ကန်သမ္မတတစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် လာအိုသို့သွားရောက်ရန် အိုဘားမားစီစဉ်

ကန်သမ္မတတစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် လာအိုသို့သွားရောက်ရန် အိုဘားမားစီစဉ်

ဝါရှင်တန်၊ နိုဝင်ဘာ ၅ ။          ။ ဒေသဆိုင်ရာစီးပွားရေးထိပ်သီးဆွေးနွေးပွဲတစ်ခုသို့ တက်ရောက်ရန် အမေရိကန်သမ္မတဘားရက်အိုဘားမားက လာမည့်နှစ်တွင် လာအိုနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားရာ အိုဘားမားသည် ယင်းနိုင်ငံသို့ သွားရောက်သည့် ပထမဆုံးအမေရိကန်သမ္မတဖြစ်လာမည်ဟု အကြံပေးတစ်ဦးက နိုဝင်ဘာ ၄တွင် ပြောကြားခဲ့သည်။

လာအိုသည် ဆင်းရဲသော်လည်း စီးပွားရေးအရ ဖွံ့ဖြိုးနေသော နိုင်ငံဖြစ်သည်။ ဗီယက်နမ်စစ်ပွဲအတွင်းက အမေရိကန်သည် လာအိုနိုင်ငံအတွင်းသို့ ဗုံးများအကြီးအကျယ်ကြဲချခဲ့သည်။ လာအိုတွင် ကျင်းပမည့် အာဆီယံကွန်ဖရင့်ကို တက်ခြင်းဖြင့် အိုဘားမားက သမိုင်းရေးထိုးမည်ဖြစ်သည်ဟု အမျိုးသားလုံခြုံရေးလက်ထောက် ဘင်ရုတ်ဒ်က ပြောသည်။ မကြာသေးခင်က ၎င်း၏လာအိုခရီးစဉ်က ၂၀၁၆ခုနှစ်အတွက် အာဆီယံ၏ဥက္ကဋ္ဌနေရာအတွက် အုတ်မြစ်ချရာတွင် အထောက်အကူဖြစ်ခဲ့သည်ဟု ဝါရှင်တန်ညဏ်ကြီးရှင်အဖွဲ့တစ်ခုသို့ ရုတ်ဒ်က ပြောခဲ့သည်။

ထို့နောက် အိုဘားမားသည် ယခုနှစ်၏ အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ယခုလနောက်ပိုင်းတွင် မလေးရှားသို့ သွားရောက်မည်ဖြစ်သည်။ ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အာဆီယံအဖွဲ့၏ ရပ်တည်မှုကို မြင့်တင်ရန်နှင့် အမေရိကန်အတွက် အာရှနှင့်ပစိဖိတ်သည် အဓိကအချက်အခြာဒေသဖြစ်ကြောင်း ပြသရန် ကြိုးပမ်းနေစဉ် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မည်ဟု ၎င်းက အလေးအနက်ပြောသည်။

လာအိုနှင့် အမေရိကန်ကြား အတိတ်က ခါးသီးမှုကို ရုတ်ဒ်က အနည်းငယ်သာ ပြောကြားခဲ့ပြီး ဗီယက်နမ်စစ်ပွဲကတည်းက လာအိုရှိ မပေါက်ကွဲသေးသည့် အမေရိကန်၏ ဗုံးလက်နက်များရှင်းလင်းရေး ဝါရှင်တန်က ပိုမိုလုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

ဗီယက်နမ်စစ်ပွဲကာလက အိမ်နီးချင်းနိုင်ငံကို ဖြတ်သည့် မြောက်ဗီယက်နမ်ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ရန် အမေရိကန်သည် ဗုံးကြဲမစ်ရှင် ၅၈၀,၀၀၀ဖြင့် ၁၉၆၄မှ ၁၉၇၃အထိ ဗုံးတန်ချိန် နှစ်သန်းကျော်ကို လာအိုနိုင်ငံပေါ်သို့ ကြဲချခဲ့သည်။ ဗုံးအားလုံး၏ ၃၀ ရာခိုင်နှုန်းမှာ ပေါက်ကွဲမှုမရှိဟု ခန့်မှန်းထားသည်။

လာအိုနှင့် အမေရိကန်တို့သည် အိုဘားမားလက်ထက်တွင် ဆက်ဆံရေးကောင်းမွန်လာ သကဲ့သို့ မြန်မာ၊ ဗီယက်နမ်တို့နှင့် အမေရိကန်၏ ဆက်ဆံရေးမှာလည်း ခိုင်မာလာခဲ့သည်။ ၂၀၁၂က ဟီလာရီကလင်တန်သည် လာအိုသို့ သွားရောက်ခဲ့ရာ နှစ် ၅၀ကျော်အတွင်း လာအိုသို့သွားရောက်သည့် ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly