မာတန်စ်ကို ခေါ်ဖို့ နေ့တိုင်းနီးပါး ဖုန်းဆက်နေတဲ့ လမ်းပတ်နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

မာတန်စ်ကို ခေါ်ဖို့ နေ့တိုင်းနီးပါး ဖုန်းဆက်နေတဲ့ လမ်းပတ်နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

ချယ်လ်ဆီး

လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ နာပိုလီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် တိုက်စစ်မှူး မာတန်စ်ကို  ရဖို့ ချယ်လ်ဆီးနည်းပြ လမ်းပတ်က အသည်းအသန်ကြိုးစားနေကြောင်း Goal က ဖော်ပြပါတယ်။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်အတွက် ဂျီရော့ဒ်ကို စာချုပ်သက်တမ်းတိုးထားပေမယ့်လည်း နည်းပြ လမ်းပတ်အနေနဲ့ မာတန်စ်ကို စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး နေ့တိုင်းနီးပါး ဖုန်းအဆက်အသွယ်တွေ ပြုလုပ်နေကြောင်း သတင်းတွေက ဖော်ပြပါတယ်။

ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမားလေး အိုရီယို ဘက်စ်ကွက်ဇ်ကို လာလီဂါ ကလပ်အသင်းတစ်သင်းဆီ အငှားချထားဖို့ စီစဉ်နေကြောင်း Marca က ဖော်ပြပါတယ်။ လက်ရှိ ဘာစီလိုနာအတွက် ကစားနေတဲ့ ကွင်းလယ်လူ ဘက်စ်ကွက်ဇ်နဲ့ ဆွေမျိုးတော်စပ်ခြင်းမရှိတဲ့ အိုရီယိုဟာ အစောပိုင်းမှာ ဟော်လန်ကလပ်အသင်းတွေဆီ အငှားသွားရောက်ရဖို့ရှိနေပေမယ့်လည်း ဘာစီလိုနာ တာဝန်ရှိသူတွေကတော့ လာလီဂါ အတွေ့အကြုံတွေ ရရှိဖို့အတွက် စပိန်ကလပ်အသင်းတစ်သင်းဆီသာ အငှားချဖို့ ပြင်ဆင်နေတာပါ။

အေဂျက်ဇ်

အေဂျက်ဇ်အသင်းရဲ့ အသက် ၂၄ နှစ်အရွယ် ဂိုးသမား အိုနာနာကတော့ အသင်းက ထွက်ခွာလိုကြောင်း ဝန်ခံလိုက်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှု ခံနေရသလို၊ ချယ်လ်ဆီးဂိုးသမား ကီပါရဲ့ နေရာအတွက် အစားထိုးမယ်လို့ ရေပန်းစားနေတဲ့ အိုနာနာဟာ ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာကနေ အေဂျက်ဇ်အသင်းဆီ ရောက်ရှိလာတာဖြစ်ပြီး အသင်းအတွက် ၁၂၂ ပွဲအထိ ကစားပေးခဲ့ပြီးပါပြီ။

အဲဗာတန်

အဲဗာတန်အသင်းဟာ ရီးယဲလ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ စပိန်သတင်းစာတွေက ဖော်ပြနေကြပါပြီ။ အဲဗာတန်နည်းပြ အန်ဆယ်လော့တီဟာ ရီးယဲလ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ရီးယဲလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့ ဂျိမ်းစ်ကို အသင်းတာဝန်ရှိသူတွေကလည်း ရောင်းချဖို့ ဆန္ဒရှိနေကြပါတယ်။

အာဆင်နယ်

အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား အိုဇေးလ်ကို စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိတော့ဘူးလို့ ESPN က ဖော်ပြပါတယ်။ အိုဇေးလ်နဲ့ အာဆင်နယ်အသင်းဟာ ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် အသင်းနဲ့ ကစားသမားအကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကြောင့် အာဆင်နယ်က စာချုပ် သက်တမ်းမတိုးဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ESPN က ဖော်ပြပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly