ထိုင်ဝမ် - တရုတ်ခေါင်းဆောင်များ တွေ့ဆုံမှုအား ထိုင်ဝမ်ပြည်သူရာပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ

ထိုင်ဝမ် - တရုတ်ခေါင်းဆောင်များ တွေ့ဆုံမှုအား ထိုင်ဝမ်ပြည်သူရာပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ

တိုင်ပေ၊ နိုဝင်ဘာ - ၄ ။         ။ ထိုင်ဝမ်နှင့် တရုတ်ခေါင်းဆောင်များကြား စီစဉ်ထားသည့် သမိုင်းဝင် အစည်းအဝေးအပေါ် မကျေနပ်သည့်အတွက် ထိုင်ဝမ်ပြည်သူများနှင့် ကျောင်းသားရာပေါင်းများစွာ သည် နိုဝင်ဘာ၄က ထိုင်ဝမ်ပါလီမန်အဆောက်အအုံ၏ အပြင်ဘက်တွင် ဆန္ဒပြခဲ့ကြသည်။

ထိုင်ဝမ်သမ္မတ မာယင်ကျိုးသည် နိုဝင်ဘာ ၇ တွင် စင်ကာပူ၌ တရုတ်သမ္မတ ရှီကျင်ပင်းနှင့် တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားသည်။ နှစ်ပေါင်း ၆၀ အတွင်း နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ပထမဆုံး အကြိမ်တွေ့ဆုံမှုလည်း ဖြစ်မည်ဖြစ်သည်ဟု ထိုင်ဝမ်နှင့် တရုတ်ရှိ နိုင်ငံပိုင်သတင်းအေဂျင်စီများက အစီရင်ခံခဲ့သည်။

နိုဝင်ဘာ၄၏ ကန့်ကွက်ဆန္ဒပြမှုများကို အမတ်လောင်း ဟွမ်ကို့ချန်က ဦးဆောင်ပြီး "မာ-ရှီ တွေ့ဆုံမှုအလိုမရှိ" "မာယင်ကျိုးကို ပြန်ခေါ်"ဟု ၎င်းက လူအုပ်ကို အော်ဟစ်ပြောဆို ခဲ့သည်ဟု ပြည်တွင်း မီဒီယာများက ဖော်ပြသည်။ မစ္စတာဟွမ်သည် နေကြာပန်းလှုပ်ရှားမှု၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ ၂၀၁၄တွင် ၎င်းလှုပ်ရှားမှုက တရုတ်နှင့် စီစဉ်ထားသည့် ကုန်သွယ်ရေး သဘောတူညီချက် တစ်ခုကို ဆန့်ကျင်ခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် မည်သည့်သဘောတူညီချက်မျှ လက်မှတ်ရေးထိုးမည်မဟုတ်သကဲ့သို့ မည်သည့်ပူးတွဲကြေညာချက်မျှလည်း ထုတ်ပြန်မည်မဟုတ်ကြောင်း မစ္စတာမာယင်ကျိုး၏ ရုံးမှအရာရှိများ ကပြောကြားခဲ့သည်ဟု ထိုင်ဝမ်နိုင်ငံပိုင် Central News Agency ကအစီရင်ခံသည်။ ခေါင်းဆောင်နှစ်ဦးသည် ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းရေးခိုင်မာအောင်ပြုလုပ်ရေးနှင့် ပတ်သတ်၍ အမြင်ချင်းဖလှယ်ကြလိမ့်မည်ဟု မျှော်လင့်ရကြောင်းလည်း ဖော်ပြခဲ့သည်။

တွေ့ဆုံမှုမှာ တရုတ်တစ်နိုင်ငံတည်းဆိုသည့် မူနှင့်အညီဖြစ်လိမ့်မည်ဟု တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းအေဂျင်စီက ဖော်ပြသည်။ ထို့အပြင် ရေလက်ကြားဖြတ်ကျော်နိုင်ငံရေးကွဲလွဲချက်များမှာလည်း မဖြေရှင်းရသေးဟု ဆိုသည်။ "ပေကျင်းရဲ့လုပ်ရပ်က  (၂၀၁၆ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်မဲ့) သမ္မတရွေးကောက်ပွဲကို ထိခိုက်စေရုံသာမက ထိုင်ဝမ်ဒီမိုကရေစီကို ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ပါ တယ်"ဟု ဆန့်ကျင်ကန့်ကွက်သူတစ်ဦးဖြစ်သည့်အပြင် တိုင်ပေအခြေစိုက် ဆူးချောင်းတက္ကသိုလ်မှ နိုင်ငံရေးလေ့လာသူ ယွန်မိန်စုက သတင်းထောက်များကို ပြောသည်။

မစ္စတာမာယင်ကျိုးသည် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို လျို့ဝှက်သံခင်းတမန်ခင်းပြုလုပ်ကာ ရောင်းစားနေသည်ဟု မစ္စတာစုက ပြောသည်။ အမေရိကန်ပြည်ထောင်စုကမူ တွေ့ဆုံမှုသတင်းကို ကြိုဆိုလိုက်ပြီး ယင်းတွေ့ဆုံမှုမှာ ထိုင်ဝမ်ရေလက်ကြားတွင် နက်ရှိုင်းခိုင်မာသော အကျိုးစီးပွားတစ်ခုရှိသည်ဟု ပြောကြားသည်။

တည်ငြိမ်၍ အပြုသဘောဆောင်သော ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးက ထိုင်ဝမ်ရေလက်ကြား၏ ဘက်နှစ်ဘက်ရှိ နိုင်ငံများ၊ အမေရိကန်နှင့် ဒေသတွင်းသို့ ယူဆောင်လာသည့် အကျိုးကျေးဇူးမှာ အလွန်ကြီးမားလှကြောင်း အမေရိကန်နိုင်ငံခြားရေးဋ္ဌာန ပြောခွင့်ရအမျိုးသမီး အလစ်ဇဘက်ထရူးဒိုးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly