နာမည်ကျော်နည်းပြ ၇ ယောက်ကြားက မက်ဆီနဲ့ ရော်နယ်ဒို ရွေးချယ်ပွဲ

နာမည်ကျော်နည်းပြ ၇ ယောက်ကြားက မက်ဆီနဲ့ ရော်နယ်ဒို ရွေးချယ်ပွဲ

လက်ရှိဘောလုံးကမ္ဘာရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်ကြတဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဘယ်သူ့ထက် ဘယ်သူ ပိုကောင်းတယ်ဆိုတာ အခုအချိန်အထိ ငြင်းခုန်နေကြဆဲပါ။ နှစ်ယောက်စလုံးက အသက်အရွယ် ရလာကြပြီဖြစ်ပြီး နောက်ထပ် နှစ်အနည်းငယ်သာ ကစားနိုင်ကြတော့မှာဖြစ်ပေမယ့် သူတို့နှစ်ယောက်ထဲက ဘယ်သူက ပိုပြီးခြေစွမ်းကောင်းတယ်ဆိုတာ ငြင်းခုန်လို့ မပြီးနိုင်တဲ့ ပြိုင်ပွဲတစ်ခုလိုပါပဲ။

အခုလည်း The Sun က ကမ္ဘာ့နာမည်ကျော်နည်းပြ၇ ယောက်ရဲ့ ရွေးချယ်မှုတွေနဲ့အတူ ဒီနှစ်ယောက်ထဲက အကောင်းဆုံး ကစားသမားဟာ ဘယ်သူလဲဆိုတာကို ဖော်ပြခဲ့ပါတယ်။ သူတို့ရွေးချယ်ခဲ့တဲ့ နည်းပြတွေကတော့ မန်ယူနည်းပြဟောင်း ဖာဂူဆန်၊ မန်စီးတီးရဲ့ ဂွာဒီယိုလာ၊ ရီးယဲလ်ရဲ့ ဇီဒန်း၊ အက်သလက်တီကိုရဲ့ ဆီမြွန်နီ၊ လီဗာပူးလ်ရဲ့ ဂျာဂန်ကလော့ပ်၊ စပါးရဲ့ မော်ရင်ဟိုနဲ့ အာဆင်နယ်ရဲ့ အာစင်ဝင်းဂါးတို့ပဲ ဖြစ်ကြပါတယ်။ ဒီကစားသမားတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမြင်တွေကို ကြည့်ကြရအောင်။

(၁)။ ဇီဒန်း

ဇီဒန်းကတော့ ရော်နယ်ဒိုနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို (၃)နှစ်ဆက် ကိုင်မြှောက်နိုင်ခဲ့တာကြောင့် သူက ရော်နယ်ဒိုကိုပဲ အကောင်းဆုံး ကစားသမားအဖြစ် ရွေးခဲ့ပါတယ်။

“ခရစ္စတီယာနိုက အကောင်းဆုံးပါ။ မက်ဆီကတော့ သူ့ရဲ့ပြိုင်ဖက်ပေါ့။ ရော်နယ်ဒိုအကြောင်းကိုတော့ ဖော်ပြစရာ စကားလုံးတောင်ရှိမယ်မထင်ပါဘူး။ သူက လုံးဝကို ကြီးကျယ်တဲ့ ကစားသမားပါ။”လို့ ဇီဒန်းက ဆိုပါတယ်။

ရွေးချယ်မှု - ရော်နယ်ဒို

(၂)။ မော်ရင်ဟို

မော်ရင်ဟိုကလည်း ရော်နယ်ဒိုနဲ့ ရီးယဲလ်မှာ အတူ တွဲလုပ်ခဲ့ဖူးသူပါ။ ဒါပေမယ့် သူက ကြားနေဖို့ဆုံးဖြတ်ခဲ့ပြီး ဒီနှစ်ယောက်ထဲမှာ အကောင်းဆုံး ကစားသမား ဘယ်သူလဲဆိုတာ မရွေးပေးခဲ့ပါဘူး။

“သူတို့နှစ်ယောက်ထဲက အကောင်းဆုံးတစ်ယောက်ယောက်ကို ရွေးတယ်ဆိုတာ တကယ့်ကို မမျှတတဲ့ လုပ်ရပ်ပါပဲ။ သူတို့မှာ မတူညီတဲ့အရည်အသွေးတွေရှိကြပါတယ်။ မက်ဆီက ကျွန်တော့်အသင်းမှာ မရှိခဲ့ဖူးပေမယ့် ရော်နယ်ဒိုရှိတဲ့အသင်းကို ကိုင်တွယ်ရတာကတော့ တကယ့်ကို ပျော်စရာကြီးပါပဲ။”

ရွေးချယ်မှု - ကြားနေ

(၃)။ ဂွာဒီယိုလာ

ဂွာဒီယိုလာကတော့ ၂၀၀၈ ကနေ ၂၀၁၂ ခုနှစ်အထိ မက်ဆီနဲ့အတူတွဲပြီ အလုပ်လုပ်ခဲ့ဖူးသူပါ။ သူကတော့ ရှင်းပါတယ်။ သူ့ရဲ့အကောင်းဆုံး ကစားသမားက မက်ဆီပါပဲ။

“သူက ဘယ်လိုကစားရမလဲ၊ ဘယ်လို ဂိုးသွင်းရမလဲဆိုတာ ကောင်းကောင်းသိတယ်။ မက်ဆီက ဘောလုံးလောကမှာတော့ တခြားအဆင့်တစ်ခုမှ ရှိတဲ့သူပါ။” လို့ ဂွာဒီယိုလာက ဆိုပါတယ်။

ရွေးချယ်မှု - မက်ဆီ

(၄)။ အာစင်ဝင်းဂါး

အာဆင်နယ်အသင်းရဲ့ နာမည်ကျော်နည်းပြကြီး အာစင်ဝင်းဂါးကတော့ သူ့ရဲ့အသင်းမှာ မက်ဆီကိုရော၊ ရော်နယ်ဒိုကိုပါ မပိုင်ဆိုင်ခဲ့ဖူးပါဘူး။ ဒါပေမယ့် သူ့ရဲ့အမြင်မှာတော့ မက်ဆီက ရော်နယ်ဒို ထက်ပိုပြီး ဖန်တီးနိုင်စွမ်းရှိသူလို့ မှတ်ချက်ချခဲ့ပါတယ်။

“ရော်နယ်ဒိုက လေထဲမှာ ကစားပုံကောင်းတယ်၊ အဆုံးသတ်ပိုင်း ကောင်းတယ်၊ အားကစားသမားတစ်ယောက်နဲ့ ပိုတူတယ်။ ဒါပေမယ့် မက်ဆီကတော့ ဖန်တီးမှု တစ်ခုခုကို ပြုလုပ်နေသလိုပါပဲ။ နှစ်ယောက်ထဲက တစ်ယောက်ဆိုရင်တော့ မက်ဆီက နည်းနည်းပိုပြီး အလေးသာနေမယ်ထင်တယ်။”လို့ ဝင်းဂါးက  ဆိုပါတယ်။

ရွေးချယ်မှု - မက်ဆီ

(၅)။ ဖာဂူဆန်

မန်ယူအသင်းရဲ့ ဂန္ဓဝင်နည်းပြကြီး ဖာဂူဆန်က ရော်နယ်ဒိုကို ဘောလုံးလောကရဲ့ ကြယ်ပွင့်ဖြစ်လာအောင် မြေတောင်မြှောက်ပေးခဲ့သူမို့ သူကတော့ ရော်နယ်ဒိုရဲ့ ဘက်တော်သား စစ်စစ်ကြီးပါပဲ။

“ကျွန်တော့်အတွက်တော့ မက်ဆီဟာ ဘာစီလိုနာကစားသမားတစ်ယောက်လို့ပဲ မြင်မိပြီး ရော်နယ်ဒိုကတော့ နေရာစုံမှာ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားနေတဲ့သူပါ။ ရော်နယ်ဒိုက ခြေထောက်နဲ့ရော ခေါင်းနဲ့ပါ ဂိုးသွင်းနိုင်သူတစ်ယောက်ဖြစ်ပြီး ရဲရင့်တဲ့ ခြင်္သေ့တစ်ကောင်လိုပါပဲ။” လို့ ဖာဂူဆန်က မှတ်ချက်ပေးပါတယ်။

ရွေးချယ်မှု - ရော်နယ်ဒို

(၆)။ ဆီမြွန်နီ

မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ လာလီဂါပြိုင်ဖက်ကြီး ဆီမြွန်နီကတော့ မက်ဆီကိုပဲ ရွေးပါတယ်။ သူက ဒီနှစ်ယောက်စလုံးကို လာလီဂါမှာ တားဆီးနိုင်ဖို့ နည်းစနစ်အမျိုးမျိုးနဲ့ ကြိုးစားခဲ့သူပါ။

“ခင်ဗျားမှာ သာမန်အသင်းတစ်သင်းရှိမယ်၊ သာမန်ကစားသမားတွေပဲရှိမယ်ဆိုရင်တော့ ရော်နယ်ဒိုကိုပဲ ရွေးပေါ့။ သူက  အားလုံးထက်ပိုပြီး ကြံ့ခိုင်မှုကောင်းနေလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားမှာ အကောင်းဆုံး ကစားသမားတွေရှိတယ်ဆိုရင်တော့ မက်ဆီကို ရွေးပါ။ သူက ရော်နယ်ဒိုထက် ကောင်းပါတယ်။” လို့ ဆီမြွန်နီက ဆိုပါတယ်။

ရွေးချယ်မှု - မက်ဆီ

(၇) ။ ကလော့ပ်

လီဗာပူးလ်အသင်းရဲ့နည်းပြ ကလော့ပ်ကတော့ မက်ဆီကို ပိုပြီး သဘောကျတဲ့သူပါ။ သူက အဲဒီအကြောင်းကို သူ့ရဲ့ ဓာတ်ပုံတစ်ပုံနဲ့  ယှဉ်ပြီး ပြောပြခဲ့တယ်။

“ကျွန်တော့်ရဲ့ ဖုန်းထဲမှာ ဆယ်လ်ဖီဓာတ်ပုံ တစ်ပုံပဲရှိတယ်။ အဲဒါက မက်ဆီနဲ့ ပုံပါ။”လို့ ကလော့ပ်က ဝန်ခံခဲ့ပြီး သူက မက်ဆီကို သဘောကျကြောင်း ပြသခဲ့ပါတယ်။

ရွေးချယ်မှု - မက်ဆီ

ဒီတော့  အဆုံးသတ်ကြည့်မယ်ဆိုရင်တော့ နည်းပြ ၇ ယောက်မှာ ရော်နယ်ဒို ကို ရွေးခဲ့သူ ၂ ယောက်ရှိပြီး၊ မက်ဆီကို ရွေးခဲ့သူကတော့ ၄ ယောက်ပါ။ ကြားနေသူ မော်ရင်ဟိုကတော့ တစ်ယောက်ပေါ့။

သူတို့ရွေးချယ်မှုအရတော့ အကောင်းဆုံး ကစားသမားက မက်ဆီဆိုတာကို ပြသနေတာပါပဲ။

ပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ….။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly