မက္ကဆီကို၌ သူနာပြုဆရာမသုံးဦး အသတ်ခံရ

မေ ၉

မက္ကဆီကိုနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း ကျန်းမာရေးဝန်ထမ်းများကို ခြိမ်းခြောက်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီးနောက်  Coahuila ပြည်နယ်တွင် သူနာပြုဆရာမသုံးဦး လည်ပင်းညှစ်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တာဝန်ရှိသူများက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

သူနာပြုဆရာမသုံးဦးသေဆုံးမှုသည် လူသတ်မှုဖြစ်ကြောင်း ကိုအာဟီလာ ပြည်နယ်ရှိ မက္ကဆီကိုပြည်သူ့ကျန်းမာရေးဌာနမှ အကြီးအကဲတစ်ဦးဖြစ်သူ Javier Guerrero က ပြောသည်။ ကိုအာဟီလာပြည်နယ်ရှေ့နေချုပ် Gerardo Marquez က ကျူးလွန်သူမှာ နှစ်ဦး သို့မဟုတ် သုံးဦးဖြစ်နိုင်ပြီး ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းနှင့် သူနာပြုများသည် မည်သည့်အချိန်တွင် သေဆုံးခဲ့ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးဟု ဆိုသည်။

အဆိုပါအမှုကို တာဝန်ရှိသူများက စုံစမ်းနေဆဲဖြစ်ပြီး ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရှိရသေးပေ။ မက္ကဆီကိုတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပေါ် အကြောက်လွန်စိုးရိမ်မှုများရှိနေပြီး  ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ကျန်းမာရေးဝန်ထမ်းများ အနိုင်ကျင့်ရန်စခံနေကြရသည်။

“အခုလို သေဆုံးတာဟာ ကျန်းမာရေးကဏ္ဍမှာတာဝန်ထမ်းဆောင်တဲ့ သူတို့အလုပ်ကြောင့်လားဆိုတာ မသိရသေးပါဘူး။ ကျန်းမာရေးအဖွဲ့အစည်းအတွက် အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။ အပြစ်ကျူးလွန်တဲ့သူတွေကို ရှာပြီး  စွဲချက်တင်ဖို့ ပြည်နယ်တာဝန်ရှိသူတွေကို ကျွန်တော် ထပ်တလဲလဲ ညွှန်ကြားနေပါတယ်” ဟု ရှေ့နေချုပ်ကပြောသည်။

လက်တင်အမေရိက၏ ဒုတိယစီးပွားရေးအကောင်းဆုံးဖြစ်သည့် မက္ကဆီကိုတွင် ယခုသီတင်းပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုအမြင့်ဆုံးဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၈၂ ဦးရှိပြီး ၂၅၇ ဦးသေဆုံးခဲ့ကာ နိုင်ငံတွင်း ရောဂါစတင်ဖြစ်ပွားကတည်းက သေဆုံးမှုအများဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။

မက္ကဆီကိုတွင် ယနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉ ၆၁၆ ဦးရှိပြီး ၂ ၉၆၁ ဦးသေဆုံးထားသည်။ သို့သော်လည်း အမှန်တကယ် ရောဂါကူးစက်ခံရသူအရေအတွက်သည် သိသိသာသာမြင့်မားနိုင်ပြီး သေဆုံးနှုန်းမှာလည်း တရားဝင်စာရင်းထက် ပိုမိုများပြားနိုင်သည်ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly