တရုတ်က ဖြတ်သန်းခွင့်ပိတ်ထား၍ ပြောင်းဖူးကုန်သည်များ သိန်း ၃၀၀ နီးပါး ဆုံးရှုံးဟုဆို

တရုတ်က ဖြတ်သန်းခွင့်ပိတ်ထား၍ ပြောင်းဖူးကုန်သည်များ သိန်း ၃၀၀ နီးပါး ဆုံးရှုံးဟုဆို
မူဆယ်မြို့နယ်၊ နောင်ဖိုင်နှင့်ခါးလှိုင်ရွာမှာ ပိတ်မိနေသည့် ပြောင်းဖူးတင်ထော်လာဂျီများ (ပုံ- စိုင်းမောဝ်အွမ်)

ရန်ကုန်၊ ဧပြီ ၂၈

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံအတွင်းသို့ သွားရောက် ရောင်းချမည့် ပြောင်းဖူးစိမ်များ တင်ဆောင်လာသော ထော်လာဂျီကား တန်ကြီးကို တရုတ်အစိုးရဘက်က ဖြတ်သန်းခွင့်ပိတ်ထားခြင်းကြောင့် သိန်း ၃၀၀ နီးပါး ဆုံးရှုံး နစ်နာကြောင်း ပြောင်းဖူး ကုန်သည်များက ဆိုသည်။

တရုတ်အစိုးရသည် နယ်မြေဖြတ်သန်းခွင့်ကို ဧပြီ ၂၃ ရက်က ပိတ်ထားခြင်းကြောင့် ပြောင်းဖူးစိမ်းများ တင်ဆောင်ကာ တရုတ်ပြည်အတွင်းသို့ သွားရောက် ရောင်းချမည့် ထော်လာဂျီ ကားတန်ကြီးမှာ ရှမ်းပြည်နယ်မြောက် ပိုင်း၊ မူဆယ်မြို့ နယ် နောင်ဖိုင်နှင့် ခါးလှိုင်ကျေးရွာတို့တွင် ယနေ့အထိ ပိတ်မိနေကြောင်း သိရသည်။

ပုံ- တရုတ်ဘက်သို့ တင်ပို့ရောင်းချမည့် ပြောင်းဖူးတင် ထော်လာဂျီများ (ပုံ-စိုင်းမောဝ်အွမ်)

ပြောင်းဖူးကုန်သည်တစ်ဦးက "ပြောင်းဖူးက အစိမ်းဆိုတော့ သူက ၃၊ ၄ ရက်လောက် ဒီမှာ ပိတ်မိမယ်ဆိုရင်တော့ ပြောင်း ဖူးက ရောင်းလို့ မရတော့ဘူးပေါ့။ တချို့က ပြန်ပြီး လှည့်ထွက်သွားတာ။ တချို့ကလည်း  ကြုံတဲ့နေရာ မှာ သွန်ပစ်တာ တွေ လည်း ရှိတယ်။ ထော်လာဂျီ တစ်စီးဆိုရင် ပြောင်းဖူး တစ်တန်ပါတယ်။ ပြောင်းဖူးတစ်တန်က တရုတ်ငွေ ယွမ် ၃၀၀၀ (မြန်မာငွေ ၆ သိန်း) နီးပါးလောက် ရှုံးတယ်"ဟု ပြောသည်။

ပိတ်မိနေသော ထော်လာဂျီမှာ အစီးရေ ၅၀၀ နီးပါးရှိပြီး တစ်စီးလျှင် ပြောင်းဖူး တစ်တန်ပါရာ မြန်မာငွေကျပ် ၆၀၀၀၀၀ သိန်း(ခြောက်သိန်း) တန်ကြေးရှိသည့်အတွက် စုစုပေါင်း မြန်မာငွေ ကျပ်သိန်းပေါင်း ၃၀၀ (သိန်းသုံးရာနီးပါး)နီးပါး ဆုံးရှုံး မှုရှိသည်ဟု ပြောင်းဖူးကုန်သည်များက ပြောသည်။

ပုံ- တရုတ်ဘက်သို့ တင်ပို့ရောင်းချမည့် ပြောင်းဖူးတင် ထော်လာဂျီများ (ပုံ-စိုင်းမောဝ်အွမ်)

တရုတ်နိုင်ငံသည် ၎င်း၏ နယ်နိမိတ် (တရားမဝင် အပေါက်နှင့် တရားဝင် အပေါက်)များအား ပိတ်ထားသည့်အတွက် ဝင်/ထွက်ရန် အခက်အခဲရှိကြောင်း၊ ယခု ကုန်သွယ်မှုသည် တရားဝင် ကုန်သွယ်မှုမဟုတ်သည့်အတွက် ဖြေရှင်းရခက် ကြောင်း မူဆယ်မြို့နယ်မဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း က ဆိုသည်။

"တရုတ်နိုင်ငံက ၂၃ ရက်နေ့ ကတည်းက အဝင်အထွက် လုံးဝပိတ်လိုက်တာ၊ အဝင်အထွက် ပိတ်လိုက်တာဆိုတော့ လူတို့ ဘာတို့ကအစ ထွက်ခွင့်ဝင်ခွင့် မရှိတော့ဘူးလေ။ အမှန်က ဒါက တရားဝင် ကုန်သွယ်မှုရယ်တော့ မဟုတ်ဘူးလေ။ ဒါက နှစ်နိုင်ငံ အမြဲတမ်း ဒီလိုပဲ လုပ်နေတော့ အခု သူတို့နိုင်ငံဘက်က ယူနန်အစိုးရက တရားဝင် ပိတ်ထားတဲ့ကိစ္စမှာ ကျွန်တော် တို့က ဘာမှ သွားပြောလို့ မရဘူး၊ စောဒက သွားတက်လို့ မရဘူး။ ပြီးတော့ ဒီအချိန်မှာလည်း နှစ်နိုင်ငံ တွေ့ဆုံမှုတွေ ဘာတွေ ဆိုလို့ရှိရင်လည်း မရှိသလောက် ဖြစ်နေတယ်"ဟု ၎င်းက ပြောသည်။

တချို့သော ‌ပြောင်းဖူးကုန်သည်များသည် ယခုအချိန်ထိ ဝင်ခွင့် ရလိုရငြား ဟူသည့်စိတ်ဖြင့် စောင့်နေသေးသူများလည်း ရှိကြောင်း သိရသည်။

ရွှေလီမြို့ တရုတ်နယ်စပ်ဘက်ရှိ တောင်သူ အများစုသည် စပါးနှင့်ပြောင်းဖူးကို အဓိက စိုက်ပျိုးကြကာ တရုတ်သို့ အဓိက တင်ပို့ ရောင်းချကြကြောင်း သိရသည်။

ပြောင်းဖူးစိုက် တောင်သူတစ်ဦးက "အကုန်လုံး ရှုံးကြတာပေါ့ဗျာ။ တစ်ဧကကို ဆယ်သိန်းလောက် အရင်းစိုက်ပြီး လုပ်တဲ့ သူတွေကြီးပဲ ဒီမှာက။ လုံးဝ ဝင်မရတော့ အကုန်လုံး ဒုက္ခရောက်ကုန်ကြတာ။ ဒီမှာ စိုက်တာကလည်း အများစုက ပြောင်းဖူးပေါ့။ ဖရဲသီးနဲ့ ဖရုံသီးကတော့ နည်းနည်းပါးပါးပေါ့"ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လက မြန်မာနိုင်ငံဘက်မှ ပြောင်းဖူးတင်လာသည့် ထော်လာဂျီများကို တရုတ်နိုင်ငံဘက်မှ ကုန်သည် များက မောင်းယူကာ ပို့ဆောင်ပေးသည့်အတွက် အဆင်ပြေခဲ့သော်လည်း ယခုအခါ(ဧပြီ ၂၃ ရက်က)တွင် တရုတ်အစိုးရက လူ အပါအဝင် ယာဉ်များကို ဝင်/ထွက်ခွင့် ပိတ်ထားခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများ ရှိနေသည်ဟု ကုန်သည် တစ်ဦးက ပြော သည်။

မူဆယ်မြို့နယ် နောင်ဖိုင်နှင့် ခါးလှိုင်ရွာတွင် ပိတ်မိနေသည့် ပြောင်းဖူးစိုက် တောင်သူများနှင့် ကုန်သည်များက ၎င်းတို့ ကုန်တင်ပို့ခွင့် ရရှိနိုင်ရန်အတွက် နယ်စပ်နှစ်ဘက်စလုံးမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးပိုင်းနှင့် တာဝန်ရှိသူများကို ညှိနှိုင်း ပေးစေချင်လိုကြောင်း ဆိုသည်။

တရုတ်အစိုးရက နယ်စပ်လုံခြုံရေးအတွက် စစ်သား ၆၀၀ ကို အင်အားဖြည့်ထားပြီး နေ့အချိန်တွင် နယ်ခြားစောင့်ရဲနှင့် ပြည်သူ့ရဲတို့ စောင့်ကြပ်လျက်ရှိသလို ညအချိန်တွင် စစ်တပ်က စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

တရုတ်ဘက်က နယ်စပ်ဂိတ်များကို ဧပြီ ၁ ရက်နေ့ ကတည်းက ပိတ်ထားခဲ့ခြင်း ဖြစ်သော်လည်း တရုတ်နိုင်ငံသားများ မြန်မာပြည်အတွင်းသို့ ခိုးဝင် ခိုးထွက်မှုများက ထုံးစံအတိုင်း ရှိနေခဲ့သည်။ ယခုအခါ အာဏာပိုင်များ မျက်စိမှိတ် နေလေ့ ရှိသော  ခိုးဝင်ခိုးထွက် ဂိတ်များကိုပါ ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း နယ်စပ်အနီးနေ ဒေသခံများက ပြောသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုများ ဖြစ်ပွားနေသည့်အတွက် ယခုကဲ့သို့ ဝင်ထွက်ခွင့်များအား ပိတ်လိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly