ပရီးမီးယားလိဂ်ရဲ့ အစီအစဉ်တွေအပေါ် စိုးရိမ်မှုရှိနေတဲ့ နဗီးလ်

ပရီးမီးယားလိဂ်ရဲ့ အစီအစဉ်တွေအပေါ် စိုးရိမ်မှုရှိနေတဲ့ နဗီးလ်
Photos: AFP

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ကန့်သတ်ပိတ်ပင်မှုတွေပြုလုပ်ခဲ့ပြီးနောက် ဘောလုံးပွဲတွေ အလျင်အမြန် ပြန်ကျင်းပမယ်ဆိုရင် ပရီးမီးယားလိဂ် ကစားသမားတွေရဲ့ အသက်အန္တရယ်ရှိမှာကို စိုးရိမ်တယ်လို့ ဂယ်ရီနဗီးလ်က ပြောပါတယ်။

မေလလယ်မှာ အုပ်စုလိုက် လေ့ကျင့်မှုကို ပြန်လည်စတင်ဖို့ ကစားသမားတွေအတွက် လက်ရှိအစီအစဉ်ဟာ 'Project Restart' ဖြစ်ပြီး အဲဒီနောက် ဇွန်လမှာ ကွင်းပိတ်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားမှုကို စတင်ဖို့ ပရီးမီးယားလိဂ်အကြီးအကဲတွေက စီစဉ်ထားပါတယ်။

ပရီးမီးယားလိဂ်အနေနဲ့ ဘောလုံးသမားတွေကို ဖြစ်နိုင်သမျှ လုံခြုံမှုစေဖို့ စမ်းသပ်မှုပေါင်း ၂၆၀၀၀ မှာ ပေါင် ၄ သန်း ကုန်ကျမယ့် ကြီးမားတဲ့ စမ်းသမ်းမှုလုပ်ငန်းကို ကြီးကြပ်ပါလိမ့်မယ်။

ဒါပေမယ့် ဖီဖာရဲ့ ဆေးဘက်ဆိုင်ရာအကြီးအကဲ ဟော့ဟီက ဘောလုံးပွဲတွေကို စက်တင်ဘာလအထိ မကစားသင့်ဘူးလို့ အင်္ဂါနေ့က ပြောဆိုခဲ့ပြီး မန်ယူနောက်ခံကစားသမားဟောင်း နဗီးလ်ကလည်း အလျင်အမြန်ပြန်စမှုကြောင့် ပရီးမီးယားလိဂ်ကြယ်ပွင့်ကစားသမားတွေကို အန္တရာယ်ပေးသလိုဖြစ်မှာကို စိုးရိမ်နေပါတယ်။

"ဖီဖာဆေးဘက်ဆိုင်ရာ အရာရှိက ဘောလုံးပွဲတွေကို စက်တင်ဘာမတိုင်ခင် မကျင်းပသင့်ဘူးလို့ ပြောတယ်။ စီးပွားရေးမဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့မယ်ဆိုရင် လများစွာ ဘောလုံးပွဲတွေ ရှိလာမှာမဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။"လို့ နဗီးလ်က ဗုဒ္ဓဟူးနေ့က Sky Sports Football Show ကို ပြောခဲ့ပါတယ်။

"အခုဆိုရင် လူတွေက အန္တရာယ်ကို အကဲဖြတ်နေကြပြီ။ ပရီးမီးယားလိဂ်မှာ ဘောလုံးပွဲတွေ ကစားပြီး လူဘယ်လောက် သေရမှာလဲ။ ဒီ့အတွက် ဒါဟာ မနှစ်သက်ဖွယ်ရာ ဖြစ်လာနိုင်ပါတယ်။ တစ်ယောက်လား၊ ကစားသမားတစ်ယောက်လား၊ ဝန်ထမ်းတစ်ယောက် အထူးကြပ်မတ်စောင့်ရှောက်မှုအောက် ရောက်သွားရင်ကော၊ ကျနော်တို့ ဘာအန္တရယ်ရှိလာနိုင်သလဲ။ ဆွေးနွေးမှုတွေဟာ စီးပွားရေး သက်သက်လောက်ပဲဖြစ်တယ်။"

နဗီးလ်က လက်ရှိ ကျန်းမာရေးအခြေအနေတွေကြောင့် ကစားသမားတွေအပေါ် အန္တရာယ်ရှိမှုကို အထူးစိုးရိမ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"တကယ်လို့ ကျန်းမာရေးကသာ ပထမဖြစ်ရင် ဒီအချိန်မှာ ရလဒ်တစ်ခုတည်းသာ ရှိပါတယ်။ ကစားသမားဘယ်လောက်က ပန်းနာရင်ကျပ်ရခဲ့သလဲ။ ကစားသမားဘယ်လောက်က ဆီးချိုရှိသလဲ။"

"သူတို့ ဒီအရာအားလုံးကို အကဲဖြတ်ပြီးပြီလား။ သူတို့ ဒီလူတွေကို အန္တရာယ်ပေးဖို့ ဆန္ဒရှိနေရဲ့လား။"

ယူကေဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးသော နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး သေဆုံးသူ ၂၁၀၀၀ ကျော်ရှိပါတယ်။

နိုင်ငံဟာ အနည်းဆုံးမေလ ၇ ရက်အထိ lockdown ချထားပေမယ့် အစိုးရတာဝန်ရှိသူတွေက ဗိုင်းရပ်စ်ကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် ဘောလုံးပွဲတွေ ပြန်လာနိုင်ခြေ အလားအလာကောင်းတွေရှိတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly