ပွဲကြည့်စင်တွေကို ပြန်လာကြတဲ့ ထိုင်ဝမ်ဘေ့စ်ဘော ပရိသတ်များ

ပွဲကြည့်စင်တွေကို ပြန်လာကြတဲ့ ထိုင်ဝမ်ဘေ့စ်ဘော ပရိသတ်များ
Photos: EPA & AFP

ထိုင်ဝမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကျဆင်းသွားပြီး ကူးစက်ပျံ့နှံ့ရှိနေတယ်ဆိုပေမယ့် ပရော်ဖက်ရှင်နယ်အားကစားလိဂ်တွေ ပြန်လည်စတင်ပြီးနောက် သောကြာနေ့မှာတော့ ထိုင်ဝမ်ဘေ့စ်ဘောပရိသတ်တွေဟာ အားကစားကွင်းအတွင်းမှာ သူတို့ရဲ့အသင်းတွေကို အားပေးခွင့်ရခဲ့ပါတယ်။

ထိုင်ဝမ်အခြေစိုက် ဘေ့စ်ဘောပြိုင်ပွဲဟာ တခြားနေရာမှာ လူသိနည်းပေမယ့် ရာသီသစ် စတင်တဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်လိဂ်ဖြစ်လာပြီးနောက် ပြီးခဲ့တဲ့ အပတ်အနည်းငယ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ စိတ်ဝင်စားမှုများပြားလာပါတယ်။

ဗိုင်းရပ်စ်ကာကွယ်ရေး တားမြစ်ချက်တွေအရ ကလပ်တစ်သင်းဟာ ပွဲကြည့်စင်မှာ အရုပ်ကဒ်ထူပြားတွေနဲ့ ဒရမ်တီးနေတဲ့ စက်ရုပ်တွေကို ထားရှိပြီး ထိုင်ဝမ်ပရိသတ်တွေဟာ ဒီပွဲကို သူတို့ရဲ့ တီဗီတွေကတစ်ဆင့် ကြည့်ရှုခဲ့ကြရပါတယ်။

ဒါပေမယ့် သောကြာနေ့မှာ ပရိသတ်တွေဟာ အားကစားပွဲစဉ်တစ်ချို့အတွက် စိတ်လှုပ်ရှားစွာ ကွင်းအတွင်းကို ပြန်လာခဲ့ကြပါတယ်။

"ထိုင်ဝမ်ဟာ ဘေ့စ်ဘောရာသီကို ပထမဆုံးအစပြုပြီး ပရိသတ်တွေကို ပထမဆုံး ကြည့်ခွင့်ပြုတဲ့အတွက် ကျနော် အရမ်းဂုဏ်ယူတယ်။ ဒီရာသီမှာ ပွဲတိုင်းကိုလာကြည့်ဖို့ ကျနော် စီစဉ်ထားတယ်။"လို့ အသက် ၁၉ နှစ်အရွယ် ကောလိပ်ကျောင်းသား Sam Kao က အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

"အားကစားကွင်းကို ပြန်လာရတာ တကယ်ကို ဝမ်းသာမိပါတယ်။ ဘေ့စ်ဘောပွဲကို ကွင်းတွင်း ခံစားမှုမျိုး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရတာ နှစ်သက်ပါတယ်။"လို့ အသက် ၃၀ အရွယ် Lin Wen-hsuan က ပြောပါတယ်။

ခပ်ခွာခွာနေရတဲ့ social distancing အချို့ ဆက်လက်ရှိနေပါတယ်။ ပွဲစဉ်တစ်ပွဲမှာ ကြည့်ရှုရမယ့် ပရိသတ်အရေအတွက်ကို အယောက် ၁၀၀၀ ကန့်သတ်ထားပြီး နှာခေါင်းစီးတွေ တပ်ဆင်ဖို့နဲ့ တစ်ယောက်နဲ့ တစ်ယောက် အကွာအဝေးတစ်ခုမှာ နေဖို့ လိုအပ်ပါတယ်။

ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနဲ့ နီးကပ်မှုရှိပေမယ့်လည်း ထိရောက်တဲ့ ခြေရာကောက်နိုင်တာ၊ ခြေချုပ်ထားနိုင်တာနဲ့ စမ်းသပ်စစ်ဆေးနိုင်တာကြောင့် အတည်ပြုကူးစက်ခံရမှု အယောက် ၄၄၀ နဲ့ သေဆုံးမှု ခြောက်ဦးသာ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘေ့စ်ဘောဟာ ထိုင်ဝမ်မှာ လူကြိုက်အများဆုံး အားကစားဖြစ်ပြီး လက်ရှိရာသီအတွက် ပွဲပေါင်း ၂၄၀ ကျော် ကစားဖို့ ရှိပါတယ်။

Ref; AFP
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly