တရုတ်နိုင်ငံအကျဉ်းထောင်များမှပြန်လွတ်လာသူမြန်မာ ၃၁၄ ဦးအား နေရပ်အသီးသီးသို့ပြန်ပို့ပြီ

တရုတ်နိုင်ငံအကျဉ်းထောင်များမှပြန်လွတ်လာသူမြန်မာ ၃၁၄ ဦးအား နေရပ်အသီးသီးသို့ပြန်ပို့ပြီ

မေ ၁၀

တရုတ်နိုင်ငံအကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့်  မြန်မာ ၃၁၄ ဦးကို သက်ဆိုင်ရာဒေသအသီးသီးသို့ ယနေ့ပို့ဆောင်နေပြီဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်ကပြောသည်။

တရုတ်အစိုးရက  မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဂိတ်(နန်းတော်)ဂိတ်တွင် မေလ ၆ရက်မှ၉ရက်နေ့အထိလွဲပြောင်းပေးခဲ့သူ ၃၁၄ယောက်ရှိပြီဖြစ်သည်။

ထိုသူများသည် ဝူဟန်မြို့အဝါအဝင် ယူနန်ပြည်နယ်နှင့်အခြားပြည်နယ်များတွင် တရားမဝင် ဝင်ရောက်နေထိုင်မှု၊ စာရွက်စာတမ်း လိမ်လည်မှုများဖြင့် အကျဉ်းကျခံခဲ့ရပြီး ပြန်လည်လွှတ်မြောက်လာသူများဖြစ်သည်။

ဦးစိုင်းညွန့်လွင်က“သူတို့ကိုတော့ သက်ဆိုင်ရာဒေသအသီးသီးကို ပို့လိုက်မှာပေါ့နော်။ လားရှိုးဆိုရင် လားရှိုးကို ပို့မယ်။ Quarantine ဝင်မယ်။ နောက် နမ်ဆန် ဆိုရင် ၅၉ယောက်လားမသိဘူး။ နမ်ဆန် က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်တဲ့အတွက် နမ်ဆန်၊ မန်တုံက သူတို့ဒေသဦးစီးအဖွဲ့က လာခေါ်သွားပြီ။ အဲဒီတော့ ရှမ်းပြည်နယ်ထဲ က ၁၂၆ယောက်က သူဒေသအသီးသီးကို သွားပြီး ဌာနဆိုင်ရာကနေ စီမံဆောင်ရွက်ပြီး သက်ဆိုင်ရာ ကားအသီးသီးနဲ့ ပို့လိုက်ပြီ။” ဟုပြောသည်။

အဆိုပါ၃၁၄ဦးထဲတွင်ရှမ်းပြည်နယ်မြောက်ပိုင်းမှ၁၂၆ဦး၊တောင်ပိုင်းမှနှစ်ဦး၊ရှမ်းပြည်နယ်အရှေ့ပိုင်းမှသုံးဦးစုစုပေါင်း၁၃၁ဦးပြန်လည်ဝင်ရောက်လာပြီးကျန်ရှိသည့်၁၈၃ဦးသည်အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှဖြစ်ကြသည်။

ရှမ်းပြည်မြောက်ပိုင်းက ၁၂၆ဦးလုံးအား ဒေသအသီးသီးသို့ ပို့ဆောင်ထားပြီးဖြစ်ကာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ တွင် နေထိုင်သူများကိုလည်း ယနေ့ပို့ဆောင်မည်ဟုသိရသည်။

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တွင် နေထိုင်သည့် ၁၈၃ဦးသည် ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အများဆုံး နေထိုင်သူများဖြစ်ကြသည်။

“ကျန်နေတဲ့သူအားလုံး၊ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အားလုံး မကွေးတို့ ချင်းတို့ မန္တလေးတို့ အားလုံးကို လားရှိုးကနေ ရထားနဲ့ ပို့မယ်။ ပို့တဲ့ အခါကျတော့ မန္တလေးရောက်ရင် မန္တလေးအစိုးရက ဆက်တာဝန်ယူပြီး ဆင့်ကဲဆင့်ကဲပို့ ပေးရမှာပေါ့။”ဟု ဦးစိုးညွှန့်လွင် ကပြောသည်။

ပြန်လာသူအားလုံးကို တရုတ်အစိုးရက COVID -19 ကင်းစင်ကြောင်းလက်မှတ်များထုတ်ပေးထားသော်လည်း မြန်မာနိုင်ငံဘက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရှမ်းပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ပြန်လည်ဝင်ရောက်လာသူအားလုံးကို မူဆယ်မြို့ရှိ အထက(၃)နှင့် တရုတ်စာသင်ကျောင်းများတွင် ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

COVID -19 ရောဂါ စစ်ဆေးခြင်း အတွက် အပူချိန်တိုင်းခြင်း၊ လက္ခဏာမပြသော်လည်း လူဦးရေရဲ့ ထက်ဝက်ခန့်ကို အလျဉ်းသင့်သလိုခေါ်ယူကာ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်များရယူပြီး အမျိုးသားဓာတ်ခွဲဌာနသို့ ပေးပို့ပြီး စစ်ဆေးခြင်းများပြုလုပ်လျှက်ရှိသည်။ယနေ့ဒေသအသီးသီးကိုပြန်ပို့ချိန်အထိ ထိုဆေးစစ်ချက်အဖြေများမသိရသေးပေ။

ပြန်ဝင်လာသူအားလုံးကို Quarantine Center တွင်ထားရှိပြီး HIV ပိုး၊ အခြားကူးစက်ရောဂါများနှင့် COVID-19 ရောဂါတို့ကို စစ်ဆေးလျှက်ရှိပြီး မေလ ၁၀ရက်တွင် လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဦးစိုးညွှန့်လွင်ကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly