ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ် ကစားသမားများ ဗိုင်းရပ်စ် စစ်ဆေးမှု စတင်ခံယူ

ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ် ကစားသမားများ ဗိုင်းရပ်စ် စစ်ဆေးမှု စတင်ခံယူ
Photos: EPA

လာမယ့်လမှာ ရာသီပြန်မစတင်ခင် လာလီဂါကလပ်အသင်းတွေဟာ ကန့်သတ်ထားတဲ့ လေ့ကျင့်ခန်းတွေပြန်ဆင်းဖို့ စီစဉ်ထားတာကြောင့် ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်က ကစားသမားတွေဟာ ဗုဒ္ဓဟူးနေ့က စမ်းသပ်စစ်ဆေးမှုတွေ စတင်ခံယူခဲ့ပါတယ်။

ဘာကအသင်းခေါင်းဆောင် မက်ဆီနဲ့ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ဟာ ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းက ကလပ်ရဲ့ လေ့ကျင့်ရေးစင်တာကို ၎င်းတို့ရဲ့ ကားတွေနဲ့ တစ်ဦးချင်းစီ ရောက်ရှိလာခဲ့တဲ့ ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

ဟာဇက်နဲ့ ဘန်ဇီမာအပါအဝင် ရီးယဲလ်မက်ဒရစ်က ကစားသမားတွေဟာလည်း မြို့ရဲ့ ဆင်ခြေဖုံးက ရီးယဲလ်ရဲ့ လေ့ကျင့်ရေးစခန်းမှာ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုရလဒ်တွေဟာ ပုံမှန်အားဖြင့် ၄၈ နာရီအတွင်း သိရှိရပါတယ်။ အခုလိုစစ်ဆေးခြင်းဟာ လိဂ်ရဲ့ တင်းကျပ်တဲ့ ဆေးဘက်ဆိုင်ရာ စည်းကမ်းချက်တွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသင်းတွေဟာ လေ့ကျင့်ခန်းပြန်မဆင်းခင် လိုက်နာရမှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာလည်း စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သွားမယ့် အက်သလက်တီကိုမက်ဒရစ်ဟာ ရလဒ်တွေ သိရှိပြီးပါက လေ့ကျင့်ခန်းကို ချက်ချင်းပြန်လည်စတင်ဖို့ ရည်ရွယ်နေပါတယ်။

ပြီးခဲ့တဲ့အပတ်က စပိန်အစိုးရကနေ ကြေညာခဲ့တဲ့ အဆင့်လေးဆင့်လျှော့ချရေး အစီအစဉ်ရဲ့ ပထမဦးဆုံးအစီအစဉ်က ကွင်းထဲမှာ အများဆုံး ၆ ယောက်ကိုခွင့်ပြုမှုနဲ့အတူ ကစားသမားတွေအနေနဲ့ အစပိုင်းမှာ တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းခွင့်ရှိပါတယ်။ 

ကစားသမားတွေဟာ သူတို့ရဲ့အသုံးဆောင်ပစ္စည်းတွေရှိတဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာပြီး လေ့ကျင့်ခန်းမလုပ်တဲ့အခါ နှာခေါင်းစီးနဲ့ လက်အိတ်တွေ ဝတ်ဆင်ရပါမယ်။ လေ့ကျင့်ခန်းအစီအစဉ်ပြီးတိုင်း နောက်တစ်နေ့အတွက် အဝတ်အစားတွေပါတဲ့ အိတ်တစ်လုံး ကစားသမားတွေကို ပေးပါလိမ့်မယ်။

လာလီဂါရဲ့ အစီအစဉ်ဟာ အသင်းလိုက် လေ့ကျင့်ခန်းမဆင်းခင် အုပ်စုငယ်တွေနဲ့ လေ့ကျင့်ခန်းလုပ်ခွင့်ပြုပါလိမ့်မယ်။

ဇွန်လအစောပိုင်းမှာ စီစဉ်ထားတဲ့ စတုတ္ထနဲ့ နောက်ဆုံးအဆင့်မှာ လူ ၄၀၀ ထက်နည်းတဲ့ ပြင်ပအခမ်းအနားပွဲတွေ ရှေ့ဆက်သွားနိုင်မယ်လို့ အစိုးရက ပြောပါတယ်။

လာလီဂါဟာ ဇွန်လလယ်လောက်မှာ ဘောလုံးပွဲတွေကို ကွင်းပိတ်ယှဉ်ပြိုင်ပြီး ပြန်လည်စတင်ကာ ရာသီကို အပြီးသတ်ဖို့ အဆိုပြုထားပါတယ်။

"လူတွေရဲ့ ကျန်းမာရေးဟာ အဓိကကျတယ်။ ဒါ့ကြောင့် လာလီဂါပြိုင်ပွဲကို ပြန်လည်စတင်ဖို့ ကျနော်တို့ လုပ်ဆောင်နေတဲ့အချိန်မှာ ပါဝင်သူအားလုံးရဲ့ ကျန်းမာရေးကို အကာအကွယ်ပေးဖို့ ပြည့်စုံတဲ့ protocol ရှိပါတယ်။"လို့ လိဂ်ဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က တနင်္လာနေ့က ပြောပါတယ်။

"အရင်က မကြုံခဲ့ဖူးတဲ့ အခြေအနေတွေပါ။ ဒါပေမယ့် ကျနော်တို့ ဇွန်လမှာ ပြန်လည်စတင်ကစားနိုင်ပြီး ဒီနွေရာသီမှာ ကျနော်တို့ရဲ့ ၂၀၁၉-၂၀ ရာသီကို ပြီးဆုံးဖို့ မျှော်လင့်ပါတယ်။"

စပိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးသော နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က နောက်ဆုံးထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ နိုင်ငံအတွင်း သေဆုံးမှု ၂၆,၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly