အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၁၁ ဦးထက်မနည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၁၁ ဦးထက်မနည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

မေ ၁၀

အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၁၁ ဦးထက်မနည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရပြီး ယခုအခါ COVID-19 သည် အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအနီးအနားသို့ ဝေ့ကာပတ်ကာဖြင့် ချဉ်းကပ်လာနေပြီ ဖြစ်သည်။

ယခုသီတင်းပတ်တွင် အိမ်ဖြူတော် အမှုထမ်းများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုဖြစ်စဉ်များကို တွေ့ရှိထားခဲ့ပြီး သီတင်းပတ်အကုန်မှာပင် လျှို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ ဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ဖြစ်စဉ် ထပ်မံ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၄ ရက်မှစ၍ သမ္မတ ဒေါ်နယ်ထရမ့်၏ အနီးကပ် ကိုယ်ရေးကိုယ်တာ အမှုထမ်းတစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စတင် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဒုသမ္မတ မိုက်ပန့်စ်၏ ပြန်ကြားရေးအရာရှိ ကေတီ မီလာတွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့နောက် သမ္မတ ထရမ့်၏ သမီးဖြစ်သည့် အိုင်ဗန်ကာထရမ့်၏ ကိုယ်ရေးအရာရှိတွင်လည်း ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးသိရှိထားခဲ့ပြီး ဖြစ်သည်။

ထို့ပြင် FDA ကော်မရှင်နာ စတီဖင် ဟန် သည်လည်း မီလာနှင့် ထိတွေ့ပတ်သက်ခဲ့သည့်အတွက် သီတင်းနှစ်ပတ်ကြာ သီးခြားခွဲနေရပြီဖြစ်ကြောင်း Politico က ဖော်ပြသည်။

ယခု လျှို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၁၁ ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရသည့်ဖြစ်စဉ်အပြင် အနည်းဆုံး အခြား တပ်ဖွဲ့ဝင် ၂၃ ဦးသည်လည်း ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်သက်သာလာခဲ့သလို အခြား တပ်ဖွဲ့ဝင်အယောက် ၆၀ ခန့်လည်း ရောဂါခြေချုပ်ဖြင့် ဆက်လက်နေထိုင်နေကြရသည်ဟု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန အထောက်အထားစာရွက်စာတမ်းတစ်ခုကို ကိုးကားပြီး Yahoo က ဖော်ပြသည်။

တပ်ဖွဲ့ဝင် မည်မျှ ဗိုင်းရပ်စ် ကူးစက်ခံထားရသည် သို့မဟုတ် ရောဂါခြေချုပ်ဖြင့် နေထိုင်နေရသည် ဆိုသည်နှင့်ပတ်သက်၍ ထုတ်ပြန်ပြောဆိုရန် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့ဘက်က ငြင်းဆန်ထားသည်။

အိုင်ဗန်ကာထရမ့်၏ ကိုယ်ရေးအရာရှိ သည် နေအိမ်ကနေ အလုပ်လုပ်ပေးနေသူဖြစ်ပြီး သမ္မတထရမ့်၏ သမီးဖြစ်သူအနီးတွင် သီတင်းပတ်များစွာကြာ ရှိမနေခဲ့ဟု သတင်းရင်းမြစ်တစ်ဦးကလည်း CNN ကို ပြောသည်။

ယခုအခါ သမ္မတ ထရမ့်၊ ဒုသမ္မတ မိုက်ပန့်စ် ၊ အိမ်ဖြူတော်ဝန်ထမ်းများနှင့် သတင်းထောက်များသည် နေ့စဉ်နေ့တိုင်း စစ်ဆေးစမ်းသပ်မှုများ ခံယူနေကြကြောင်း သိရသည်။

၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည်ကို စိုးရိမ်ပူပန်ခြင်း မရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုနေဆဲဖြစ်ပြီး လူအများရှေ့တွင်လည်း နှာခေါင်းစည်းတပ်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly