အပစ်ရပ်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ရန် အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် အဖွဲ့များ ဆွေးနွေး

အပစ်ရပ်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ရန် အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် အဖွဲ့များ ဆွေးနွေး

ချင်းမိုင်၊ နိုဝင်ဘာ ၅ ။       ။ အပစ်အခတ် ရပ်စဲပြီးနောက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရေးနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ၈ ဖွဲ့မှ ခေါင်းဆောင်များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုဝင်ဘာလ ၃ ရက်မှ ၄ရက်အထိ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲပြီးနောက် တိုင်းပြည်တွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ လုပ်ဆောင်သင့်မှုနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ အခြေစိုက် ဟားဘတ်တက္ကသိုလ်မှ ပညာရှင်များနှင့် အင်ဒိုနီးရှားနိုင်ငံမှ ပညာရှင်များက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အပစ်အခတ် ရပ်စဲရေးမှ ဖွံ့ဖြိုးတိုးသည့် နိုင်ငံတစ်နိုင်ငံသို့ ဟူသောခေါင်းစဉ်ဖြင့် အင်ဒိုနီးရှားနှင့် ပါကစ္စတန်နိုင်ငံ နှစ်နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများကို နှိုင်းယှဉ်၍ ဆွေးနွေးခဲ့သည်ဟု ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။

“ကျနော်တို့ တိုင်းပြည်က ဒီကနေ့ စီးပွားရေးက အောက်ကျနောက်ကျ ဖြစ်နေတယ်။ အဲဒီလို စီးပွားရေး ဖွံ့ဖြိုးရေးကိစ္စတွေ လုပ်တဲ့အခါမှာ သတ်နိုင်သမျှ အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုလုပ်မလဲ နည်းလမ်းတွေပေါ့လေ။ အထူးသဖြင့် ပါကစ္စတန်နိုင်ငံ နဲ့ အင်ဒိုနီးရှားနိုင်ငံ နှစ်ခုရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီးတော့ သူတို့ဆွေးနွေးတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

“ပါကိစ္စတန်နိုင်ငံမှာကတော့ ဗဟိုထိန်းချုပ်မှုတွေ က ခုထက်ထိ များနေဆဲ။ ပြီးရင် ပါကိစ္စတန်နိုင်ငံမှာက ဘာသာရေးကို အခြေခံပြီး သူတို့လှုပ်ရှားမှုတွေလုပ်တယ်။ ဒါကြောင့်မလို့ တိုင်းပြည်က ပဋိပက္ခတွေ ပိုများလာတယ်။ အဲဒါပေါ့လေ။ ပါကိစ္စတန် နိုင်ငံက ယေဘုယျပြောရရင် မကောင်းဘူး။ အင်ဒိုနီးရှားကြတော့ ဗဟိုချုပ်ကိုင်မှုတွေကို ဖြေလျော့လိုက်တယ်။ ကျနော်တို့ ပြည်နယ်တွေ၊ မြို့နယ်အဆင့်ထိကို အာဏာတွေ ခွဲပေးတယ်။ အဲဒီနောက် ဘာသာရေးနဲ့ပတ်သက်ရင် ဥပဒေအရဘဲ ဆောင်ရွက်တယ်။ နိုင်ငံတော်ဘာသာလို ပြဌာန်းတာမျိုး မလုပ်ဘူး။ ဘာသာရေးက လွတ်လပ်ခွင့်တွေ ပေးတယ်။ အဲဒီအပေါ်မှာ အင်ဒိုနီးရှားနိုင်ငံက တိုးတက်မှုတွေ ရတယ်။ အဲဒီလို နှိုင်းယှဉ်ပြီးတော့ ဆွေးနွေးတာပါ”ဟု သူက ဆက်လက် ပြောဆိုသည်။

ပါကစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံများကို နှိုင်းယှဉ်မှုတွင် မြန်မာနိုင်ငံတွင် လူနည်းစု လက်ထဲတွင် စီးပွားရေး၊ နိုင်ငံရေး အားလုံးကို ဗဟိုမှ ထိန်းချုပ်မှုများ မဟုတ်ဘဲ အင်ဒိုနီးရှားနိုင်ငံကဲ့သို့ ဗဟိုချုပ်ကိုင်မှုများဖြေလျော့ပါက အကျိုးရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်နိုင်ကြောင်း ခွန်မြင့်ထွန်းက ပြောဆိုသည်။

“ကျနော်တို့ တိုင်းပြည်က လူနည်းစု လက်ထဲမှာဘဲ စီးပွားရေးရော၊ နိုင်ငံရေးရော အားလုံး ချုပ်ကိုင်မှုနဲ့ဆက်သွားမယ်။ ပြီးရင် ဗဟို ထိန်းချုပ်မှုတွေ လွန်ကဲမယ်။ ဘာသာရေးကိုအကြောင်းပြပြီးတော့ ဘာသာရေးကို အကြောင်းပြုတဲ့ လှုပ်ရှားမှုတွေကို ဖန်တီးမယ်။ အဲဒါ ဆိုရင် ကျနော်တို့က ကျနော်တို့က ပိုပိုပြီး ဆင်းရဲသွားဖို့ ရှိတယ်။ ဒုက္ခရောက်သွားဖို့ ရှိတယ်။ အင်ဒိုနီးရှား လိုပေါ့၊ ဗဟို ချုပ်ကိုင် မှုတွေ ဖြေလျော့မယ်။ ပြီးရင် ခုနလို လူနည်းစု လက်ထဲမှာ မဟုတ်ဘဲနဲ့ စီးပွားရေး၊ နိုင်ငံရေး အာဏာတွေကို ခွဲဝေဖြန့်ကျက်မှုတွေ လုပ်မယ်။ နောက်ဘာသာရေးကို အသုံးချတာမျိုးမလုပ် စသည်ဖြစ်ပေါ့လေ။ သူတို့ရဲ့ စစ်ဆေး ချက်အရ ပါကစ္စတန်ရဲ့ အမှားတွေကို ဖယ်ပြီးတော့ အင်ဒိုနီးရှားရဲ့ ကောင်းကွက်တွေကို အတုယူနိုင်ရင်တော့ ကျနော်တို့အတွက် အကျိုးရှိနိုင်မယ်ပေါ့”ဟု သူက ဆက်ပြောသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်ပြန်လည် ထိုထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးနေခြင်း ဖြစ်သည်။

ယင်းအဖွဲ့အစည်း ၈ ဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်က အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့သော အဖွဲ့အစည်းများ ဖြစ်သည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲပြီးနောက် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ၈ ဖွဲ့နှင့် လက်မှတ်မထိုးထားသည့် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နေပြီး ညှိနှိုင်းနိုင်ပါက မကြာမီ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ပြောသည်။

NCA လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့မှ ခေါင်းဆောင်များက နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်ထိ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)တွင် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရန် အပါအဝင် အချက် ၇ ချက်တောင်း ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly