သတင်းစာလွတ်လပ်ခွင့် အရေးကြီးနေပါပြီ

သတင်းစာလွတ်လပ်ခွင့် အရေးကြီးနေပါပြီ

မေ ၃

ယနေ့ ၂၀၂၀ ပြည့်နှစ် မေလ ၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့သည်ကား တကမ္ဘာလုံး COVID-19 ကပ်ဘေးကိုတွန်းလှန်နေရချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။ မေ ၃ ရက်နေ့ရောက်တိုင်း ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ထားခဲ့ခြင်းဖြစ်ကာ သတင်းသမားများရင်ဆိုင်နေရသော စိန်ခေါ်မှုများကို မီးမောင်းထိုးပြနိုင်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍအရေးပါကြောင်းကို ပေါ်လွင်စေပါသည်။

မြန်မာပြည်အတွက် ဒီအကြောင်းအရာကိုပြောဖို့ရန် အချိန်ကိုက်ပင်ဖြစ်တော့သည်။ သတင်းတိုက်များ ပို၍ပို၍ ပိတ်သိမ်းသွားရပြီး သတင်းသမားများ အစုလိုက် အပြုံလိုက် အလုပ်လက်မဲ့ဖြစ်နေရခြင်းသာမက နိုင်ငံတော်လုံခြုံရေးဆိုသောခေါင်းစဉ်အောက်တွင် သတင်းစာဆရာများ တရားစွဲခံနေရခြင်းတို့ဖြင့် သတင်းလွတ်လပ်ခွင့်အတွက် အန္တရာယ်က မြင့်တက်လာနေ၍ ဖြစ်သည်။

ဝမ်းနည်းစရာအဖြစ်များကား သတင်းသမားတို့ သတင်းအလုပ်လုပ်ရင်းက သတင်းဖြစ်နေရခြင်းဖြစ်သည်။ တရားစွဲခံရမှုများ၊ ခြိမ်းခြောက်ခံရမှုများ ကြုံနေရသည်။ နိုင်ငံရေးအားပြိုင်မှုတွင် သတင်းမီဒီယာကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုများပြုလုပ်နေကြသည်။

သတင်းအချက်အလက်သည် လူ့အဖွဲ့အစည်းအားလုံးကို ဆုံးဖြတ်ကောင်းများ ချမှတ်နိုင်အောင်၊ ရွေးချယ်မှုပိုမိုအားကောင်းစေရရန်မှာ အသက်သွေးကြောဖြစ်ပေသည်။ အရည်အသွေးပြည့်ဝသော သတင်းအချက်အလက်များထွက်ပေါ်စေရန်မှာ လွတ်လပ်သော သတင်းမီဒီယာလိုအပ်ပါသည်။

နည်းပညာများထွန်းကားလာသည့် ဆိုရှယ်မီဒီယာခေတ်တွင် သတင်းသမား၏ အခန်းကဏ္ဍက ပိုအရေးပါလာသည်။ နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွားကိုအခြေခံကာ သတင်းတု၊ သတင်းယောင်၊ သတင်းမှားများရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဝေနေမှုကို တန်ပြန်နိုင်သည်ကား ပရော်ဖက်ရှင်နယ် သတင်းသမားတို့ ဖြစ်ပေသည်။

တောမီးသဖွယ်ပြန့်နှံ့တတ်သော သတင်းတု၊ သတင်းယောင်၊ သတင်းမှားတို့ကား လူ့အဖွဲ့အစည်းကို အမုန်းမီးတိုက်ကာ အစိတ်စိတ်အမွှာမွှာခွဲခြမ်းပစ်ပြီး အတူယှဉ်တွဲနေထိုင်ခြင်းကို ဖျက်စီးပစ်ရန် လုပ်ဆောင်ချက်များဖြစ်ပေသည်။

သတိပြုဖို့လိုသည်က အမုန်းစကား၊ သတင်းတု၊ သတင်းမှားများကို တိုက်ဖျက်ရာတွင် အာဏာပိုင်တို့အတွက် သတင်းစာလွတ်လပ်ခွင့်ကို ချိုးနှိမ်စေရန် သို့မဟုတ် ဝေဖန်ဆန်းစစ်သူတို့ကို အသံတိတ်စေရန်အတွက် အကြောင်းပြချက် မဖြစ်စေဖို့ လိုပါသည်။

သတင်းသမားအတွက် သတင်းလွတ်လပ်ခွင့်နှင့်အတူ တာဝန်ယူ တာဝန်ခံမှုပါလာပေသည်။ သတင်းသမားတို့က တိကျမှု၊ မျှတမှု၊ ဘက်မလိုက်မှုဆိုသော စံနှုန်းထားများဖြင့် အမှန်တရားကို တစိုက်မတ်မတ်ရှာဖွေနေကြရသည်။ သတင်းသမားများသည် မြေပြင်အခြေအနေတွင် ၎င်းတို့တွေ့ရှိရသည့် သတင်းအချက်အလက်များနှင့်နှိုင်းယှဉ်လျက် ခက်ခဲနက်နဲသောမေးခွန်းများကို မေးကြရသည်။ အမြင့်ဆုံးသော သတင်းစာကျင့်ဝတ်ကိုလိုက်နာလျက် သူတို့ယုံကြည်စိတ်ချရနိုင်သော သတင်းအချက်အလက်များဖြင့် ပြည်သူလူထုကို အလုပ်အကျွေးပြုရသည်။

သတင်းသမားတို့သည် ပြည်သူ့အကျိုးစီးပွားအတွက် အာဏာအလွဲသုံးစားပြုမှုများ၊ အကျင့်ပျက်ခြစားမှုများ၊ မတော်မတရားပြုမူစသဖြင့် အဓမ္မကို ထုတ်ဖော်ရာတွင် နိုင်ငံရေးအရောင်အသွေး၊ လူပုဂ္ဂိုလ်ကိုမခွဲခြားဘဲ ဖော်ထုတ်နိုင်အောင် ကြိုးစားကြရသည်။

သတင်းသမားအလုပ်သည်လည်း အခြားသောကဏ္ဍများမှ ကျွမ်းကျင်ပညာရှင်များကဲ့သို့ပင် ပရော်ဖက်ရှင်နယ်အလုပ်ဖြစ်ပေသည်။

သတင်းသမားတို့၏ အတွေးအမြင်နှင့် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာဖော်ထုတ်ခွင့်ပေးရန် လိုအပ်ပေသည်။ အများပြည်သူ အကျိုးစီးပွားအတွက် ပြည်သူများ၏ဂုဏ်သိက္ခာကိုလေးစားလျက် သတင်းသမားက သတင်းအရင်းအမြစ်ကို လုံခြုံစိတ်ချမှုပေးကာ သတင်းစုံစမ်းစစ်ဆေးခွင့်၊ ဝေဖန်သုံးသပ်ခွင့်တို့ကိ လွတ်လပ်စွာ လုပ်ခွင့်တို့ရသင့်ပေသည်။

သတင်းသမားတို့မှာ အစိုးရ၏ ရန်သူမဟုတ်ကြပါ။ အစိုးရ၏ လုပ်ရပ်ကို ဝေဖန်ထောက်ပြခွင့်ပြုခြင်း၏ အဆုံးသတ်မှာ အစိုးရကို ပြည်သူလူထုက ယုံကြည်မှုအားကောင်းစေခြင်းသာဖြစ်ပါသည်။

ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းကိုတည်ဆောက်မှုသည် တစ်ခန်းရပ်အလုပ်မဟုတ်ပါ။ ဆင့်ကဲတည်ဆောက်ရမှုဖြစ်သည်။ ဒီမိုကရက်တစ်လူ့အဖွ့ဲအစည်းတည်ဆောက်ရာတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ချိုးနှိမ်တည်ဆောက်၍မရဘဲ ပွင့်လင်းမြင်သာမှု၊ စာနယ်ဇင်းတို့၏ စောင့်ကြည့်စစ်ဆေးခံနိုင်ခြင်းတို့ဖြင့်သာ တည်ဆောက်၍ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly