ခွေးလေခွေးလွင့်များကို နိုင်ငံခြားသို့ တင်ပို့ရန်အဆိုပြုသည့် အစ္စရေးဝန်ကြီး လှောင်ပြောင်ခံရ

ခွေးလေခွေးလွင့်များကို နိုင်ငံခြားသို့ တင်ပို့ရန်အဆိုပြုသည့် အစ္စရေးဝန်ကြီး လှောင်ပြောင်ခံရ

ဂျေရုစလင်၊ နိုဝင်ဘာ-၄ ။           ။ အစ္စရေးနိုင်ငံတွင် ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်များနှင့် ကြောင်လေကြောင်လွင့်များကို အစိုးရဘတ်ဂျက်ဖြင့် မြုံအောင်လုပ်ပစ်မည့်အစား အခြားနိုင်ငံတစ်ခုသို့ တင်ပို့လိုက်ရန် အစိုးရဝန်ကြီးတစ်ဦးက အဆိုပြုလာသည့်အခါတွင် လူအများက ဒေါသူပုန်ထခဲ့ကြသည်။

‘ခွေးလေခွေးလွင့် ကြောင်လေကြောင်လွင့် အထီးအားလုံး (ဒါမှမဟုတ်) အမအားလုံးကို လက်ခံဖို့ သဘောတူတဲ့ နိုင်ငံခြားတိုင်းပြည်တစ်ပြည်ကို ပို့တဲ့နေရာမှာ ဘတ်ဂျက်ကို သုံးသင့်တယ်’’ဟု စိုက်ပျိုးရေးဝန်ကြီး ယူရီ အေရီယယ်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်ထံသို့ အကြံပြုရေးသားထားသည့် စာမှာ Yedioth Ahronoth နေ့စဉ်သတင်းစာသို့ ပေါက်ကြားလာခဲ့သည်။

ကနဦး ဌာနတွင်းဆွေးနွေးမှုတွင်ပင် ပယ်ချခံခဲ့ရသည့် အေရီယယ်၏ အဆိုပြုချက်ကို တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံနိုင်ငံရေးသမားများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

‘ပစ်ကယ်လက်တစ်ကောင်အတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားစရာ အကြောင်းမရှိပါဘူး’ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း ဇစ်ပီ လစ်ဗနီက ပြုံးနေသည့် ဇီယွန်နစ်သမဂ္ဂပါတီ နိုင်ငံရေးသမားက ဆိုဖာပေါ်ထိုင်ပြီး သူမ၏ကြောင်ကို အစာကျွေးနေသည့် ပုံအောက်တွင် ရေးသားခဲ့သည်။

ဘာသာတရားကိုင်းရှိုင်းသော ဂျူးတစ်ယောက်ဖြစ်သည့်အပြင် လကျ်ာစွန်း Jewish Home ပါတီဝင်တစ်ဦးလည်းဖြစ်သည့် အေရီယယ်မှာ တိရစ္ဆာန်များကို သားကြောဖြတ် သင်းကွပ်ခြင်းကို ဘုရားသခင်၏ သီးပွင့်ဝေစည်ဟူသော သဘောတရားကို ချိုးဖောက်ဖွယ်ရှိသည်ဟု ယူဆနေပြီး ထုံးတမ်းအစဉ်အလာများကလည်း တိရစ္ဆာန်များကို နှိပ်စက်ညှဉ်းပန်းမှုကို တားမြစ်ထားသည်ဟု သတင်းစာက ရေးသားခဲ့သည်။

သို့ရာတွင် အတိုက်အခံ လက်ဝဲယိမ်း Meretz ပါတီမှ ဇာဟာဗာ ဂါလွန်က သူမ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားရာတွင်မူ အေရီယယ်၏ စိတ်ကူးမှာ အခြေခံကျင့်ဝတ်နှင့် ဆန့်ကျင်နေပြီး ယခုအချိန်မှာ တိရစ္ဆာန်များကို တင်ပို့ရမည့်အစား ဝန်ကြီးကို ခိုလှုံမှု အာမခံဖို့ ပြင်ဆင်ထားသည့် နိုင်ငံတစ်နိုင်ငံကိုသာ ရှာဖွေရမည့်အချိန်ဖြစ်သည်ဟုလည်း သူမက နောက်ပြောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly