အစ္စရေးသံအမတ်ကြီး ရိုနင်ဂီလော်နှင့် တွေ့ဆုံမေးမြန်းခြင်း

အစ္စရေးသံအမတ်ကြီး ရိုနင်ဂီလော်နှင့် တွေ့ဆုံမေးမြန်းခြင်း
Photos: Thura/Mizzima

အစ္စရေးသံအမတ်ကြီးသည် ဗိုင်းရပ်စ်အန္တရာယ်ကို အစ္စရေး-မြန်မာပူးတွဲကိုင်တွယ်ဆောင်ရွက်ပုံနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ 

ကိုဗစ် -၁၉ ဟုခေါ်တွင်သော ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို အကောင်းဆုံးထိန်းချုပ်ကိုင်တွယ်နိုင်ရေးအတွက် အစ္စရေးသံရုံးမှ ဗွီဒီယိုကွန်ဖရင့်ဖြင့် ချိတ်ဆက်ကာ အစ္စရေးကျန်းမာရေးပညာရှင်များနှင့် မြန်မာပညာရှင်များအကြား အကျိုးရှိလှသည့် ဆွေးနွေးပွဲတရပ်ကို သံအမတ်ကြီးကပြုလုပ်ပေးခဲ့ပါသည်။ ထို့နောက် မဇ္စျိမက အစ္စရေးသံအမတ်ကြီး ရိုနင်ဂီလော်ကို တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါသည်။

မေး။ ကျနော်တို့ကို ခုလိုမေးမြန်းခွင့်ပြုတဲ့အတွက်ကျေးဇူးတင်ပါတယ် သံအမတ်ကြီး။ ကိုဗစ် ၁၉ ကမ္ဘာ့ ကပ်ရောဂါကို ကိုင်တွယ်ထိန်းချုပ်ရာမှာ အစ္စရေးနိုင်ငံရဲ့အတွေ့အကြုံတွေကို လေ့လာမေးမြန်းခွင့်ရမှာမို့ အထူးဘဲစိတ်ဝင်စားနေပါတယ်။ 

ဖြေ။ ကျနော်ကလဲ ကျေးဇူးတင်ပါတယ် ဂျူလီယံ။ ခင်ဗျားနဲ့ စကားပြောခွင့်ရတာ ဂုဏ်ယူစရာပါ။ ကျေးဇူးပါ။ 

မေး။ ကျနော်တို့ စလိုက်ရအောင်။ ဒီကမ္ဘာ့ကပ်ရောဂါကိုကိုင်တွယ်ရာမှာ အစ္စရေးအာဏာပိုင်တွေရဲ့ တိုးတက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ 

ဖြေ။ ဟုတ်ကဲ့။ တခြားကမ္ဘာ့နိုင်ငံတွေမှာလိုဘဲ ဒီကမ္ဘာ့ကပ်ရောဂါဟာ အစ္စရေးနိုင်ငံမှာ လွန်ခဲ့တဲ့လ အနည်းငယ်ကတဲက စတင်ဖြစ်ပွားနေခဲ့ပါတယ်။ ချက်ချင်းဆိုသလိုဘဲ ကျန်းမာရေးဝန်ကြီးဌာနဟာ မှန်ကန်တဲ့အနေအထားကို ရယူနိုင်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံရဲ့ဘုံအမြင်အရ ဝန်ကြီးချုပ်ရုံး၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြားဝန်ကြီးဌာနအားလုံးဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ အစောပိုင်းမှာ ဆေးရုံအချို့ကို ကိုဗစ်၁၉ ပိုးသယ်ယူထားသူတွေအတွက် သီးသန့်ထားရှိခဲ့ပါတယ်။ တကယ်တော့ သတ်မှတ်ထားတဲ့ဆေးရုံဌာနအသစ်တွေကို ဒီဆေးရုံတွေမှာတည်ဆောက်ခဲ့တာပါ။ ဒီဆေးရုံကြီးအချို့ဟာ အလွန်ကြီးမားတဲ့ မီဂါဆေးရုံကြီးတွေဖြစ်ကြပါတယ်။ ကမ္ဘာပေါ်က တခြားဆေးရုံကြီးတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင် ဒီဆေးရုံကြီးတွေဟာ သိပ်ကိုကြီးတဲ့ဆေးရုံကြီးတွေပါ။ တဲလ်အဗစ်နားက ရှီးဗား မယ်ဒီကယ်စင်တာဆိုရင် ကုတင် ၂,၀၀၀ ရှိတဲ့ဆေးရုံပါ။ ဒီလိုဆေးရုံကြီးတွေကို ကိုဗစ် ၁၉ ကုသရေးအတွက် ဌာနသစ်တခုအနေနဲ့ဖွဲ့စည်းတည်ထောင်လိုက်တာပါ။ တဆင့်ပြီးတဆင့်လုပ်ကိုင်ပြီး လူတွေကို စစ်ဆေးခဲ့ပါတယ်။ ခုတော့အစ္စရေးမှာ ပိုးရှိသူ ၁၂,၀၀၀ ကို ရှာဖွေတွေ့ရှိထားပါတယ်။ ဒီအထဲက အတော်များများက သက်သာပျောက်ကင်းသွားကြပြီးတော့ လူပေါင်း ၁၄၀ ဘဲ ဒီရောဂါနဲ့သေဆုံးခဲ့ပါတယ်။ ဒါဟာ ၁% ကျော်ကျော်လေးဘဲရှိပါတယ်။ တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် အလွန်ကောင်းမွန်တဲ့ အခြေအနေပါ။ 

ခုတော့ လူတွေဟာ အရမ်းစည်းကမ်းရှိကြပါတယ်။ အထဲမှာဘဲ ပိတ်ပြီးနေကြပါတယ်။ အထူးသဖြင့် ခုလို အားလပ်ရက်ကာလတွေမှာပေါ့။ မြန်မာပြည်က သင်္ကြန်လိုဘဲ အစ္စရေးမှာလဲ Passover အားလပ်ရက် ရှိပါတယ်။ 

မေး။  ခုထိဆောင်ရွက်ခဲ့သမျှတွေကို အောင်မြင်တယ်လို့ခေါ်မှာလား။ ထိပ်ပိုင်းက ပြဿနာကြီးတွေကို မတို့မထိရသေးဘူး။ အရေအတွက်နဲ့ပတ်သက်ပြီးပြောရရင် ကျနော့်အထင်ပေါ့နော် အောင်မြင်တယ်လို့ ပြောလို့ရမလား။  ဘယ်လိုမြင်ပါသလဲ။ 

ဖြေ။ ဒါအောင်မြင်သလား မအောင်မြင်ဘူးလားဆိုတာ ကျနော်ဆုံးဖြတ်ပြောကြားနိုင်စွမ်းရှိမယ်လို မသေချာပါဘူး။ အစ္စရေးမှာရှိတဲ့ ပရောဖက်ရှင်နယ်တွေကတော့ အောင်မြင်တယ်လို႔ ယုံကြည်ကြပါတယ်။ ကိုဗစ် ၁၉ ဟာတခါမှ မကြုံဖူးတဲ့အခြေအနေပါ။ ဒီရောဂါကို တိုက်ဖျက်ရာမှာ ကျနော်တို့ အောင်မြင်ခဲ့သလား မအောင်မြင်ခဲ့ဘူးလားဆိုတာ သမိုင်းကသာ ပြောကြားပါလိမ့်မယ်။ ကျနော်တို့တွေ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း လုပ်ခဲ့သလား မလုပ်ခဲ့ဘူးလားဆိုတာကိုလဲ သမိုင်းကသာ ပြောကြားပါလိမ့်မယ်။ အစ္စရေးမှာ၊ ဒီအရင်မတိုင်ခင် တရုတ်ပြည်မှာ၊ အမေရိကန်မှာ၊ အီတလီမှာ၊ ထိုင်းမှာ၊ မြန်မာမှာ၊ တခြားနေရာတွေမှာ သမိုင်းက သေချာစွာ လေ့လာနေပါတယ်။ ခုလောလောဆယ်ဘုံအမြင်အရ ပြောရမယ်ဆိုရင်တော့ ပရော်ဖက်ရှင်နယ်တွေရဲ့အပြောအရ အစ္စရေးမှာ ခုလုပ်နေသမျှဟာ အဆင်ပြေ ကောင်းမွန်ပါတယ်။ 

နိုင်ငံတိုင်းဟာ ဒီအခြေအနေတွေကို ရင်ဆိုင်ရာမှာ စိန်ခေါ်မှုတွေရှိကြဆဲဖြစ်ပါတယ်။ တချို့လူ့အသိုင်းအဝိုင်းက ပိုပြီးစည်းကမ်းရှိတယ်။ တချို့က သိပ်ပြီးစည်းကမ်းမရှိဘူး။ ဒီလိုအခြေအနေဆိုးကြီးနဲ့ရင်ဆိုင်ကြုံ တွေ့နေရပြီဆိုတာကို သိလိုက်ရတဲ့အခါ လူတိုင်းအတွက် တအံ့တဩဖြစ်သွားကြရတယ်။ ခုသူတို့ပြောနေကြတာက ကျန်းမာရေး၊ ပြည်သူ့ကျန်းမာရေး၊ တိုင်းပြည်ရဲ့လူမှုစီးပွားရေး၊ လူတွေအတွက် စတာတွေကို ဘယ်လိုချိန်ဆလုပ်ကိုင်မလဲဆိုတာဘဲဖြစ်တယ်။ ကျန်းမာရေးနဲ့ စီးပွားရေးကို ချိန်ဆလုပ်ကိုင်ဘို့ဆိုတာ အလွန်သိမ်မွေ့နူးညံ့တဲ့အရာပါ။ ဒီအခြေအနေဆိုးကြီးက လွတ်မြောက်ဘို့အချိန်တွေ အများကြီး ကြာပါဦးမယ်။ လုပ်စရာတွေတော့ လုပ်ထားပြီ။ ဒါပေမဲ့ ဒီအခြေအနေက လွတ်မြောက်ဘို့လိုတယ်။ ဒီနေ့ ဖြစ်ရင်ဖြစ်မယ်၊ မနက်ဖြန်ဖြစ်ရင်ဖြစ်မယ်၊ နောက် ၂ လ ဖြစ်ရင်ဖြစ်မယ်၊ နောက် ၄ လ ဖြစ်ရင်ဖြစ်မယ်၊ ကျနော်တို့လုပ်ရမှာက မှန်ကန်တဲ့လမ်းအတိုင်းသွားနိုင်ဘို့ဘဲ။ ဒီဟာ ခုလုပ်နေတဲ့ ရောဂါတိုက်ဖျက်ရေး အလုပ်တွေထက် အများကြီးကို ခက်ခဲတယ်။ 

မေး။ ခင်ဗျားပြောသွားတဲ့ထဲမှာ သိပ်အရေးကြီးတာပါသွားတယ်။ တနည်းပြောရရင် နိုင်ငံအားလုံးမှာ ကြုံရမဲ့ စီးပွားရေးပြဿနာပေါ့။ စီးပွားရေးအရ ထိခိုက်မှုဟာ သိပ်ကို ကြီးမားတာကြောင့် အစ္စရေးနိုင်ငံမှာလဲ စီးပွားရေးအရ ဘယ်လိုတွေ ထိခိုက်လာနိုင်ပါသလဲ။ 

ဖြေ။ မှန်ပါတယ်၊ နိုင်ငံအများအပြားမှာ အစ္စရေးအပါအဝင် မြန်မာအပါအဝင် စီးပွားရေးအရ အားလုံးဘဲ ထိခိုက်ကြပါတယ်။ ကျနော်မြန်မာနိုင်ငံကို ရောက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံအကြောင်း စိတ်ဝင်တစားလေ့လာခဲ့ပါတယ်။ ကျနော်တို့မှာက အလုပ်လက်မဲ့နှုန်း အရမ်းကို ပိုမြင့်ပါတယ်။ ကိုဗစ် ၁၉ မတိုင်ခင်က ဒီလောက်မမြင့်ပါဘူး။ ကိုဗစ်ရောက်လာတော့ လူတွေ အလုပ်ပြုတ်ကြတယ်။ လစာမရဘဲ အားလပ်ရက်ထွက်ကြရတယ်။  ဒါဟာ ကျနော်တို့ ကြုံနေရတဲ့ စိန်ခေါ်မှုတွေထဲက တခုပါ။ 

ဥပမာပြောရရင် မြန်မာနိုင်ငံမှာလဲ အအသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းလေးတွေအတွက် အတော်ကြိုးစားပြီး လုပ်ကြတယ်။ နိုင်ငံတနိုင်ငံရဲ့စီးပွားရေးအတွက် အသေးစားနဲ့အလတ်စားလုပ်ငန်းတွေက သိပ်ကိုအရေးပါပါတယ်။ ခုတော့ သူတို့လဲ ထိနေကြပြီ။ တချို့စက်ရုံတွေဆိုရင် အရင်လိုဆက်ပြီး မလည်ပတ်နိုင်တော့ဘူး။ အစ္စရေးမှာလဲ ဒီအတိုင်းပါဘဲ။ လူတွေ အတူတူမစုရုံးနိုင်ကြတော့ဘူး။ စက်ရုံတွေကို မသွားနိုင်ကြတော့ဘူး။ လူတွေဟာ သူတို့စီးပွားရေးလုပ်ငန်းတွေဆီ မသွားကြတော့ဘူး။ ဖြေဖျော်ရေးပွဲတွေကိုလဲ မသွားနိုင်ကြတော့ဘူး။ အစ္စရေးမှာ လူတွေဟာ အလုပ်ပြီးရင် ပွဲလမ်းသဘင်တွေ ဖြေဖျော်ရေးပွဲတွေကို သွားလေ့သွားထ အရင်ကရှိခဲ့ကြရာက ခုတော့ မသွားနိုင်ကြတော့ဘူး။ ဒီတော့ စီးပွားရေးလောကလဲ အကြီးအကျယ်ထိခိုက်တာဘဲ။ အစ္စရေးနိုင်ငံက ကမ္ဘာတဝှမ်းလုံးအတွက် ထုတ်လုပ်ပေးနေတဲ့ အကောင်းဆုံးနည်းပညာတွေကိုလဲ ခုတော့ မထုတ်လုပ်ပေးနိုင်ကြတော့ဘူး။ လူတွေဟာ ဝန်ကြီးဌာနတွေနဲ့ မြူနီစီပယ်ဌာနတွေကိုလဲ မသွားကြတော့ဘူး။ အစ္စရေးရဲ့ဖွံ့ဖြိုးပြီးစီးပွားရေးအပေါ်သူတို့ ဂရုပြုရမဲ့အရာတွေအပေါ်မှာလဲ ဂရုမစိုက်နိုင်ကြတော့ဘူး။ 

ဒီတော့ ဖွံ့ဖြိုးပြီးစီးပွားရေးလား ဖွံ့ဖြိုးဆဲစီးပွားရေးလားဆိုတာနဲ့ မဆိုင်တော့ဘူး။ တကမ္ဘာလုံးမှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပြဿနာတွေက အကုန်အတူတူဘဲ။

မေး။ ဒီဗိုင်းရပ်စ်ကိုကိုင်တွယ်ရာမှာ တောင်ကိုရီးယားမှာ ဆွီဒင်မှာ တွေ့ခဲ့ရတဲ့ မတူညီတဲ့ ချဉ်းကပ်မှုတွေ အပေါ်ရော ဘယ်လိုမြင်ပါသလဲ။ သူတို့က ပိုပွင့်လင်းတဲ့ချဉ်းကပ်မှုမျိုးနဲ့လုပ်ခဲ့ကြတယ်။ အသွားအလာ အဝင်အထွက်တွေပိတ်ဆို့ပစ်တဲ့ လော့ဒေါင်းလိုဟာတွေ မလုပ်ခဲ့ဘူး။ စောင့်ကြည့်တာ ပိုးစစ်ဆေးတာတွေကိုသာ အများအပြားလုပ်ခဲ့ကြတယ်။ မှန်ကန်တဲ့လမ်းကြောင်းအတိုင်းသွားနေတယ်လို့ ယူဆရတယ်။ သူတို့က ပြဿနာရဲ့ထိပ်ပိုင်းကို ကျော်ဖြတ်နေနိုင်ပြီ။ ဒီတော့ အပြည့်အဝ ပတ်ဆို့ကန့်သတ်တဲ့ လော့ဒေါင်းတွေ လုပ်ဘို့ လိုပါသလား။ 

ဖြေ။ ခင်ဗျားသိတဲ့အတိုင်းဘဲ ဒါက ဆုံးဖြတ်ချက်ချတဲ့အပိုင်းပါဘဲ။ တချို့နိုင်ငံတွေ အောင်မြင်တယ်။ တချို့ နိုင်ငံတွေကတော့ အောင်မြင်လား မအောင်မြင်ဘူးလား ကျနော်တို့ မသိရဘူး။ ပထမဆုံး ဒီလိုဆုံးဖြတ် လုပ်ကိုင်ခဲ့တာ ယူကေဘဲ။ နောက်တော့ အီတလီမှာလဲ တွေ့ရတယ်။ အစ္စရေးမှာလဲ လော့ဒေါင်းကို ဆုံးဖြတ်ချက် ရှိရှိလုပ်ကိုင်ခဲ့တယ်။ မြန်မာမှာလဲ ပိုးတွေ့လူနာတွေပေါ်လာတော့ မြန်မာက ဘယ်လိုလုပ်ခဲ့ သလဲဆိုတာ ကျနော်တို့ တွေ့ခဲ့ရတာဘဲ။ သင်္ကြန်ပွဲကို ဖျက်သိမ်းဘို့ မြန်မာအစိုးရက ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ မြန်မာပြည်သူတွေနဲ့ ကျနော့်အတွက်ရော ကြီးမားတဲ့ဒဏ်ရာဒဏ်ချက်ပါ။ မနှစ်က ဒီပွဲကို ကျနော် ကြုံခဲ့ရတယ်။ အံမခန်း ရေကစားပွဲတခုပါ။ လူတွေဟာ မြန်မာနှစ်သစ်ကူးပွဲကို အားရပါးရ ဆင်နွှဲခဲ့ကြတာပါ။ ခုတော့ ဘာမှမရှိတော့ဘူး။ ကခုန်သီဆိုစရာ စင်မြင့်တွေ မရှိတော့ဘူး။ ပွဲတွေ မရှိတော့ဘူး၊ ဂီတပွဲတွေ မရှိတော့ဘူး။ ရေမရှိတော့ဘူး။ ဒါဟာ သိပ်ကို အခံရခက်စေပါတယ်။ ဒါပေမဲ့ လူတွေက စည်းကမ်းရှိကြပါတယ်။ သူတို့ရဲ့ကျန်းမာရေးနဲ့ဘဝကို ကာကွယ်ဘို့ လိုတယ်ဆိုတာ လူတွေက သိကြပါတယ်။ ဒီလို ကာကွယ်ဘို့ ပိတ်မှဖြစ်မယ်ဆိုတာ သူတို့ သိကြပါတယ်။ ဒီလိုဆုံးဖြတ်ချက်မျိုးဘဲဖြစ်ဖြစ် နောက်ထပ် ဆုံးဖြတ်ချက်တမျိုးဘဲဖြစ်ဖြစ် လိုသလားမလိုဘူးလားဆိုတာ ဘယ်သူမှ မသိပါဘူး။ ကျနော်အစောက ပြောခဲ့သလိုပါဘဲ သမိုင်းကသာ ဒီအဖြစ်အပျက်တွေကို လေ့လာဆုံးဖြတ်ပေးသွားမှာပါ။ နောက်တခုက ပူးပေါင်းဆောင်ရွက်မှုပါ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုကို ပြောကြားခဲ့ပါတယ်။ ဒါဟာ ကိုဗစ် ၁၉ ခေတ်ဆိုးကြီးက လွတ်မြောက်ဘို့ သိပ်ကို အရေးကြီးတဲ့ အချက်ပါ။ အာဆီယံနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်လို ဂျပန်လို ကိုရီးယားလို နိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှု တခြားနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှု အစ္စရေးနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု စတာတွေဟာ အရေးကြီးပါတယ်။ အစ္စရေးနိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ အလွန် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ မြန်မာနိုင်ငံအတွက် အထူးအာရုံစိုက်ပြီး အတွေ့အကြုံတွေကို ယူလာပေးလိုပါတယ်။

အစ္စရေးနိုင်ငံက အကြီးဆုံးဆေးရုံဖြစ်တဲ့ ရှီးဘားမယ်ဒီကယ်စင်တာနဲ့ ဒီနေ့ဘဲ ဗွီဒီယိုကွန်ဖရင့်ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ ကျနော် အရင်ပြောခဲ့သလိုဘဲ ဒီဆေးရုံက ကုတင် ၂,၀၀၀ ရှိပါတယ်။ ဒီဆေးရုံက ဆရာဝန်တွေ၊ ပါမောက္ခတွေနဲ့ မြန်မာပြည်က ခေါင်းဆောင်တွေ ဆွေးနွေးပြောဆိုနိုင်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်းအစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်နဲ့ မန္တလေးက ပုဂ္ဂလိက ဆေးရုံတွေ၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ Zoom meeting မှာ လူ ပေါင်း ၃၀ လောက် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ရှီးဘားမယ်ဒီကယ်စင်တာက ပါမောက္ခ ၃ ယောက်ကို မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။ ကိုဗစ် ၁၉ လူနာတွေကို ဘယ်လိုကုသရမလဲဆိုတဲ့နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဆေးအဖွဲ့ဝင်တွေ ဆေးဝန်ထမ်းတွေ ဘယ်လိုအကာအကွယ်ပေးရမလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။ တကိုယ်ရေသုံးအကာကယ်ပစ္စည်း PPE တွေ၊ နှာခေါင်းစည်းတွေ၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေအကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားသူတဦးကို သာမန်ဆေးရုံတရုံကို ခေါ်သွားမလား ဒါမှမဟုတ် ရန်ကုန်မှာရှိတဲ့ ဝေဘာဂီ လို အထူးဆေးရုံတရုံကို ခေါ်သွားမလားဆိုတာကိုလဲ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ ခုလိုမေးခွန်းတွေနဲ့ မေးခွန်းအများအပြား ပေါ်ထွက်လာခဲ့ပြီး ဝိုင်းဝန်းဆွေးနွေးနိုင်ခဲ့ကြပါတယ်။ အစ္စရေးပါမောက္ခတွေက မြန်မာကျွမ်းကျင်သူတွေထံက ဒီလိုဆွေးနွေးချက်တွေကို ကြားချင်ကြပါတယ်။ မြန်မာပါမောက္ခတွေကလဲ အစ္စရေးလုပ်ဖော် ကိုင်ဖက်တွေထံက အတွေ့အကြုံတွေကို ရယူလိုကြပါတယ်။ 

မေး။ ဒီဆွေးနွေးပွဲအတွင်းမှာ အစ္စရေးနဲ့မြန်မာအကြား ကွာခြားချက် ကြီးကြီးမားမားရှိနေတာကို တွေ့ရတယ်။ လူဦးရေအရွယ်အစား၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းပြည့်စုံမှု စသည်ဖြင့်ပေါ့။ နှစ်နိုင်ငံအကြား တူညီတဲ့အရာတွေရော ပေါ်ထွက်လာပါသေးသလား။ မြန်မာနိုင်ငံမှာ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ နောက်ထပ် လိုနေတယ်လို့ရော ထင်ပါသလား။ 

ဖြေ။ ဒီဟာက ကပ်ရောဂါအသစ်ပါ။ ကမ္ဘာ့ကပ်ရောဂါအသစ်လဲဖြစ်ပါတယ်။ ဒီတော့ တကမ္ဘာလုံးမှာ သွင်ပြင်လက္ခဏာတွေက တူတူပါဘဲ။ ခင်ဗျားပြောခဲ့သလိုဘဲ ဆေးဝါးထောက်ပံ့မှုနဲ့ ဗိုင်းရပ်စ်ပိုးစစ်ဆေးမှုတော့ ရှိတယ်။ မြန်မာနဲ့အစ္စရေးနှိုင်းယှဉ်ပြောကြားရာမှာ ရန်ကုန်နဲ့နှိုင်းယှဉ်ပြောကြားခဲ့ကြပါတယ်။ မက်ထရိုပိုလီတန်မြို့တော် ရန်ကုန်က လူဦးရေ ၇ သန်းရှိပါတယ်။ အစ္စရေးနိုင်ငံက လူဦးရေ ၉ သန်းရှိပါတယ်။ ဒီတော့ ရန်ကုန်ဟာ အစ္စရေးနဲ့ လူဦးရေအရ အတူတူလောက်ပါဘဲ။ ပြီးတော့ ရန်ကုန်မှာ ဆေးရုံ ၁၈ ရုံရှိပါတယ်။ ကျနော်သေချာရေတွက်ထားတာ မဟုတ်ပါဘူး။ ရန်ကုန်မှာ ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပုဂ္ဂလိက ဆေးရုံတွေဟာ ကမ္ဘာ့ကပ်ရောဂါအတွက် သင့်လျော်ကောင်းမွန်ခြင်း မရှိပါဘူး။ အရင်းအမြစ်ထောက်ပံ့မှုတွေရရှိဘို့ မြန်မာနိုင်ငံဟာ အများအပြား လိုအပ်နေပါတယ်။ တရုတ်၊ ကိုရီးယား၊ ဂျပန်နဲ့တခြားနိုင်ငံတွေက ရရှိခဲ့သလိုမျိုးပေါ့။ ဒါပေမဲ့ အသိပညာဟာလဲ အလွန့်အလွန်ကို အရေးပါတယ်လို့ ကျနော်ထင်ပါတယ်။ အကွာအဝေးကွာလှမ်းတာကြောင့် ကျနော်တို့ မြန်မာနိုင်ငံကို မထောက်ပံ့နိုင်တာ ဖြစ်ကောင်းဖြစ်မယ်။ အခုက လေကြောင်းလိုင်းတွေလဲ ရပ်ကုန်ပြီကိုး။ ဒါပေမဲ့ အတွေ့အကြုံနဲ့ အသိပညာဖလှယ်တာကိုတော့ ဗွီဒီယိုကွန်ဖရင့်တွေသုံးပြီး လုပ်လို့ရပါတယ်။ ဒါဟာ တံခါးပိတ်ထားတာ မဟုတ်ပါဘူး။ တံခါးဖွင့်ထားတာပါ။ 

ကျနော်ခင်ဗျားကို တခုပြောချင်တယ်။ ကိုဗစ် ၁၉ မတိုင်ခင် မြန်မာနိုင်ငံမှာရှိတဲ့အစ္စရေးသံရုံးက လုပ်နေတဲ့ အလုပ်တွေထဲက အရေးပါဆုံးအလုပ်က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဘဲ။ ကျန်းမာရေးစောင့်ရှောက်မှု ဒေါက်တိုင်ကြီးဘဲ။ ပါမောက္ခတွေနဲ့ရော ကျန်းမာရေးဝန်ကြီးဌာနနဲ့ရော စကားတွေပြောခဲ့တယ်။ ရန်ကုန် နေပြည်တော်က ကျန်းမာရေးကဏ္ဍနဲ့လဲ စကားတွေပြောခဲ့တယ်။ အစ္စရေးနဲ့ မြန်မာနိုင်ငံက ဆေးရုံတွေအကြား ဆက်ဆံရေးတွေအကြောင်း ပြောခဲ့ကြတယ်။ ဒီအလုပ်တွေကို ကိုဗစ် ၁၉ ခေတ်အလွန်မှာလဲ ဆက်လုပ်သွားမယ်။ မြန်မာနိုင်ငံကို ရောက်ပြီး ၁၈ လအတွင်း မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ အိပ်ယာကနှိုးတဲ့အလုပ်ကိုတော့လုပ်နိုင်ခဲ့ပြီလို့ ကျနော်ထင်ပါတယ်။ 

မြန်မာခေါင်းဆောင်တွေ၊ မြန်မာအောက်ခြေက ပုဂ္ဂိုလ်တွေ၊ မြန်မာပရော်ဖက်ရှင်နယ်တွေအားလုံးဟာ မြန်မာနိုင်ငံအတွက် အများကြီးလုပ်ဘို့ လိုသေးတယ်ဆိုတာ သိကြပါတယ်။ တိုင်းပြည်ရဲ့ကျန်းမာရေး စောင့်ရှောက်မှုမှာ ဘတ်ဂျက်အများကြီးသုံးရမယ်ဆိုတာလဲ သိကြပါတယ်။ ကိုဗစ်၁၉ ဟာ မြန်မာနိုင်ငံကို လှုပ်နှိုးလိုက်တဲ့ ခေါ်သံတခုလို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ ပထမဆုံးတခုတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အဆင့်မမြှင့်တင်နိုင်ခဲ့လို့ ခုလိုဗိုင်းရပ်စ်အခြေအနေရောက်ခဲ့တာလဲ မဟုတ်ပါဘူး။ ကျနော်တို့ နားလည်ပါတယ်။ နေပြည်တော်က ဝန်ကြီးဌာနတွေနဲ့ ကျနော်တို့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ မြန်မာနိုင်ငံအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမှုတွေကို ဆက်လုပ်သွားမှာပါ။ နှစ်နိုင်ငံအကျိုးရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ။ 

မေး။ မြန်မာနိုင်ငံအတွက် ပြဿနာတခုက ရွာတွေကို အများအပြားပြန်သွားကြပြီး တိုင်းပြည်အနှံ့ရောဂါတွေ ပျံ့နေတာဘဲ။ အခြေခံအားဖြင့် သူတို့ကို စောင့်ကြည့်တာလဲ မရှိဘူး။ အိမ်ပြန်ရောက်မယ်။ အသားအရေအရောင်နည်းနည်းလောက် ပြောင်းတယ်လို့ ထင်မယ်။ ပြဿနာက ပိုးကို မစစ်နိုင်ဘူး။ လူတွေမှာက ရှိရင်းစွဲ ရောဂါတွေ ရောဂါအခံတွေကလဲ အများကြီး။ ဒီတော့ ဗိုင်းရပ်စ်အသစ်ဝင်လာတာကို ဖုံးကွယ်ထားပေးသလိုဖြစ်နေတာ။ အသက်ရှူလမ်းကြောင်းပြဿနာဆိုတာလဲ မြန်မာနိုင်ငံအတွင်းမှာ အနှံ့အ ပြားဖြစ်နေတာ။ ဒီတော့ လူတွေက သာမန်လို့ဘဲ ထင်တယ်။ သူ့အလိုလိုပျောက်သွားတာလဲရှိတယ်။ သိပ် အခြေအနေဆိုးလာတဲ့အခါလဲ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းပစ္စယတွေနဲ့ မနီးစပ်တာမျိုးဖြစ်နိုင်တယ်။ ဒီပြဿနာနဲ့ပတ်သက်လို့ အကြံပေးစရာများရှိပါသလား။ 

ဖြေ။ ဒီမေးခွန်းကိုမေးတဲ့အတွက် ခင်ဗျားကို သိပ်ကျေးဇူးတင်ပါတယ်။ မဇ္စျိမကိုလဲ ဒီလိုအခွင့်အလမ်းမျိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတာ့ ဒီအကြောင်းအရာဟာ ပြောဆိုခဲ့တဲ့ စဉ်းစားခဲ့တဲ့ အကြောင်းအရာတွေ ဖြစ်နေလို့ပါဘဲ။ တိုင်းပြည်တိုင်းရဲ့ အစွန်အဖျားနယ်ပယ်တွေဟာ အရေးကြီးတယ် မြန်မာပြည်အတွက်လဲအရေးကြီးတာဘဲ။ ဗဟိုအနေနဲ့ဒီနယ်ပယ်တွေအတွက် စဉ်းစားလုပ်ဆောင်ရမယ်။ အကျိုးရှိအောင် လုပ်ပေးရမယ်။ စီးပွားရေးအတွက်လဲ ဒီအတိုင်းဘဲ။ စီးပွားရေးလုပ်ငန်းတွေအတွက်၊ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေအတွက်၊ လျှပ်စစ်အတွက်၊ စိုက်ပျိုးရေးအတွက်၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လုပ်ပေးရမယ်။ အခု ကိုဗစ် ၁၉ ကာလမှာ နောက်ထပ်ဗွီဒီယိုကွန်ဖရင့်နဲ့ ထပ်ဆွေးနွေးခွင့်ရခဲ့တယ်။ အခြားတဘက်ကကြည့်ရင် ကိုဗစ် ၁၉ ဟာ အင်ဂျင်အမျိုးအစားတခုဘဲ။ အစ္စရေးနိုင်ငံက ဉာဏ်ရည်တုနည်းပညာကုမ္ပဏီ Binah အကြောင်း နောက်ထပ် ဗွီဒီယိုကွန်ဖရင့်နဲ့ဆွေးနွေးနိုင်ခဲ့တယ်။ သူတို့က မိုဘိုင်းအက်ပလီကေးရှင်းတခု တီထွင်ခဲ့ပြီး လူနာတယောက်ဟာ မိုဘိုင်းဖုံးသာ လက်ထဲရှိနေရင် သူ့အကြောင်းသိနိုင်မယ်။ ဒါဟာ ကိုဗစ် ၁၉ တခုထဲအတွက် မဟုတ်ဘူး။ ကုသမှု ကောင်းကောင်းပေးနိုင်မယ် နိုင်ငံတဝှမ်းကလူနာတွေအတွက် အင်တာနက်ကို သုံးပြီး မိုဘိုင်းဖုံးကိုသုံးပြီး အခြေအနေတွေကို‌‌ လေ့လာပြီး ရောဂါအမည်တပ်ပေးနိုင်မယ်။ ဒါကို ဒစ်ဂျစ်တယ်ဆေးပညာလို့ ခေါ်တာဘဲ။ ဒီကုမ္ပဏီနဲ့ ကမ္ဘာတဝှမ်းက နည်းပညာကုမ္ပဏီတွေဟာ ဒီလိုအံ့မခန်းနည်းပညာတွေကို တီထွင်နေကြတယ်။ အထူးသဖြင့် ဗဟိုမှာဘဲရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေနဲ့ ဆေးရုံတွေကို ဒီနည်းနဲ့ အကူအညီပေးနေကြတယ်။ အကောင်းဆုံးဆေးရုံတွေဆိုတာလဲ အစ္စရေးဘဲဖြစ်ဖြစ် မြန်မာဘဲဖြစ်ဖြစ် ဘယ်နိုင်ငံဘဲဖြစ်ဖြစ် အကြီးဆုံးမြို့ကြီးတွေမှာဘဲ ရှိကြတာဘဲ။ ဒီတော့ ဒီလိုမြို့ကြီးတွေမှာဘဲရှိတဲ့ဆေးရုံကြီးတွေက ဆရာဝန်တွေ၊ ပါမောက္ခတွေက အစွန်အဖျားကျေးရွာတွေမှာရှိတဲ့ လူနာတွေရဲ့အခြေအနေကို ခင်ဗျားပြောသလိုဘဲ စောင့်ကြည့်စစ်ဆေးပေးနိုင်လိမ့်မယ်။ လူနာရဲ့အသားအရေကို ကြည့်ပြီး ဘာတွေစစ်ဆေးပေးရမလဲဆိုတာ သိနိုင်မယ်။ ပထမတော့ ကျေးရွာဆရာဝန်နဲ့ပြ နောက်တော့ အစွန်အဖျားဒေသကလူနာတွေကို ဆေးရုံတွေမှာရှိတဲ့ ဒေတာအချက်အလက်တွေသုံးပြီး ဆက်ပြီးအကူအညီပေးနိုင်မယ်။

ဒီတော့နည်းပညာက ရှိနေပြီးသားဘဲ။ ခင်ဗျားတို့ လုပ်ဘို့လိုနေတာက သူ့အကြောင်းနားလည်ဘို့နဲ့ ဒီနည်းပညာကို ရအောင်ယူနိုင်ဘို့ဘဲ။ ပြီးတော့ ကိုယ့်အတွက် အကျိုးရှိအောင်သုံးဘို့ဘဲ။ ကျနော်တို့ အမြဲတမ်းပြော‌‌လေ့ရှိတာက ဘတ်ဂျက်နဲ့ဆိုင်တယ်၊ ငွေရဘို့ လိုတယ်ဆိုပြီး။ ငွေက ပြေလည်အောင် လုပ်လို့ ရနိုင်တယ်လို့ ကျနော်ထင်တယ်။ အရေးအကြီးဆုံးက တိုင်းပြည်တွေအကြား၊ သိပ္ပံပညာရှင်တွေအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ဘို့ဘဲ။ သုတေသနနဲ့ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို ဖြည့်ဆီးပေးနိုင်မဲ့ နိုင်ငံတွေအကြား လူထုချင်းအကြား ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်ဘို့ဘဲ။

မေး။ မှန်ပါတယ်။ အခုကမ္ဘာတဝှမ်းမှာ ဒီအက်ပ်တွေဆီကို ဦးတည်ပြီးသွားနေပြီဆိုတာ တွေ့နေရပြီ။ မိုဘိုင်းဖုံးနဲ့လူတွေကို စစ်ဆေးနိုင်တော့မယ်။ အနီလား အစိမ်းလား  လိမ္မော်လား အမှန်တကယ် တိတိကျကျ ခွဲခြားစစ်ဆေးပေးနိုင်တော့မယ်။ ဒီနည်းနဲ့ ခင်ဗျား နားက တ‌‌‌ယောက်က အနီရောင်အန္တရာယ် သင်ကေတပြနေရင် ရောဂါကူးနေပြီဆိုရင် ခင်ဗျားကို သတိပေးနိုင်မယ်။ ဒါပေမဲ့လူတွေကလဲ စိုးရိမ်လာကြတယ်။ သူတို့ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံခွင့်ကို ထိခိုက်မလားဆိုပြီး။ ဒါပေမဲ့  ခုပြောနေတာတွေက ကျန်းမာရေး ပြဿနာတွေဖြစ်နေတော့ သူတို့က ပိုအရေးကြီးပါတယ်။ မဟုတ်ဘူးလားခင်ဗျာ။

ဖြေ။ သိပ်မှန်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ ထားရှိဘို့လိုပါတယ်။ သိပ်ကို ကောင်းမွန်တဲ့စည်းမျဉ်း စည်းကမ်းတွေ လိုပါတယ်။ ခင်ဗျားတို့ လွှတ်တော်ကလဲ ကောင်းမွန်တဲ့ ဥပဒေပြုလုပ်ငန်းတွေ လုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ်တွေမှာလဲ ဥပဒေပြုလွှတ်တော်တွေရှိနေပါတယ်။ လူပုဂ္ဂိုလ်လွတ်လပ်ခွင့်ကို မထိခိုက်အောင် စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိမ်းသိမ်းလုပ်ဆောင်ဘို့ လိုပါတယ်။ ခင်ဗျားသိတဲ့အတိုင်း အစ္စရေးက သက်တမ်းရင့်ဒီမိုကရေစီနိုင်ငံဆိုတော့ မြန်မာနိုင်ငံကို ဒီကိစ္စမှာ အကူအညီပေးနိုင်ပါတယ်။ ၇၂ နှစ်ဆိုတာ သက်တမ်းရင့်ဒီမိုကရေစီနိုင်ငံပါဘဲ။ မြန်မာနိုင်ငံမှာ အကောင်းဆုံးဥပဒေပြု လုပ်ငန်းနဲ့စည်းမျဉ်းစည်းကမ်းထုတ်ပြန်နိုင်ရေးအတွက် ကျနော်တို့ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါဟာ အလွန်အရေးကြီးတဲ့ မျှတအောင်ဆောင်ရွက်ရတဲ့လုပ်ငန်းပါ။ အစ္စရေးမှာလဲ ဒါမျိုးကို အခါအား‌လျော်စွာ တွေ့ရပြီး အကိုကြီးရဲ့နည်းပညာနဲ့‌ထောက်လှမ်းစောင့်ကြည့်ခံရမှုဆိုတာရှိပါတယ်။ လူတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို မချိုးဖောက်ဘဲ လူတွေကိုအကူအညီပေးရပါမယ်။ 

ဒီတော့ဒီကိစ္စတွေမှာ အစ္စရေးက မြန်မာနိုင်ငံကို အကူအညီပေးနိုင်ပါတယ်။ တခြားနိုင်ငံတွေကလဲ အကူ အညီပေးနိုင်ပါတယ်။ ကျနော်စိတ်ဝင်စားတာက မြန်မာနိုင်ငံနဲ့ မြန်မာ အစ္စရေးဆက်ဆံရေးပါ။

မေး။ ဒါကို ဘယ်လိုမြင်ပါသလဲ။ ကမ္ဘာတဝှမ်းဖြစ်ပျက်နေတာတွေကို သိဘို့သိပ်ခက်ပါတယ်။ နောက် ၆ လအတွင်း အစ္စရေးမှာ ဘာဖြစ်မလဲ မြန်မာနိုင်ငံမှာဘာဖြစ်မလဲ။ 

ဖြေ။ ခင်ဗျားသိတဲ့အတိုင်းဘဲ ဘယ်သူက ခန့်မှန်းနိုင်မှာလဲဗျာ။ ဥပမာပြောရရင် ရာသီဥတုတွေက ကွဲပြားကြတယ်။ ဒီမှာ တုပ်ကွေးဖြစ်တာက မိုးရာသီ။ အစ္စရေးမှာ နွေရာသီက ဇွန်၊ ဇူလိုင်၊ ဩဂုတ် စက်တင်ဘာတွေမှာ။ အစ္စရေးမှာ တုပ်ကွေးကို ဆောင်းရာသီမှ တွေ့ရတယ်။ အစ္စရေးမှာ မိုးရာသီက နိုဝင်ဘာကနေ ဖေဖော်ဝါရီအထိ။ တုပ်ကွေးပေါ်တဲ့အချိန်တိုင်းလဲ ပိုးက အသစ်ဖြစ်နေတယ်။ ဒီတော့ ကိုရိုနာဗိုင်းရပ်စ် ၁၉၊ ၂၀၊ ၂၁ ဆိုပြီးဖြစ်နေမှာ။ ဗိုင်းရပ်စ်ဟာ ပုံစံတခုကနေ နောက်ပုံစံတခုကို အပြောင်းမှာ အင်အားချည့် နဲ့သွား‌‌‌လေ့ရှိတယ်လို့ ပညာရှင်တွေက ပြောကြတယ်။ ဒီတော့ အကောင်းဘက်မျှော်လင့်ကြတာပေါ့။ ဒီနေ့ ကျနော်ပြောနိုင်တာကတော့ အစ္စရေးက ဝိုက်ဇ်မန်အင်စတီကျုက အထူးသုတေသနတခုကို လုပ်နေပါ တယ်။ ဇီဝသု‌တေသနလုပ်ငန်းက ဗိုင်းရပ်စ်ပိုးရဲ့ အီဗော်လူးရှင်းဖြစ်စဉ်ကို ‌လေ့လာနေပါတယ်။ အီဗော်လူရှင်းဖြစ်စဉ်ရဲ့စာရင်းအင်းအချက်အလက်တွေကို လေ့လာနေပါတယ်။ ဒါဟာ ဇီဝဗေဒထက် သင်္ချာပိုဆန်ပါတယ်။ သင်္ချာနဲ့ဇီဝဗေဒပေါင်းစပ်ထားတာပါ။ အစ္စရေးမှာ ဒီအလုပ်ကို ပြင်းပြင်းထန်ထန်လုပ်ကိုင်နေပါတယ်။ ကျန်တဲ့အရှေ့နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေကလဲ လုပ်ကိုင်နေမှာပါ။ နောက် ၃ လစာ ၆ လစာ အတွက် ကျနော် မပြောနိုင်ပါဘူး။ တုပ်ကွေးဆိုတာ ရှိနေသမျှ လူသားတွေဟာလဲ ဗိုင်းရပ်စ်ပိုးနဲ့ထာဝရ နေသွားရမှာပါဘဲ။ 

ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တာကို ထပ်ပြီး သတိပေးပါရစေ။ သူဟာ အစ္စရေး‌ခေါင်းဆောင်တွေလိုဘဲ နိုင်ငံအချင်းချင်းအကြား လူသားအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်ဘို့ဘဲ ပြောခဲ့ပါတယ်။ 

မေး။ ဟုတ်ကဲ့။ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့အကြံအစည်ဟာ သိပ်ကောင်းတဲ့အချက်ပါ။ ‌ခေါင်း ၂ ‌ခေါင်း ပေါင်းလုပ်တာက တ‌ခေါင်းထဲလုပ်တာထက် ပိုကောင်းပါတယ်။ အစ္စရေးမှာရှိတဲ့ကျန်းမာရေးပစ္စည်းတွေက ပိုစုံ ပိုကောင်းတာကြောင့် မြန်မာနိုင်ငံအတွက် ထူးထူးခြားခြားပြောင်းလဲမှုဖြစ်စေမှာပါ။ တဦးကို တဦး ကူညီပြီး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ကိုင်သွားမယ်ဆိုတာ သိပ်ကောင်းပါတယ်။ 

ဖြေ။ ဒါကို ကျနော်လုံးဝသဘောတူပါတယ်။ အစ္စရေးသံရုံးဒီမှာရှိနေတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ ၆၅ နှစ်‌လောက်ရှိပါတော့မယ်။ ခေတ်သစ်မြန်မာနိုင်ငံဟာ အစ္စရေးနိုင်ငံကို အရှေ့တောင်အာရှမှာ ပထမဆုံး အသိအမှတ်ပြုတဲ့နိုင်ငံပါ။ မြန်မာနိုင်ငံပထမဆုံးဝန်ကြီးချုပ်နဲ့ အစ္စရေးနိုင်ငံပထမဆုံးဝန်ကြီးချုပ်တို့အကြားမှာ ကြီးမားတဲ့ချစ်ခင်ရင်းနှီးမှုရှိခဲ့ပါတယ်။ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနဲ့ပတ်သက်ပြီး ကျနော်တို့ အများကြီးသိထားပြီးပါပြီ။ အနာဂတ်လမ်းကြောင်းမှာလဲ လူသားဖြစ်မှုနဲ့သဘာဝအပေါ် ရှိနေတဲ့ စိန်‌ခေါ်မှုတွေကို ရင်ဆိုင်‌လျှောက်လှမ်းသွားမှာပါ။ ဒါဟာ ခင်ဗျားပြောတဲ့ပူးပေါင်းဆောင်ရွက်မှုပါဘဲ။ 

မေး။ ဆွေးနွေးမေးမြန်းရတာ သိပ်ကို အဓိပ္ပါယ်ရှိပါတယ်။ သံအမတ်ကြီးကို အထူးဘဲကျေးဇူးတင်ပါတယ်။ ဒါဟာ ကျနော်တို့အတွက် အလွန်အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုဆက်လက်စောင့်ကြည့်လေ့လာနေပြီး နောက်တခါပြန်တွေ့တဲ့အခါ တိုးတက်မှုရှိတဲ့အကြောင်းအရာတွေကို ကျနော်တို့ ပြန်လည်ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly