COVID-19 ကာလ ဘောလုံးပွဲတွေပြန်စတဲ့အခါ ကစားသမားတွေလိုက်နာသင့်တဲ့ အချက်တွေ

COVID-19 ကာလ ဘောလုံးပွဲတွေပြန်စတဲ့အခါ ကစားသမားတွေလိုက်နာသင့်တဲ့ အချက်တွေ

ကိုရိုနာဗိုင်းရပ်စ်ကာလ မပြီးဆုံးသေးပေမယ့် ဘောလုံးပွဲတွေ ပြန်လည်စတင်တော့မယ့်အခါ ကစားသမားတွေရဲ့ ကျန်းမာရေးကလည်း စွန့်စားမှုတွေနဲ့ ပြည့်လာခဲ့ပါတယ်။ ကိုယ့်ရဲ့အသင်းဖော်တစ်ယောက်ယောက်ဆီမှာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ပြိုင်ဖက်  ကစားသမားတစ်ယောက်ယောက်ဆီမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နေမလားဆိုတဲ့ အတွေးနဲ့ ဘောလုံးကို ဖြောင့်အောင် ကစားနိုင်မလား မပြောတတ်ပါဘူး။

The Sun ကတော့ တကယ်လို့သာ ဘောလုံးသမားတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဘောလုံးပွဲတွေ ပြန်ကစားရမယ်ဆိုရင် ဒီလိုအချက်တွေကိုတော့ ရှောင်ကျဉ်နေကြရလိမ့်မယ်လို့ ဖော်ပြပါတယ်။

လိင်ကိစ္စ

ဂျာမနီမှာတော့ ဘွန်ဒက်စ်လီဂါ ကလပ်အသင်းတစ်သင်းက  ဘောလုံးသမားတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိတဲ့ ချစ်သူနဲ့ အတူနေခဲ့မိလို့ ရောဂါပိုးကူးစက်ခြင်း ခံခဲ့ရပါတယ်။ အဲဒီအတွက် ကစားသမားတွေဟာ ဘောလုံးပွဲကာလအတွင်း သူတို့ရဲ့ ချစ်သူတွေ၊ ဇနီးသည်တွေနဲ့ လိင်ကိစ္စရပ်တွေကို ရပ်နားထားရဖွယ်ရှိနေပါတယ်။

တံတွေးထွေးတာ

ကွင်းလယ်ဒိုင်ကို မကျေနပ်လို့ တံတွေးထွေးတာ ၊ မောပန်းမှုကြောင့် တံတွေးထွေးတာ၊ ဘောလုံးသမားအချင်းချင်း ရန်စပြီး တံတွေးနဲ့ထွေးတာမျိုးက ကိုရိုနာဗိုင်းရပ်စ်ကာလမှာ ကြီးလေးတဲ့ ပြစ်ဒဏ်မျိုးအပေးခံရနိုင်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးဆိုင်ရာ အရာရှိတစ်ယောက်ဖြစ်တဲ့ မိုက်ကယ် ဟိုဂီကတော့ တံတွေးထွေးခြင်းကို ဘောလုံးပွဲတွေမှာ တားမြစ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

လူစားလဲမှုတွေ

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာတော့ ဘောလုံးပွဲတွေမှာ လူစားလဲမှုက (၃)ယောက်ကနေ (၅)ယောက်ကို ပြောင်းလဲသွားဖို့ရှိနေပါတယ်။ ကစားသမားတွေရဲ့ ကျန်းမာရေးအခြေအနေတွေ ပိုမိုကောင်းမွန်စေဖို့နဲ့ လုံလောက်တဲ့အနားယူမှုကို ဖြစ်စေဖို့ လူစားလဲမှုကို (၅)ယောက်အထိ ခွင့်ပြုသွားဖို့ရှိနေပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းရေး

ဘယ်လိုမျက်နှာပြင်မှာပဲဖြစ်ဖြစ် (၇၂)နာရီလောက် စွဲကပ်နေနိုင်တယ်ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးသမားတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးအကြီးဆုံး ဖြစ်လာမှာပါ။ ကွင်းထဲမှာ Hat-trick သွင်းပြီး ရခဲ့တဲ့ ဘောလုံးမျိုးကို နေအိမ်ဆီ ယူသွားမယ်ဆိုရင်တောင် သေချာ ဆေးကြောသန့်စင်ပြီးမှ ယူသွားရမယ့် အခြေအနေမျိုးပါ။

တစ်ယောက်နဲ့တစ်ယောက် ထိမှာ ကြောက်ကြမယ်

ထောင့်ကန်ဘောကန်တဲ့အချိန်မျိုးတို့၊ ပြစ်ဒဏ်ဘောကန်ရတဲ့အချိန်မျိုးတို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ထိမိမှာ ကြောက်ကြပါလိမ့်မယ်။ အရင်ကလို တွန်းတိုက်နေတာမျိုး၊ လူသေချာကပ်ထားတာမျိုး လုပ်ဖို့ဆိုရင် တော်တော်လေး စဉ်းစားကြမယ်ထင်တယ်။

အသက်ကန့်သတ်ချက်တွေ

ကိုရိုနာဗိုင်းရပ်စ်ဟာ အသက် ၇၀ ကျော်သူတွေဆီ အမြန်ဆုံး ကူးစက်နိုင်တာမို့ ဘောလုံးကွင်းအတွင်းထဲကို အသက် ၇၀ ကျော်အရွယ် နည်းပြတွေ ရောက်လာဖို့ အခက်တွေ့မှာပါ။ ပဲလေ့စ်အသင်းရဲ့ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ နည်းပြကြီး ရွိုင်းဟော့ဒ်ဆန်ကတော့ ဒီပြဿနာနဲ့ အဓိက ရင်ဆိုင်ရဖွယ်ရှိနေပြီး အသက်အရွယ်ကန့်သတ်မှုတွေအောက်မှာ ဘယ်လိုအခြေအနေရှိမလဲ မပြောတတ်သေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly