေရာခံလိုက်နေခဲ့ကြပြီး အားစမ်းနေခဲ့ကြဖူးသည်။

၁၉၈၄ခုနှစ်တွင် ဆိုဗီယက်ရေငုပ်သင်္ဘောတစ်စင်းနှင့် အမေရိကန် လေယာဉ်တင်သဘော Kitty Hawk တို့ ဂျပန်ပယ်လယ်ပြင်တွင် တိုက်မိခဲ့ရာ ဆိုဗီယက်သင်္ဘောမှာ အစိတ်အပိုင်းအချို့ ပျက်စီးသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly