ရိုမေးနီးယားတွင် နိုက်ကလပ်မီးလောင်မှုကြောင့် ဝန်ကြီးချုပ်ဖြစ်သူ နှုတ်ထွက်

ရိုမေးနီးယားတွင် နိုက်ကလပ်မီးလောင်မှုကြောင့် ဝန်ကြီးချုပ်ဖြစ်သူ နှုတ်ထွက်

ရိုမေးနီးယားတွင် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ရသည့် နိုက်ကလပ်မီးလောင်မှုအတွက် လူ ၂၀၀၀၀ နီးပါးက လမ်းပေါ်ထွက်ဆန္ဒပြကြမှုများဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ်ဖြစ်သူ ဗစ်တာပွန်တာက ရာထူးမှ နှုတ်ထွက်သွားခဲ့ရသည်။

ဘူချာရတ်စ်မြို့တွင်း အောက်တိုဘာ ၃၀ ရက် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများက ဝန်ကြီးချုပ် ပွန်တာ ရာထူးမှ နှုတ်ထွက်ရေးတောင်းဆိုခဲ့ကြပြီး အစိုးရ၏ အကျင့်ပျက်ခြစားမှုများနှင့် လုံခြုံရေးယူပေးမှု အားနည်းခြင်းများကို အပြစ်ဖို့ အရေးဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ပွန်တာသည် အကျင့်ပျက်ခြစားမှု ပြစ်မှုများအတွက် အမှုရင်ဆိုင်လျက်ရှိနေသူတစ်ဦးလည်းဖြစ်သည်။

စက်တင်ဘာလအတွင်းက လိမ်လည်မှု၊ အခွန်ရှောင်တိမ်းမှုနှင့် ငွေကြေးခဝါချမှုများအတွက် စွပ်စွဲခံရကာ ပထမဆုံး အမှုရင်ဆိုင်ရသည့် ရိုမေးနီးယားဝန်ကြီးချုပ် ဖြစ်ခဲ့သည်။

စွဲချက်များကို ၎င်းက ငြင်းဆန်ပြီး မပြည့်ဝသည့် ဥပဒေအရာရှိများဟု အမှုနှင့် ပတ်သက်ကာ ၎င်းက ပြန်လည်စွပ်စွဲပြောဆိုခဲ့သည်။

နိုဝင်ဘာ ၄ ရက်တွင် ဝန်ကြီးချုပ် ပွန်တာက ၎င်းနှင့် ၎င်း၏ အစိုးရတို့ ဆင်းပေးပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ အစိုးရ ရာထူးမှ ဆင်းပေးလိုက်တာက လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေတဲ့ ပြည်သူတွေအတွက် စိတ်ကျေနပ်မှု ရစေမယ်လို့ မျှော်လင့်ပါတယ်။"ဟု ၎င်းက ရုပ်မြင်သံကြားမှ တစ်ဆင့်ပြောကြားခဲ့သည်။

အောက်တိုဘာ ၃၀ ရက် နိုက်ကလပ်မီးလောင်မှုတွင် ဆေးရုံတက်ကုသရလျက်ရှိသူပေါင်း ၁၀၀ ကျော်ထက်မနည်းရှိနေဆဲဖြစ်ပြီး တစ်ချို့မှာ မီးလောင်ဒဏ်ရာပြင်းပြစွာ ရရှိထားကြသည်။ သေဆုံးသူဦးရေက ဆက်လက်တိုးလာနိုင်ခြေရှိသည်ဟု ဆရာဝန်များက ပြောထားသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly